ရှမ်း၊ ကချင်၊ ကရင်နှင့် ရခိုင်ပြည်နယ်တို့မှ တိုက်ပွဲတို့ကြောင့် နယ်စပ်ကုန်သွယ်ရေးလမ်းများ ပိတ်သွားရာ ပို့ကုန်သွင်း ကုန် များကို တနင်္သာရီတိုင်း ကော့သောင်း- ရနောင်း လမ်းကြောင်းတခုတည်းမှသာ ပိုမိုလုပ်ဆောင်လာသည်ကို တွေ့ရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ ကော့သောင်း- ရနောင်း နယ်စပ်ကုန်သွယ်ရေးမှာ ၂၀၂၃ ဧပြီလ ၁ မှ မေလ ၁၀ ရက်အထိ အမေရိကန် ဒေါ်လာ ၃ ဒသမ ၃၄၅ သန်းသာရှိသော်လည်း ၂၀၂၄ခုနှစ် ကာလတူ တွင် ၂၈ ဒသမ ၅၆၁ သန်း အထိ ရုတ်ချည်း တက်လာသည်ကို တွေ့ရသည်။
လက်ရှိတွင် ပြောင်း၊ ရာဘာ၊ ရေထွက်ကုန် စသည့်တို့ကို ရန်ကုန်မှ ကော့သောင်း ထိုမှတဆင့် ရနောင်းသို့ ပြည်တွင်း ရေကြောင်းကမ်းရိုးတန်းသွား သင်္ဘောများဖြင့် တင်ပို့နေသလို တရုတ်မှ တင်သွင်းသည့် စားသောက်ကုန်၊ လူသုံးကုန်၊ လျှပ်စစ်ပစ္စည်းတို့မှာလည်း ထိုင်းနိုင်ငံအား ကြားခံ၍ ရနောင်းမှတဆင့် ပင်လယ်ရေကြောင်းဖြင့် ကော့သောင်း – ရန်ကုန် သို့ တင်သွင်းမှုများ ပြုလုပ်နေကြောင်း ကုန်သည်များက ဆိုသည်။
ထို့အတွက် ရခိုင်ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောများသည်ပင် ရန်ကုန်-ကော့သောင်းဘက်သို့ ပြောင်းလဲ ပြေးဆွဲလာနေကြောင်း သိရသည်။
ကော့သောင်း-ရနောင်းနယ်စပ်ကုန်သည်ကြီး တဦးက “ကုန်သွယ်မှုကတော့ တက်လာတယ်။ ပမာဏ အတိအကျ ပြောလို့ မရပေမယ့် တရက်ကို ကော့သောင်းမှာ သင်္ဘောအဝင်အထွက်က အစီး၃၀ လောက် ရှိတယ်။ အရင်၁၅ စီးလောက်ပဲ ရှိ တာ။ ရခိုင်သွားတဲ့ သင်္ဘောတွေဆိုရင် အခု ကျနော်တို့ဘက်မှာ ပြေးဆွဲလာတာမျိုးတွေ ရှိပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ လောက်ကစပြီး ကုန်သွယ်မှုက တိုးလာတာ အခုကော့သောင်းကို ဝင်လာပြီး ပစ္စည်းတင်ပြီး စစ်ဆေးတဲ့စနစ်ကတော့ ၈၀ ရာခိုင်နှုန်းလောက်ကို စနစ်တကျ စစ်ဆေးတာမျိုးတွေ ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ ဝင်ရောက်လာသည့် ကုန်များကို ကော့သောင်းမှတဆင့် ပြည်တွင်းသို့ သယ်ယူရာတွင် ကော့သောင်း -ဘုတ်ပြင်း- မြိတ်- ထားဝယ်- မော်လမြိုင်- ပဲခူး- ရန်ကုန် ကားလမ်းတလျှောက် တံတားများ ကျိုးခြင်း၊ လမ်းများပိတ်ခြင်း၊ တိုက်ပွဲများ ဖြစ်နေခြင်းတို့ကြောင့် နှောင့်နှေး ကြန့်ကြာနေသဖြင့် ရန်ကုန်သို့ ရေလမ်းမှသာ အများဆုံးသယ်ပို့ကြကြောင်း ၎င်းက ပြောသည်။
“အခု ပြောင်းရာသီလည်း ဖြစ်နေတော့ အဆင်းကုန်ကို ပြောင်းနဲ့လာပြီး အပြန်ကို ဒီဘက်က ကုန်တွေ ပြန်ယူသွား ကြ တယ်။ သင်္ဘောနဲ့ သွားတဲ့အခါ ကျနော်တို့တွေက မြိတ်ကို Check Point လုပ်ပြီး သွားတာရှိတယ်။ ကော့သောင်းမှာ ပစ္စည်းသယ်တဲ့အခါမျိုးကျ ကော့သောင်းကနေ သင်္ဘောတွေက Check Point လုပ် စစ်ဆေးခံပြီး သွားတာ ရှိတယ်” ဟု အဆိုပါ ကုန်သည်က ရှင်းပြသည်။
အဆိုပါ နယ်စပ်ဂိတ်မှ အဓိက တင်ပို့သောကုန်စည်မှာ ပြောင်းဖြစ်ပြီး ရေထွက်ကုန်၊ ဆီအုန်းကြိတ်ဖက်၊ ကြက်သွန် အစရှိသည်တို့ကိုလည်း တင်ပို့နေသလို ရာဘာကိုမူ တနင်္သာရီတိုင်းထွက် ရာဘာကိုသာ တင်ပို့ခွင့်ရကြောင်း ၎င်းက ပြောသည်။
“ထိုင်းဘက်ကလည်း တချို့ပစ္စည်းတွေကျတော့ ဖမ်းပါတယ်။ ရာဘာတို့ ဘာတို့ကျရင် ကျနော်တို့တနင်္သာရီတိုင်းက ထွက်တဲ့ ဟာတွေပဲ၊ တချို့ဟာတွေကို ဝင်ခွင့် မပေးဘူး။ ရန်ကုန် ပြန်ပို့ရတာမျိုးတွေ ရှိတယ်”ဟု ၎င်းက ဆိုသည်။
ကော့သောင်းမှ ရန်ကုန်သို့ ကားလမ်းဖြင့် ကုန်ပစ္စည်းသယ်ဆောင်မည်ဆိုပါက ကုန်တင်ကုန်ချ အလုပ်သမားစရိတ်မပါဘဲ ၁၆ တန်ဆန့် ကားတစီးလျှင် ကျပ် ၃၃ သိန်းမှ ၃၅ သိန်းအထိ ပေးရပြီး ရေကြောင်းဖြင့်မူ ၁ တန်လျှင် ၆ သောင်းကျပ်မှ ၈ သောင်းကျပ်၊ ပါကင်ထုတ် ပိုးပြီးသား ကုန် ၁ တန်လျှင် ကျပ် ၁ သိန်း ၂ သောင်းအထိ ကျသင့်ကြောင်း ကုန်သည်များထံမှ သိရသည်။
နယ်စပ်ကုန်သည်ကြီး တဦးက “သင်္ဘောကတော့ အလေးကုန်ဆို အခုတောင်းနေတာက ၁ တန်ကို ၆ သောင်းကျပ်ကနေ ၈ သောင်းကျပ်လောက်ထိရှိတယ်။ ပါကင်ထုတ်ပြီးတဲ့ ကုန်ကို ၁သိန်း ၂ သောင်းလောက် တောင်းတယ်။ သင်္ဘောကတော့ ကားထက် နည်းနည်းသက်သာတာပေါ့။ ဒါပေမယ့် အဆင့်ဆင့်သယ်ရတာရှိတယ်။ အတင်အချ အလုပ်သမားခ၊ သင်္ဘော ကနေ ကားနဲ့ ဂိုဒေါင်ကိုသယ်တဲ့ ခေါက်တိုခစတာတွေ ပေါင်းလိုက်တဲ့အခါကျတော့ သိပ်တော့ မထူးပါဘူး”ဟု ပြောသည်။
ယခုအခါ ပို့ကုန်လိုင်စင်ဖြင့် ရန်ကုန်-ကော့သောင်း၊ ယင်းမှတဆင့် ရနောင်းဘက်သို့ ကမ်းရိုးတန်းသွား သင်္ဘောများနှင့် ပြောင်းတင်ပို့မှု ရှိသလို ပင်လယ်ရေကြောင်း လိုင်စင်ဖြင့် ရန်ကုန်- ရနောင်း တိုက်ရိုက်တင်ပို့လည်း ရှိကြောင်း၊ ပြောင်း လုပ်ငန်း လုပ်ကိုင်သူများထံက သိရသည်။
ရန်ကုန်-ကော့သောင်း- ရနောင်း လမ်းကြောင်းမှ ပြောင်းတင်ပို့ခြင်းကို တနိုင်တပိုင် ကုန်သည်အများစုမှ ပြောင်းအိတ်ရေ ၃၀၀၀ မှ ၄၀၀၀ သယ်ယူနိုင်သည့် ကမ်းရိုးတန်း သွား သင်္ဘောများဖြင့် တင်ပို့ခြင်းဖြစ်ပြီး၊ ရန်ကုန်-ရနောင်း တိုက်ရိုက် ပင်လယ်ရေကြောင်းလိုင်စင်ဖြင့် တင်ပို့ခြင်းကို ကုမ္ပဏီကြီးများက လုပ်ကိုင်ကြကြောင်း လုပ်ငန်းရှင်များက ပြောသည်။
လက်ရှိ ရေကြောင်းများမှာ စစ်ကောင်စီတရားဝင်ခွင့်ပြုထားသော လမ်းကြောင်းများဖြစ်ပြီး တင်ပို့ရာတွင် ကုန်ပစ္စည်းများ စစ်ဆေးခြင်းကို ရန်ကုန်-ရနောင်းလမ်းကြောင်းအတွက် ရန်ကုန်ဆိပ်ကမ်းတွင် စစ်ဆေး၍ ရန်ကုန်-ကော့သောင်းအတွက် ရန်ကုန်တွင် တချို့တဝက်စစ်ဆေးကာ ကော့သောင်းတွင် ထပ်မံစစ်ဆေးကြောင်း ကုန်သည်များထံမှ သိရသည်။
ရန်ကုန်မြို့မှ ပြောင်းကုန်သည်ကြီး တဦးက “ရန်ကုန်-ရနောင်းကတော့ စစ်ဆေးစရာရှိတာတွေကို ရန်ကုန်မှာ လုပ်တယ်။ ရန်ကုန်- ကော့သောင်းကျတော့ ရန်ကုန်မှာ တချို့တဝက်ကို စစ်ဆေးလိုက်တယ်။ ကော့သောင်း အကောက်ခွန်ကျမှ ထပ်စစ်တယ်။ အဲဒီကမှ ရနောင်းဘက်ရောင်းတာ။ ဒါကတော့ ဒီနှစ်မှ တွင်တွင်ကျယ်ကျယ် ဖြစ်သွားတာ။ အရင်ကတော့ ကုန်းလမ်းဖြစ်တဲ့ မြဝတီကပဲ သွားတယ်။ အခုကတော့ ထိုင်းကုန်သည်ကလည်း ဒီဘက်ရောက်ရင် ဘယ်ဈေးပေးမယ်၊ ဒီကလည်း ကိုက်ရင် သွားပို့လိုက်တာပေါ့။ အစစ်အဆေးတော့ များတယ်”ဟု လက်ရှိအခြေအနေကို ပြောသည်။
ရှမ်းတောင်၊ ဧရာဝတီ၊ ပဲခူးအနောက်ခြမ်းဒေသထွက် ပြောင်းများမှာ မြဝတီနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ကောင်း စဉ်က ၉၀ ရာခိုင်နှုန်းခန့် မြဝတီနယ်စပ်မှတဆင့် တင်ပို့ခဲ့ခြင်းဖြစ်သော်လည်း ယခုနှစ်မှစ၍ ရေကြောင်းဖြင့် ကော့သောင်း-ရနောင်းနယ်စပ်ဂိတ်မှ တင်ပို့နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပြောင်းသီးနှံအား ထိုင်းနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်အနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိခွင့်ပြု ထားသဖြင့် ပင်လယ်ရေကြောင်းဖြင့် ရန်ကုန်ဆိပ်ကမ်းများမှတဆင့် ရနောင်းဆိပ်ကမ်းသို့ တိုက်ရိုက် တင်ပို့သကဲ့သို့ နယ်စပ်လမ်းကြောင်း ကော့သောင်းမှတဆင့် တင်ပို့မှုများလည်း ရှိရာ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၀ ရက်အထိ ကော့သောင်းမှ ရနောင်းသို့ ပြောင်းတန်ချိန် ၁၂၄၀၅ ဒသမ ၀၆၂တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈၃၇ သန်း တင်ပို့နိုင် ခဲ့ကြောင်း စီးပွားကူးသန်းက ထုတ်ပြန်ထားသည်။
You may also like these stories:
ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေး အစား ရေကြောင်းမှ တင်ပို့မည်
နယ်စပ်ကုန်သွယ်ရေး လက်လွှတ်ရခြင်းက စစ်ကောင်စီ ဒေါ်လာသန်းချီ ဆုံးရှုံး
မြဝတီနယ်စပ်ကုန်သွယ်ရေးရပ်၊ လမ်းကြောင်းပြောင်းတင်ပို့နေရ
ရှမ်းမြောက် နယ်စပ်ကုန်သွယ်ရေး ရှမ်းအရှေ့ ပြောင်းပြီလား
ကော့သောင်း-ရနောင်း နယ်စပ်ဂိတ် ယနေ့ တရားဝင် ပြန်ဖွင့်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR