ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ နောင်တောင်းနယ်စပ်ဂိတ်၌ တပ်စွဲထားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်း ပြည်တပ်မတော် (SSPP/SSA) တပ်ဖွဲ့များအား ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ မေလ ၂၇ ရက်က ဖယ်ရှားရွှေ့ပြောင်းလိုက်သည်။
မေလ ၂၇ ရက် မနက်ပိုင်းတွင် နောင်တောင်းဂိတ်ရှိ SSPP တပ်ဖွဲ့ဝင်များနှင့် ဂိတ်အနီး နောင်မလုံ၊ နောင် ခမ်း၊ ကွန်ဟိုင်း၊ နောင်တင်း၊ ဟောင့်လုံကျေးရွာတို့အတွင်း နေရာယူထားသည့် SSPP တပ်ဖွဲ့ဝင် ၁၀၀ ကျော်အား TNLA တပ်များက ကားများ ဖြင့် တင်ကာ မူဆယ်မြို့အနီး ရွှေလီမြစ်အနောက်ဘက်ကမ်းရှိ မန်ဟီးရိုးဒေသသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်သည်။
နယ်စပ်ကုန်သည်တဦးက “ညက ဆွေးနွေးတာ အဆင်မပြေကြတော့ နောက်မနက်ဘဲ ကားနဲ့ တင်သွားလိုက်တာ။ SSPP ဘက်က ဘာမှပေး ဆပ်မှု မရှိဘဲနဲ့ အခွန်တွေပေးနေရတာ သူတို့ ရှက်သင့်တယ်။ ပြည်သူတွေ နာတာပေါ့။ TNLA ကလည်း တကယ်ပေးဆပ် ထားတာလေ“ ဟု ပြောသည်။
၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က နမ့်ခမ်းမြို့အား သိမ်းပိုက်ပြီးနောက် မြို့တောင်ဘက် ၂ မိုင်ခန့်အကွာက နောင်တောင်း ဂိတ်သည် တရုတ်နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း၌ အရေးပါလာပြီး TNLA သာမက SSPP ပါ ဂိတ်ဖွင့်ကာ အခွန် ကောက်ခံသည့်နေရာ ဖြစ်သည်။
SSPP တပ်ဖွဲ့ဝင်များ နေရာမှဖယ်ရှားခံရသည့် ဖြစ်စဉ်တွင် နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှု မရှိခဲ့ကြောင်း၊ ယခု ပို့ဆောင် လိုက်သည့် မန်ဟီးရိုးဒေသ သည် မူဆယ်မြို့နှင့် ၃ မိုင်ခန့်အကွာသာရှိပြီး စစ်ကောင်စီတပ်စွဲထားသည့် ရှေ့တန်းခံစစ်စခန်း ဆိုင်ခေါင် ကျေးရွာ လွယ် ကျယ် လော့တောင်အနီးတွင် တည်ရှိသည်။

SSPP တပ်ဖွဲ့ဝင်များအား ဖယ်ရှားလိုက်ပြီးနောက် ယနေ့တွင် နောင်တောင်းဂိတ်မှာ ပုံမှန်လည်ပတ်နေပြီး TNLA တပ်ဖွဲ့ တခုသာ ရှိတော့သည့်အတွက် အခွန်အခပိုသက်သာလာကြောင်း ကုန်သည်တဦးက ပြောသည်။
SSPP တပ်ဖွဲ့ဝင်များအား နမ့်ခမ်းမှ ဖယ်ရှားလိုက်ခြင်းနှင့်ပတ်သက်၍ နေရာကဖယ်ရှားရန် နှစ်ဖက်ဗဟိုအဆင့် တွေ့ဆုံဆွေး နွေးမှုများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသာဖြစ်ကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဧရာ ဝတီသို့ ပြောသည်။
၎င်းက “ဒီကိစ္စအပေါ်မှာ ပြည်သူလူထုက စိုးရိမ်စရာမရှိဘူးပေါ့နော်။ ပြေပြေလည်လည်နဲ့ ဖြေရှင်းပြီးသွားပြီ။ အထူးသဖြင့် ကျမတို့ ၁၀၂၇ စစ်ဆင်ရေး ကာလအတွင်းမှာ စစ်ကောင်စီထံက တိုက်ယူရရှိတဲ့စခန်းတွေကို SSPP က ဝင်ထိုင်တယ်။ အဲဒါ ကြောင့်မို့လို့ လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ အဆင်မပြေမှုတွေ များတယ်။ ပြည်သူလူထုအတွက်လည်း ဝန်ထုပ်ဝန်ပိုးတွေ ပိုများစေတယ်။ ဒါကြောင့်မို့လို့ SSPP နဲ့ ဗဟိုအဖွဲ့က သွားရောက်ပြီးဆွေးနွေးတယ်။ အကြိမ်ကြိမ် ဆွေးနွေးပြီးသားဖြစ်တဲ့ အတွက်ကြောင့် သူတို့ကို သွားရောက်ခေါ်ဆောင်ပြီးတော့မှ သူတို့နေရာပို့ဆောင်ခြင်းသည် အစည်းအဝေးရလဒ်ကို ဖော် ဆောင်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
လက်နက်ကိုင်ပဋိပက္ခများရှိနေသည့် ကာလအတွင်း နယ်မြေအတွင်း၌ နားလည်မှုလွဲသည့် ဖြစ်ရပ်များရှိလာပါက နိုင်ငံရေး နည်းလမ်းနှင့်သာ တွေ့ဆုံဆွေးနွေးဖြေရှင်းသွားမည်ဖြစ်ကြောင်းလည်း လွေးယေဦးက ပြော သည်။
SSPP နှင့် TNLA ကြား နယ်မြေထိန်းချုပ်မှုနှင့်ပတ်သက်ပြီး လွေးယေဦးက အသေးစိတ်ပြောဆိုခြင်းမရှိသကဲ့သို့ SSPP ဘက်ကလည်း နောင်တောင်းဂိတ်ကတပ်ဖွဲ့ဝင်များ နေရာရွေ့ပြောင်းခံရခြင်းအပေါ် တစုံတရာ ထုတ်ပြန်ပြောဆိုခြင်း မရှိသေးပေ။
ထိုကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီအနေဖြင့် SSPP ပြောရေးဆိုခွင့်ရှိသူများထံ ယနေ့ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်းမရှိပေ။
ထိုဖြစ်စဉ်အပြီး SSPP/SSA ကိုယ်စားပြု Facebook စာမျက်နှာဖြစ်သည့် SSPP Info နှင့်အမည်တူ Page တခုက မေလ ၂၇ ရက်နေ့ ရက်စွဲနှင့်ပင် TNLA ခေါ်ဆောင်သွားသည့် တပ်ဖွဲ့ဝင်များအား လက်နက်နှင့်တကွ ပြန်အပ်ရန်နှင့် ညှိနှိုင်း မရပါဘဲ စစ်ရေးပဋိပက္ခဖြစ်ပေါ်လာပါက လက်နက်ကိုင်တိုက်ပွဲဖော်ဆောင်ရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း ရေးသား ဖော် ပြခဲ့ သည်။
ထိုရေးသားချက်နှင့်ပတ်သက်ပြီး SSPP/SSA နှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့် ထိုအတုသည် လူမျိုးရေးပဋိပက္ခဖြစ်စေမည့် လုပ်ကြံဖန်တီးထားသည့် သတင်းများ အခါအားလျော်စွာ ထည့်သွင်းရေးသားနေကြောင်း SSPP က ပြန်လည် ရှင်းလင်း ဖော်ပြထားသည်။

SSPP နှင့် TNLA တို့ကြား ဖြစ်ပွားခဲ့သည့်ကိစ္စရပ်နှင့် ပတ်သက်ပြီး ဒေသခံများစိုးရိမ်မှုများရှိခဲ့ပြီး ဒေသတွင်း အငြင်းပွားမှု ပြဿနာရပ်များအား နှစ်ဖက်အင်အားသုံး ဖြေရှင်းခြင်းမပြုဘဲ တွေ့ဆုံဆွေးနွေးဖြေရှင်ကြရန်လိုကြောင်း ရှမ်းသံတော်ဆင့် သတင်းဌာနတည်သူ ဦးခွန်ဆိုင်းက ပြောသည်။
၎င်းက “ ဒါတွေက အင်အားသုံးဖြေရှင်းမယ်ဆိုရင်တော့ လုံးဝရှောင်ရှားလို့မရတဲ့ ကိစ္စတွေပေါ့၊ ဘယ်နည်းနဲ့မဆို မပြီးနိုင် သော ဇာတ်လမ်းကြီးပဲ ခင်းရမှာ။ သူက ကိုယ့်ကိုအနိုင်ယူလိုက်၊ ကိုယ်က မခံနိုင်လို့ ပြန်ပြီးအနိုင်ယူလိုက်နဲ့ဆိုရင် နောက်ထပ် နှစ်ပေါင်းရာချီလည်း ပြီးမှာ မဟုတ်ပါဘူး။ တရားတယ် မတရားဘူးဆိုတာ မတရားတဲ့စနစ်ရှိနေလို့ ကျနော်တို့က တော်လှန် ခဲ့ပြီပဲ၊ ကျနော်တို့က တရားတဲ့စနစ်ကို ထူထောင်ဖို့၊ ကျင့်သုံးဖို့လိုပါတယ်” ဟု ပြောသည်။
TNLA နှင့် SSPP တို့သည် စစ်ရေးမဟာမိတ်များဖြစ်ကြပြီး လက်နက်ကိုင်တပ်များ စုပေါင်းထားသည့် ပြည်ထောင်စု နိုင်ငံ ရေး ညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) အဖွဲ့ဝင်များလည်း ဖြစ်ကြသည်။
လတ်တလောတွင် SSPP အင်အားကောင်းသည့် ရှမ်းပြည် မြောက်ပိုင်း သီပေါနှင့် ကျောက်မဲမြို့အနီးတွင် TNLA နှင့် SSPP တို့ ပူးတွဲစစ်ရေးလှုပ်ရှားနေကြောင်း ဒေသခံများ ပြောသည်။
You may also like these stories:
နောင်ချိုမြို့နယ်အတွင်း SSPP လူသစ်စုဆောင်းနေ
ဗန်းမော်ခရိုင်အတွင်း စခန်းသိမ်းတိုက်ပွဲများ ပြင်းထန်နေ