မြန်မာနိုင်ငံသည် အလားအလာကောင်းသော ဈေးကွက်ဖြစ်လာသောကြောင့် ဘင်္ဂလားဒေ့ရှ် ဆေးဝါးကုမ္ပဏီများ မြန်မာနိုင်ငံသို့ နက်ရှိုင်းစွာ ထိုးဖောက်သင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ် ဒေါက်တာ မက်ဒ် မွန်ဝါ ဟိုစိန်က ပြောသည်။
ဒေါက်တာ မက်ဒ် မွန်ဝါ ဟိုစိန်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထိပ်တန်း ဆေးဝါးကုမ္ပဏီဖြစ်သည့် Incepta Pharmaceuticals Limited က ရန်ကုန်တွင် တနင်္ဂနွေနေ့က ကျင်းပသည့် “Experience sharing in clinical response of Tolperisone” ဆွေးနွေးပွဲတွင် ဧည့်သည်တော်အဖြစ် မိန့်ခွန်းပြောစဉ် အထက်ပါအတိုင်း ပြောခြင်းဖြစ်သည်။
မြန်မာသည် အခြား အရှေ့တောင်အာရှ အာဆီယံ နိုင်ငံများနှင့် ယှဉ်လျှင် လွန်စွာယှဉ်ပြိုင်ရသည့် ဆေးဝါးဈေးကွက်ရှိပြီး ထိုဈေးကွက်တွင် သွင်းကုန် လွှမ်းမိုးသောကြောင့် များပြားလှသည့် ပြည်ပဆေးဝါးကုမ္ပဏီများကို ဆွဲဆောင်နေသည်။
မြန်မာသည် လိုအပ်သော ဆေးဝါးများ၏ ၈၀ ရာခိုင်နှုန်းကို အခြားနိုင်ငံများမှ တင်သွင်းရသည်။
ဘင်္ဂလားဒေ့ရှ် ဆေးဝါးကုမ္ပဏီများသည် ယခုနှစ်တွင် မြန်မာသို့ ဒေါ်လာသန်း ၃၀ တန်ဖိုးရှိ ဆေးဝါးများ တင်ပို့မည်ဟု မျှော်မှန်းပြီး မြန်မာဆေးဝါးဈေးကွက်တွင် ဘင်္ဂလားဒေ့ရှ်အတွက် ဝေစု တိုးမြှင့်ရန် ခိုင်မာသော ဖြစ်နိုင်ခြေကို တွေ့နေသည်။
စီးပွားရေးလုပ်ငန်း ကြီးထွားစေရန် ဆေးဝါးကုမ္ပဏီများသည် မြန်မာဈေးကွက်ကို ထိုဖောက်ပြီး မြန်မာမှ သက်ဆိုင်သူများနှင့် အဆက်အသွယ် ထိန်းသိမ်းထားရန် ကာလလတ်နှင့် ရေရှည် သေနင်္ဂဗျူဟာ ရှိသင့်သည်ဟု သံအမတ် မက်ဒ် မွန်ဝါ ဟိုစိန်က ပြောသည်။
“အဲဒီလိုပွဲတွေ ပိုမိုကျင်းပဖို့ ဘင်္ဂလားဒေ့ရှ် ဆေးဝါးကုမ္ပဏီတွေကို ကျနော်တို့ အားပေးနေတယ်” ဟု ၎င်းကပြောသည်။
အိန္ဒိယ၊ ဗီယက်နမ်၊ ဂျာမနီ၊ အမေရိကန် ပြည်ထောင်စုနှင့် ပါကစ္စတန်တို့သည် မြန်မာဈေးကွက်သို့ ဆေးဝါး အဓိကရောင်းချသည့် နိုင်ငံများဖြစ်ကြောင်း ရရှိသည့် သတင်းအချက်အလက်များအရ သိရသည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြန်မာနိုင်ငံသည် ဆေးနှင့်ဆေးဘက်ဆိုင်ရာပစ္စည်း အိန္ဒိယမှ အမေရိကန် ဒေါ်လာ ၁၇၁ ဒသမ ၅၆၅ သန်းဖိုး၊ တရုတ်မှ အမေရိကန် ဒေါ်လာ ၅၃ ဒသမ ၁၃၇ သန်းဖိုး၊ ထိုင်းမှ အမေရိကန်ဒေါ်လာ ၄၄ ဒသမ ၁၂၉ သန်းဖိုး တင်သွင်းကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် မြန်မာ့ဆေးဝါးဈေးကွက်၏ ၅ ရာခိုင်နှုန်း ဝေစုသာ ရရှိသော်လည်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်နိုင်ကြောင်း အထက်ပါ ဆွေးနွေးပွဲတွင် ပါမောက္ခတဦးက ပြောသည်။ ဝါရင့်ပါမောက္ခများ၊ ဆရာဝန်များ၊ ဆေးဝါးဖြန့်ချိရေးနှင့် ကုန်စည်ဖြန့်ချိရေး ကွင်းဆက်မှ လူများ အထက်ပါ ဆွေးနွေးပွဲသို့ တက်ရောက်သည်။
မြန်မာနိုင်ငံ၏ ဆေးဝါးတင်သွင်းမှုသည် ၂၀၂၃ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၄၀၇ ဒသမ ၈၂ သန်းဖိုးရှိကြောင်း နိုင်ငံတကာကုန်သွယ်ရေးနှင့် ပတ်သက်သည့် ကုလသမဂ္ဂ COMTRADE အချက်အလက်များအရ သိရသည်။ ၂၀၂၃ ခုနှစ်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆေးဝါးထုတ်ကုန် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၈၉ သန်းဖိုး တင်ပို့သည်။
ကိုးကား ။ ။ Bangladesh Post သတင်း Bangladesh pharma cos urged to penetrate into Myanmar market
You may also like these stories:
ဆေးဝါးရှားပါး ဈေးတက်သဖြင့် နာတာရှည် ဝေဒနာရှင်များ အခက်တွေ့
ရခိုင်၌ စက်သုံးဆီ၊ ဆေးဝါးနှင့် စားသောက်ကုန်များ ပြတ်လပ်
ဆန်နှင့် စားသောက်ကုန်၊ ဆေးဝါးဈေးနှုန်းများ ထပ်တက်လာ
နာတာရှည်ရောဂါအတွက် ဆေးဝါး ပြတ်လပ်မှုကြုံနေရ (ရုပ်/သံ)