ကရင်နီပြည်နယ်(ကယား)၏ မြို့တော် လွိုင်ကော်ကို ပြန်လည် ထိန်းချုပ်ရေး စစ်ကောင်စီက အင်အား ၅၀၀ ကျော်ဖြင့် စစ်ကြောင်း ၂ ကြောင်းခွဲ၍ စစ်ဆင်လာရာ တိုက်ပွဲများ ပြန်လည်ဖြစ်နေကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေး တပ်( KNDF)ထံမှ သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလကတည်း လွိုင်ကော်ကို ကရင်နီတော်လှန်ရေးတပ်များက ၈၀ရာခိုင်နှုန်း ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တိုက်ပွဲများ ငြိမ်သက်သွားရာ မေလ ဒုတိယအပတ်မှစ၍ ရှမ်းပြည်နယ် ပအိုဝ်ဒေသ ဆီဆိုင်ဘက်မှာ စစ်ကြောင်းများဖြင့် တက်လာခြင်းဖြစ်ကြောင်း၊ ယခုအခါ လွိုင်ကော်နှင့် ၆မိုင်ကျော် အကွာ ဆီဆိုင်- မိုးဗြဲ- လွိုင်ကော် လမ်းခွဲ ဖြစ်သည့် ကယန်းသာယာ ရွာတွင် ရောက်ရှိနေသည်။
စစ်ကောင်စီက ဆီဆိုင်-ပင်လောင်း-ဖယ်ခုံ-မိုးဗြဲ-လွိုင်ကော်လမ်းနှင့် ဆီဆိုင်- ထီးစဲခါး- လွိုင်ကော်လမ်းများကို သုံး၍ စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် နေရာအချို့၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားကြောင်း၊ စစ်ကောင်စီက လက်နက်နှင့် လူအင်အားသာလွန်သဖြင့် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ဆုတ်ခွာပေးခဲ့ရမှုများရှိကြောင်း သိရသည်။
KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ စောသာအယ်စိုးက “လွိုင်ကော်မှာ စစ်ရေးပြင်းထန်နေတဲ့အခြေအနေလို့ ပြောလို့ ရပါတယ်။ သူတို့ ပြန်ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းတွေ ပြန်ထိုးနေတာ စက်မှုဇုန်ဘက်မှာ ထိတွေ့တိုက်ပွဲတွေ ပစ်ခတ်မှုတွေ ရှိတယ်။လွိုင်ကော်မြို့ပေါ်မှာလည်း စစ်ကောင်စီ လှုပ်ရှားစစ်ကြောင်းတွေရှိနေတဲ့အတွက် မြို့ပေါ်မှာလည်း နေ့တိုင်းနီးပါး တိုက်ပွဲတွေ ရှိနေတယ်” ဟု ပြောသည်။
လွိုင်ကော်မြို့ပေါ်နေရာများအပြင် အမှတ် ၂၆၁ ခြေလျင်တပ်ရင်း အနီးရှိ နွားလဝိုးကျေးရွာအုပ်စုမှ ပဒါးညေး၊ ထီးစဲခါး ကျေးရွာ အုပ်စုမှ ရေကန်ရွာနှင့် စက်မှုဇုန်ဘက်တွင်လည်း တိုက်ပွဲ ဖြစ်ပွားနေကြောင်း သိရသည်။
စောသာအယ်စိုးက “စစ်ကောင်စီဘက်က အင်အားများတယ် သူတို့က တောလမ်းရော လမ်းမကြီးတွေကနေပါ စစ်ကြောင်း ထိုးတာ လက်နက်ခဲယမ်းလည်း အဆမတန် သုံးနိုင်တယ်။ ခေတ်မီဒရုန်းတွေ သုံးပြီး ထိုးတဲ့အတွက် တော်လှန်ရေး တပ်ဖွဲ့ဘက်က တချို့နေရာလေးတွေ ဆုတ်ပေးရတာတွေရှိတယ်”ဟု ပြောသည်။
၂၀၂၃ခုနှစ် နိုဝင်ဘာလတွင် ကရင်နီပူးပေါင်းတပ်များက “၁၁၁၁” စစ်ဆင်ရေးကို စတင်ခဲ့ပြီး ၆လကျော်အကြာတွင် မြို့တော် လွိုင်ကော်မြို့၏ ၈၀ရာခိုင်နှုန်းကို ဆက်လက် ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီက ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ)၊ ကွန်ပြူတာတက္ကသိုလ်၊ လွိုင်ကော်အကျဉ်းထောင်၊ နည်းပညာတက္ကသိုလ်နှင့် မိုင်းလုံးဘုန်းကြီးကျောင်းနှင့် မြို့ပေါ် ရပ်ကွက်တချို့၌ အထိုင်ချ တပ်စွဲထားကြောင်း သိရသည်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် ပြောရေးဆိုခွင့်ရှိသူတဦးက “ဆီဆိုင်က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေက ကယန်းသာယာထိရောက်နေပြီပေါ့နော်။ သူတို့စစ်ကြောင်းတွေပေါင်းမိသွားတယ်။ စစ်ကြောင်းတွေဆက်ထိုးဖို့တော့ ကြိုးစားနေကြတယ်” ဟု ပြောသည်။
စစ်ကောင်စီစစ်ကြောင်းများ ကယန်းသာယာရွာ လမ်းခွဲသို့ ရောက်ရှိလာပြီးနောက် မေလ ၁၄ရက်နေ့က ယင်းလမ်းခွဲနှင့် ၃မိုင် ကျော် ဝေးသော ခလရ ၂၆၁တပ်ရင်းမှ စစ်ရေးလှုပ်ရှားလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ ကြောင်း သိရသည်။
စောသာအယ်စိုးက “ဆီဆိုင်ဘက်ကနေ ထွက်လာတဲ့ စစ်ကြောင်းကို ထွက်ကြိုဖို့ ထွက်လာတာလို့ ပြောလို့ရပါတယ်။ သူတို့စစ်ကြောင်းက မထွက်တာ ကြာပြီဆိုတော့ အဲဒီလို ယူဆလို့ရတာပေါ့” ဟု ပြောသည်။
ယခုအခါ စစ်ကောင်စီက လွိုင်ကော်မြို့ အုပ်ချုပ်ရေးယန္တရားများ ပြန်လည် စတင်ရန် ပြင်ဆင်နေပြီး ဌာနဆိုင်ရာ ဝန်ထမ်း များနှင့် ပြည်သူများကို ပြန်လည်ခေါ်ယူခြင်း၊ လျှပ်စစ်မီးများ ပြန်လည်တပ်ဆင်ပေးခြင်း၊ ကျောင်းဖွင့်ရန်ပြင်ဆင်ခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ကရင်နီပြည်ကြားကာလစီမံအုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလူးရယ်က ပြောသည်။
၎င်းက “အုပ်ချုပ်ရေးကတော့ စစ်ရေးပေါ်မှာတော့ မူတည်ပါတယ်။ တချို့ စစ်ကောင်စီကထိန်းထားနိုင်တဲ့ ရပ်ကွက်တွေမှာ တော့ နည်းနည်းပါးပါးပြန်ကြတာရှိပါတယ်။ လွိုင်ကော်မြို့အခြေအနေက ကံသေကံမ ပြောလို့မရတဲ့ အခြေအနေ သူတို့ အုပ်ချုပ်ရေးအပိုင်းကို ဘယ်လောက်ထိလုပ်နိုင်မလဲဆိုတာတော့ အတိအကျတော့ ပြောလို့မရသေးပါဘူး” ဟု ပြောသည်။
စစ်ကောင်စီက လွိုင်ကော်မြို့တွင် ပြန်လည်နေထိုင်ရန် ပြောဆိုမှုများရှိနေသော်လည်း အများစုမှာ နေရပ်မပြန်ရဲကြောင်း၊ အိမ်အများစုမှာ မီးရှို့ခံထားရသောကြောင့် ပြန်ဝင်ပါကလည်း နေစရာအိမ်မရှိသလို ကုန်စည်စီးဆင်းမှုလည်း ရပ်တန့်နေ သောကြောင့် နေထိုင်စားသောက်ရန် အဆင်မပြေကြောင်း ဒေသခံများက ပြောသည်။
လွိုင်ကော်မြို့မှ တောင်ငူမြို့သို့ စစ်ရှောင်နေသော ဒေသခံတဦးက “ဒါက ဝါဒဖြန့်တာသက်သက်ပါပဲ။ ဘာလို့လည်းဆိုတော့ လွိုင်ကော်မှာ ကုန်စည်စီးဆင်းမှုလည်းမရှိတော့ဘူး။ ရှိသမျှလမ်းတွေကလည်း သုံးလို့မရတဲ့အနေအထား။ဘာမှ လုပ်ကိုင် စားသောက်လို့မရဘဲ ကျမတို့က ဘယ်လိုပြန်ရမလဲ။ ရှိတဲ့အိမ်လေးကလည်း မီးလောင်လို့ကုန်သွားပြီဆိုတော့ ပြန်လည်း နေစရာ မရှိတော့ဘူး” ဟု ပြောသည်။
လွိုင်ကော်မြို့အထွက် ဒီးမော့ဆို- လွိုင်ကော်လမ်းကို သုံး၍ စစ်တပ်က အင်အားဖြည့်တင်းခဲ့သဖြင့် ယင်းလမ်းပေါ်ရှိ ကုန်စည်စီးဆင်းရေးတွင် အရေးပါသော အမှတ် ၂ ပန်ကန်းဂိတ်ကို ပြီးခဲ့သည့် ဧပြီလ ၃၀ရက်မှစ၍ တော်လှန်ရေးတပ် များက ယနေ့အထိ အသုံးပြုခွင့်ပိတ်ပင်ထားသည်။
ကရင်နီတွင် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ဘေးရှောင် ၃သိန်းခွဲရှိနေပြီး လက်ရှိမိုးတွင်းကာလရောက် လာသော ကြောင့် စစ်ရှောင်များအတွက် အမိုးအကာ၊ ဌက်ဖျားဆေးအပါအဝင် စားနပ်ရိက္ခာများ လိုအပ်နေကြောင်း ခူးပလူးရယ်က ပြောသည်။
လက်ရှိအချိန်ထိ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များက မော်ချီးမြို့၊ ရွာသစ်မြို့၊ နန်းမယ်ခုံမြို့နှင့် မယ်စဲ့မြို့တို့ကို သိမ်း ပိုက်ထားသည်။
You may also like these stories:
စစ်ကောင်စီက လွိုင်ကော်ထောင်ကို ခံတပ်သဖွယ် အသုံးချနေဟုဆို
ဗုံးတွေ ကျည်ဆန်တွေကြားက လွိုင်ကော်မြို့သိမ်းတိုက်ပွဲ
လွိုင်ကော်ဘုရားကျောင်း၌ တပ်စွဲသဖြင့် ဘုန်းတော်ကြီးနှင့် စစ်ရှောင်များ ထွက်ပြေးရ
လွိုင်ကော် တိုက်ပွဲပြင်းထန် အရပ်သားများ ပိတ်မိနေ
မိုးဗြဲ- လွိုင်ကော် ကားလမ်းဘေးရွာများ၊ စစ်ယာဉ်တန်းက ပစ်ခတ်သဖြင့် အရပ်သား ၃ ဦး သေဆုံး
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR