ယခု ဘဏ္ဍာရေးနှစ် ပထမ တလခွဲအတွင်း မြန်မာ၏ စုစုပေါင်း ကုန်သွယ်ရေး ၆.၈ ရာခိုင်နှုန်းကျဆင်းခြင်းမှာ တရားဝင် နယ်စပ်ကုန်သွယ်ရေး ကျဆင်းခြင်းကြောင့် ဖြစ်ပုံရသည်။ ထိုနယ်စပ်စခန်းများတွင် ကုန်သွယ်မှုသည် ယခင်နှစ် အလားတူကာလကထက် ၄၈ ရာခိုင်နှုန်းလျှော့ကျကြောင်း စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်သည့် စာရင်းများတွင် ဖေါ်ပြထားသည်။
မြန်မာနိုင်ငံ၏ စုစုပေါင်း သွင်းကုန် ပို့ကုန်သည် ယခင်နှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၃.၇၉ ဘီလီယံရှိရာမှ လက်ရှိဘဏ္ဍာရေးနှစ် ပထမ တလခွဲတွင် ၆.၈ ရာခိုင်နှုန်းကျဆင်းပြီး အမေရိကန် ဒေါ်လာ ၃.၅၃ ဘီလီယံသာ ရှိသည်။ သွင်းကုန်တန်ဖိုး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁.၇၇ ဘီလီယံရှိပြီး ပို့ကုန်တန်ဖို့ စုစုပေါင်း ၁.၇၆ ဘီလီယံသာရှိကြောင်း အထက်ပါ ဝန်ကြီးဌာနကိန်းဂဏန်းများအရ သိရသည်။
တရားဝင်နယ်စပ်စခန်းများမှ ကုန်သွယ်မှုသည် ဧပြီလ ၁ ရက်နေ့မှ မေလ ၁၇ ရက်နေ့အတွင်း အကြီးအကျယ် ကျဆင်းသည်။ ယခင်နှစ်က ထိုနယ်စပ်စခန်းများမှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁.၀၁၃ ဘီလီယံရှိရာမှ ယခုနှစ်တွင် အမေရိကန် ဒေါ်လာ ၆၈၄ သန်းဖိုးသာရှိတော့ကြောင်း အထက်ပါဝန်ကြီးဌာန၏ စာရင်းတွင် ဖေါ်ပြထားသည်။
ထိုသို့ အကြီးအကျယ် ကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ပဋိပက္ခကြောင့် တရုတ်နယ်စပ်မှ ကုန်သွယ်ရေး စခန်းများ ပိတ်ရခြင်းဖြစ်ကြောင်း ကုန်သည်များပြောသည်။ သို့သော် ကုန်သွယ်ရေးစခန်းများ ဖွင့်ထားသည့်နေရာများတွင်ပင် လမ်းကြောင်းများသည် မလုံခြုံတော့ကြောင်း ကုန်သည်များပြောသည်။
နယ်စပ် ကုန်သွယ်ရေးတွင် အန္တရာယ် မြင့်မားလာကြောင်း မြန်မာမှ တင်သွင်းသူများသာမက တင်ပို့သူများပါ ပြောသည်။ ထို့အပြင် တရုတ်မှ ကုန်တင်သွင်းသူများသည် ၎င်းတို့ထံ ကုန်ပစ္စည်း ရောက် မရောက် မသေချာသောကြောင့် လယ်ယာထုတ်ကုန်ကဲသို့သော မြန်မာမှ ပစ္စည်းများကို မဝယ်ယူလိုတော့ကြောင်း တင်ပို့သူများပြောသည်။ ပဋိပက္ခက ကုန်သွယ်ရေးကို ဖြတ်တောက်မည့် အန္တရာယ်ကြောင့် ကုန်ကျစရိတ် တက်လာပြီး မြန်မာစားသုံးသူများ၏ ငွေသုံးနိုင်အားလည်း ကျဆင်းလာကြောင်း မြန်မာမှတင်သွင်းသူများပြောသည်။
မြန်မာတွင် တရုတ်နှင့် တရားဝင်ကုန်သွယ်ရေးစခန်း ၅ ခုရှိသည်။ ချင်းရွှေဟော်ကို ညီနောင်မဟာမိတ်အဖွဲ့က ၁၀၂၇ စစ်ဆင်ရေးအစ လွန်ခဲ့သောနှစ် အောက်တိုဘာလတွင် ရှမ်းပြည်မြောက်ပိုင်းမှ စစ်ကောင်စီစခန်းများကို ချေမှုန်းစဉ်ကတည်းက သိမ်းပိုက်ထားသည်။
ညီနောင်မဟာမိတ်အဖွဲ့ဝင် MNDAA သည် ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းကို မတ်လတွင် ပြန်လည်ဖွင့်လှစ်သော်လည်း နယ်စပ်နှစ်ဘက်လုံးမှ ကုန်သွယ်မှု မရှိပေ။
ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနစာရင်းများတွင် ထိုကာလအတွင်း ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန်စာရင်း မပါဝင်ပေ။
တရုတ်နှင့် ကုန်သွယ်ရေး နောက်စခန်းတခုဖြစ်သော ကချင်ပြည်နယ် လွယ်ဂျယ်ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် မဟာမိတ်များက ဧပြီလ ၁ ရက်နေ့တွင် သိမ်းပိုက်သည်။ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ မြန်မာသည် ထို ၄၇ ရက်ကြာကာလအတွင်း လွယ်ဂျယ်မှ အမေရိကန်ဒေါ်လာ ၁.၂ သန်းဖိုး တင်သွင်းပြီး မည်သည့်ပစ္စည်းမျှ တင်ပို့ခြင်းမရှိပေ။
၂၀၂၃ ခုနှစ် အလားတူကာလတွင် လွယ်ဂျယ်နယ်စပ်စခန်းသည် အမေရိကန်ဒေါ်လာ ၁၃ သန်းဖိုး ကုန်သွယ်ခဲ့ပြီး ချင်းရွှေဟော်က အမေရိကန်ဒေါ်လာ ၉၉ သန်းဖိုး ကုန်သွယ်ခဲ့သည်။
မြန်မာနိုင်ငံအနောက်ပိုင်းတွင် စစ်တွေနှင့် မောင်တောကို ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများအဖြစ် သတ်မှတ်သည်။ စစ်တွေသည် ဆိပ်ကမ်းတခုဖြစ်သော်လည်း ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်ရေး တခုလုံးနီးပါးကို ကိုင်တွယ်သောကြောင့် နယ်စပ်ကုန်သွယ်ရေးစခန်းတခုအဖြစ် သတ်မှတ်ထားသည်။ အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီကြား တိုက်ပွဲအရှိန် မြင့်မားနေသောကြောင့် ဧပြီလ ၁ ရက်နေ့မှ မေလ ၁၇ ရက်နေ့အတွင်း ထိုနယ်စပ်စခန်းများတွင် မည်သည့်ကုန်သွယ်မှုမျှ မရှိပေ။ ၂၀၂၃ ခုနှစ် အလားတူကာလအတွင်း ထိုနယ်စပ်စခန်း ၂ ခုသည် ကုန်သွယ်မှု အမေရိကန် ဒေါ်လာ တသန်းဖိုးခန့် ကုန်သွယ်ခဲ့သည်။
အရှေ့ပိုင်းတွင် မြန်မာသည် ထိုင်းနယ်စပ်တွင် တရားဝင် ကုန်သွယ်ရေးစခန်း ၆ ခုရှိသည်။ တာချီလိတ်၊ ကော့သောင်း၊ မြိတ်နှင့် မိုးတောင် ကုန်သွယ်ရေးစခန်းများ ယခုနှစ် ဧပြီလ ၁ ရက်နေ့မှ မေလ ၁၇ ရက်နေ့အထိ ကာလအတွင်း ယခင်နှစ် အလားတူကာလက ကုန်သွယ်မှုထက် အနည်းငယ်ကျဆင်းသည်။
ကရင်ပြည်နယ်မှ စစ်ပွဲကြောင့် မြဝတီနယ်စပ်စခန်းမှ ထိုင်းနှင့် ကုန်သွယ်ရေး အမေရိကန် ဒေါ်လာ ၁၆၅ သန်းဖိုး ကျဆင်းပြီး ထီးခီးစခန်းမှ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၅၅ သန်းဖိုးကျဆင်းသည်။
တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှုပမာဏသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် စတင် ကျဆင်းပြီး ကနဦးက တဖြည်းဖြည်းကျဆင်းမှုသည် ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်းနှင့် ရခိုင်ပဋိပက္ခ ပြန်လည်စတင်ပြီးနောက်တွင် အရှိန်ရလာသည်ဟု ပို့ကုန်သွင်းကုန်သမားများပြောသည်။
“အခုလောလောဆယ် တရုတ်ကကုန်တွေကို ထိုင်းကတဆင့် အခြားလမ်းကြောင်းတွေက တင်သွင်းဖို့ စီစဉ်နေတုန်းပဲ” ဟု တရုတ်မှ ကုန်ပစ္စည်းတင်သွင်းသည့် သွင်းကုန်သမားတဦးပြောသည်။
အခြား သွင်းကုန်သမားများကလည်း သဘောတူကြပြီး တရုတ်နိုင်ငံမှ သွင်းကုန်များကို သယ်ယူရန် ထရပ်ကားများ စေလွှတ်ထားကြောင်း ထုံးစံအားဖြင့် ထိုင်းနိုင်ငံတက်ခ် ပြည်နယ် မဲဆောက်နှင့် မျက်နှာချင်းဆိုင် မြဝတီမှ တင်သွင်းကြောင်း ပြောသည်။
တခါတရံ ၎င်းတို့သည် တရုတ်မှ ကုန်ပစ္စည်းများ ထိုင်းနိုင်ငံ ရနောင်းမှ မြန်မာနိုင်ငံကော့သောင်းသို့ တင်သွင်းကြောင်း ၎င်းတို့ပြောသည်။
ထိုလမ်းကြောင်း ၂ ခုလုံးသည် အကုန်အကျများပြီး ထိုင်းနယ်စပ် တလျှောက်မှ တိုင်းရင်းသားတပ်မတော်များနှင့် တိုက်ပွဲများကြောင့် မတည်ငြိမ်ကြောင်း ကုန်သည်များပြောသည်။ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်မြင့်မားခြင်းကြောင့် စားသုံးသူများအတွက် ဈေးနှုန်းများမြင့်မားပြီး ငွေကြေးဖေါင်းပွမှုဖြစ်စေကြောင်း ကုန်သည်များပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Cross-Border Trade Plunges 48% in Myanmar as Ethnic Armies Seize Control ကို ဘာသာပြန်သည်။)
You may also like these stories:
တဒေါ်လာ ၂၁၀၀ ကျပ် နှုန်းထား စစ်ကောင်စီ ဖျက်သိမ်းလိုက်ပြီလား
ကမောက်ကမဖြစ်နေတဲ့ သီးနှံဈေးကွက်
ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားတွေက ဝယ်မှာလား
ရခိုင်နှင့် ပြည်မ ဆက်ထားသောလမ်းများ စစ်ကောင်စီ ပြန်ဖွင့်
မြန်မာ့စီးပွားရေး ဆက်လက် ထိုးဆင်းနေ