မွန်ပြည်နယ် ဘီးလင်းမြို့နယ်ရှိ မစောတံတားနှင့် ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီး နောက် သထုံ၊ မော်လမြိုင်နှင့် ရေးမြို့နယ်တို့တွင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီဈေးတို့ မြင့်လာကြောင်း ဒေသခံများထံမှ သိရသည်။
ထိုတံတား ၂ စင်းမှာ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့ကို ဆက်သွယ်ထားသည့် တံတားများဖြစ်ပြီး မိုင်း ခွဲခံရပြီးနောက် ရန်ကုန်ဘက်မှ တင်ပို့သည့် စားသောက်ကုန်နှင့် စက်သုံးဆီများ ပြည်နယ်တွင်းရောက်ရန် ခက်ခဲလာသဖြင့် ဈေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
သထုံမြို့ ကုန်ဈေးနှုန်းမှာ တံတားမကျိုးခင် ဧပြီလက ရွှေဘိုပေါ်ဆန်း ၁ အိတ် ၁ သိန်း ၅ သောင်းကျပ်ရှိရာမှ ယခု အချိန် တွင် ၁ သိန်း ၇ သောင်း၊ စားဆီမှာ ယခင် ၁ ပိဿာ ၇ ထောင်ကျပ်မှ ယခု ၁ သောင်းကျပ်၊ ကြက်သွန်နီ တပိဿာ ၂ သောင်း ကျပ်မှ ၂ သောင်း ၇ ထောင်ကျပ်၊ ကြက်သွန်ဖြူ ၁ ပိဿာ ၁ သောင်းမှ ယခု ၁ သောင်း ၃ ထောင်၊ ကော်ဖီ တပါကင် ၂၅၀၀ ကျပ်ရှိရာမှ ၃၅၀၀ အထိ ဈေးနှုန်းများမြင့်တက်လာကြောင်း သိရသည်။
ရေးနှင့် မော်လမြိုင်မြို့တို့တွင်လည်း တံတားမကျိုးမီက ဆန်တအိတ်လျှင် တသိန်း ၃သောင်း ရှိရာမှ ယခု ၁သိန်း၅သောင်း ဝန်းကျင်ထိ မြင့်တက်လာပြီး ကြက်သွန်နီ တပိဿာလျှင် ၂သောင်းကျပ်အထိ ရှိလာကြောင်း ဒေသခံများက ပြောသည်။
သထုံဒေသခံတဦးက “ဈေးတွေကတော့ တံတားကျိုးလို့ တက်လိုက်၊ ဘတ်ဈေးတက်လို့ တက်လိုက်နဲ့ အတက်ပဲရှိတယ်။ မတက်တာက လုပ်အားခပဲရှိတယ်။ တရက် ၅ထောင်တောင် မပြည့်တဲ့ပိုက်ဆံနဲ့ ဆန်ဝယ်ပြီးရင် တခြားထပ်ဝယ်ဖို့က အနိုင်နိုင်ပဲ။ ကိုယ့်ခြံထဲစိုက်ထားတဲ့ အရွက်လေးတွေ ခူးစားလိုက်၊ အဲဒါတောင်ဆီနဲ့ကြော်စားတာမျိုးမဟုတ်ဘူး။ ရေလုံပြုတ် သဘောမျိုးပေါ့၊ အဲဒီလို ချွေတာပြီးစားနေရတာပဲ” ဟု ပြောသည်။

ကျုံအိတ်တံတားမှာ မေလ ၁၁ရက်က မိုင်းခွဲခံရပြီး ယင်းတံတားနှင့် ၂မိုင်ခန့်ဝေးသည့် မစောတံတားမှာ မေလ ၂၃ရက်က ဖျက်ဆီးခံရကာ အချိန် ၂ပတ်ခန့်သာ ကွာခြားပြီး စစ်ကောင်စီ မီဒီယာများက KNU/PDF များက ဖောက်ခွဲခြင်းဖြစ်ကြောင်း ဆိုသည်။
မစောတံတား၏ မပျက်စီးဘဲ ကျန်ခဲ့သည့် တံတားတခြမ်းကိုပြုပြင်၍ ယာဉ်ငယ်များကို တလှည့်စီ အချိန်အကန့်အသတ်ဖြင့် သွားစေပြီး ကုန်ကားကြီးများနှင့် ဆီဘောက်ဆာကားများကိုမူ ယမန်နေ့ နေ့လယ်မှ စ၍ ယာယီမြေသားလမ်းများမှ တဆင့် သွားလာခွင့်ပြုသော်လည်း ဘီးလင်းဘက်၌ ကားရာချီပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။
ရန်ကုန်မှ လာသည့်ကားများမှာ မစောတံတား မရောက်မီ ဒေါက်ရပ်ရွာသို့ ဖြတ်၍ ကြက်ခြေခတ်- ရွှေရောင်ပြ- မရမ်းကုန်း – ချောင်းစောင့်- ရေဝေ- ကမာစိုင်- မိုးကောင်း စသည့် ရွာချင်းဆက်လမ်းများသုံး၍ ခရီးဆက်သော်လည်း မိုးကြောင့် မြေနီ လမ်းများ ပျက်စီးကာ အသုံးပြုရခက်ခဲကြောင်း ဒေသခံများက ပြောသည်။
ကျုံအိတ်တံတား ပျက်စဉ်က ကုန်တင်ကားများနှင့် ဆီဘောက်ဆာကားများ တပတ်ကျော် ပိတ်မိခဲ့ရာ မွန်ပြည်နယ်အတွင်း စက်သုံးဆီနှင့် အခြေခံ စားသောက်ကုန်များ ဈေးမြင့်ခဲ့သလို မစောတံတား ဖောက်ခွဲခံရချိန် ထပ်မံ ပိတ်မိခဲ့သဖြင့် သထုံ၊ မော်လမြိုင်နှင့် ရေးမြို့တို့တွင် စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်ကာ လက်ရှိ အကန့်အသတ်နှင့် ဝယ်ယူနေရကြောင်း သိရသည်။
ယင်း မြို့နယ် ၃ခုရှိ ဆီဆိုင်ကြီးတချို့ စက်သုံးဆီပြတ်၍ ပိတ်ထားသလို ဓာတ်ဆီ တလီတာလျှင် ၃ထောင့် ၅ရာမှ ကျပ် ၅ထောင်အကြား ပေးဝယ်ရကြောင်း ဒေသခံများက ပြောသည်။

ရေးဒေသခံတဦးက “ဆီဆိုင်ကြီးတွေ ပိတ်ရတဲ့အခြေအနေ ဖြစ်ကုန်တယ်။ အခု ဆိုင်ပြန်ဖွင့်ပေမယ့် တယောက်ကို ၃သောင်း ဖိုးထက် ပိုဝယ်လို့မရဘူး။ ဆိုင်တွေက တနေကုန်လည်း မဖွင့်တော့ဘူး။ အချိန်နဲ့ပဲ ဖွင့်ပေးတော့တယ်၊ တချို့ အိမ်ဆိုင်လေးတွေမှာ သူတို့ဝယ်ထားတဲ့ ဆီတွေကို တလီတာ ၅ထောင်နဲ့ ပြန်ရောင်းပေးတာမျိုးတော့ရှိတယ်။ အဲဒါက လည်း ပေါ်ပေါ်ထင်ထင်မဟုတ်ဘဲ နားလည်မှုနဲ့ ခိုးရောင်းပေးကြတဲ့ အခြေအနေပါ” ဟု ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ သထုံခရိုင်၌ စစ်ကောင်စီက မေလဆန်းမှစ၍ ကင်းထောက် လေယာဉ်များ ဒရုန်းများနှင့် နေ့စဉ်နီးပါး လွှတ်နေသလို လက်နက်ကြီးများဖြင့်လည်း ပစ်နေ၍ တိုက်ပွဲများ ပြင်းထန်လာ နိုင်ကြောင်း တပ်မဟာ ၁ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ထို့အတွက် လမ်းပန်းဆက်သွယ်ရေးများခက်ခဲပြီး ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်သဖြင့် ဒေသခံများ စိုးရိမ်နေ သည်။
မော်လမြိုင်မြို့ ဒေသခံတဦးက “ရန်ကုန်က ပစ္စည်းတွေဆို ဘီးလင်း၊သထုံကို ဖြတ်ပြီးမှ ကျမတို့ဆီ ရောက်တာ၊ ဒီကမှ ရေးတို့ သံဖြူဇရပ်တို့ မုဒုံတို့ဘက်ကို ဆက်သွားတာ ဒီလမ်းမှာ တိုက်ပွဲဖြစ်လို့ လမ်းပိတ်ရင် ကျမတို့ မွန်ပြည်နယ် တကြောလုံးကို သက်ရောက်တာဆိုတော့ လမ်းတွေပိတ်မှာတော့ စိတ်ပူတာပေါ့”ဟု ပြောသည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်၊ မိုးကောင်းဘုရားအနီး ရန်ကုန်-မော်လမြိုင် ကားလမ်း မကြီးပေါ်ရှိ ကျိုက္ကော်တံတား မိုင်းဆွဲဖျက်ဆီးခံခဲ့ရသလို ကျုံအိတ်တံတားမှာလည်း ယခင်နှစ် ဇွန်လအတွင်း၌ မိုင်းခွဲဖျက် ဆီးခံခဲ့ရပြီး ကုန်စည်စီးဆင်းမှုများ ရပ်တန့်ခဲ့သေးသည်။
You may also like these stories:
မိုင်းခွဲခံရသော ကျုံအိတ်တံတားမှ ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ပြု
ကျိုက်ကော်-မိုးကောင်းတံတား မိုင်းခွဲခံရ၍ ကုန်သွယ်မှု ရက်ပိုင်းခန့် ရပ်ဆိုင်း
မြန်မာ့ပြည်တွင်းစစ်တွင် တံတားများကို ပစ်မှတ်ထားလာခြင်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR