အာဏာသိမ်း စစ်ကောင်စီက နိုင်ငံခြားငွေ လိုအပ်ချက်ကို လျှော့ချရန် ကုန်သွယ်ဖက် နှစ်နိုင်ငံခြား ကုန်ပစ္စည်းချင်း အပြန်အလှန်ဖလှယ်သည့် ကုန်သွယ်မှုစနစ် (Barter Transaction Arrangement-BAT) ကို ပြန်ကျင့်သုံးမည် ဖြစ်သည်။
မေလ ၂၈ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI က ထုတ်ပြန်သည့် ကြေညာချက်တွင် “BAT အရ ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများ၊ သက်ဆိုင်ရာဌာနအလိုက် လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံခြားငွေ ပြန်လည်ရရှိမှု ကင်းလွတ်ခွင့်ပုံစံ Export Bill Receivable Exemption (EBRE) နှင့် သွင်းကုန်တန်ဖိုးအတွက် နိုင်ငံခြားငွေပေးချေခြင်းမှ ကင်းလွတ်ခွင့်ပုံစံ Import Bill Payment Exemption (IBPE) ပေးပို့ရာတွင် ဆောင်ရွက်ရမည့် အစီအစဉ်များအား Barter System ဆောင်ရွက်မည့် ကုမ္ပဏီများ သိရှိနိုင်ရေးပေးပို့သည်” ဟု ဖော်ပြထားသည်။
ဘာတာစနစ် Barter Trade ဆိုသည်မှာ နိုင်ငံ တနိုင်ငံနှင့် တနိုင်ငံ ငွေကြေးဖြင့် ကုန်စည် အရောင်းအဝယ် မပြုလုပ်ဘဲ တန်ဖိုးအားဖြင့် မျှခြေရှိသော ကုန်စည်တို့အား အချင်းချင်း ဖလှယ်သော ကုန်သွယ်ရေးစနစ် တခုဖြစ်ပြီး ငွေကြေးမပေါ်မီ ကုန်သွယ်မှု စနစ်ဟောင်း တခု ဖြစ်သည်။
ဘာတာစနစ် လုပ်ကိုင်လိုသော ကုမ္ပဏီများအနေဖြင့် ပို့ကုန် သွင်းကုန်များ အတွက် နိုင်ငံခြားငွေနှင့် ပေးချေမှု၊ နိုင်ငံခြားများ ပြန်လည်ရရှိမှု ကင်းလွတ်ခွင့်များကို နိုင်ငံခြားငွေစီမံခန့်ခွဲမှုဌာနကြီး၊ ဗဟိုဘဏ်၌ လျှောက်ထားရမည်ဖြစ်ကြောင်း UMFCCI သို့ ပေးပို့ထားသည့် စာအရ သိရသည်။
အဆိုပါ ဘာတာ ကုန်သွယ်မှုစနစ်ကို ယခင်စစ်အစိုးရ လက်ထက်က ဆယ်စုနှစ် နှစ်ခု နီးပါးကြာ အိန္ဒိယ နယ်စပ်နှင့် ကုန်သွယ်ခဲ့ကြသော်လည်း မြန်မာဘက်မှ တဖက်သတ် ကုန်သွယ်မှုသာ ဖြစ်ခြင်း၊ ဘဏ်စနစ်ဖြင့်သာ ငွေပေးချေမှုများ ပြုလုပ်လိုခြင်း စသည်တို့ကြောင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် အိန္ဒိယ အစိုးရဘက်မှ စတင်ပြီး နှစ်နိုင်ငံ သဘောတူညီ ချက်ဖြင့် အဆုံးသတ်ခဲ့သည်။
ထို့ပြင် တရုတ်နိုင်ငံနှင့်လည်း ၂၀၁၉ ခုနှစ်က ဘာတာစနစ်ဖြင့် နယ်စပ်ကုန်သွယ်ရေး လုပ်ရန် စီစဉ်ခဲ့သော်လည်း စမ်းသပ်ကာလအပြီးမှာပင် ထပ်မံ လုပ်ဆောင်ခြင်းမရှိတော့ ကြောင်း ကုန်သည်များထံက သိရသည်။
ယခုလို ဘာတာစနစ်ကို ပြန်ကျင့်သုံးလိုခြင်းမှာ စစ်ကောင်စီတွင် နိုင်ငံခြားငွေ ခန်းခြောက်လာခြင်းကြောင့် ဖြစ်ကြောင်း ကုန်သည်အသိုင်းအဝိုင်းက ဆိုကြသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကုန်သည်ကြီး တဦးက “ဆန်ရှင်တွေ တအားများလာတယ်။ နိုင်ငံခြားငွေ လိုအပ်ချက်ရှိလာတော့ ဘာဖြစ်လာလဲဆိုရင် ဘာတာစနစ်ကို သုံးတယ်။ သူတို့ စီးပွားကူးသန်းက စာထုတ်တာတော့ ကြာပြီ။ ဒါနဲ့ သွားဖို့ အတွက်ကို သက်ဆိုင်ရာ အသင်းအဖွဲ့တွေကို အကြောင်းကြားပြီးတော့ ဒါနဲ့ သွားမယ်ပေါ့နော်။ အခုတော့ UMFCCI ကနေ စာထုတ်ပြီး ကြေညာလိုက်တာ” ဟု ဧရာဝတီသို့ ပြောသည်။
သို့သော် ဘာတာစနစ်မှာ နှစ်နိုင်ငံအစိုးရချင်း သဘောတူညီမှု စာချုပ်ဖြင့် လုပ်ကိုင်ပါက ပြဿာနာမရှိနိုင်သော်လည်း ယခုထုတ်ပြန်ချက်သည် ပုဂ္ဂလိက လုပ်ငန်းရှင်များပါ ပါဝင်လာသောကြောင့် တဖက် ကုန်သွယ်သည့် နိုင်ငံဘက်မှ ကုန်သည်က သဘောတူမှသာလျှင် အဆင်ပြေမည့် စနစ်ဖြစ်သည်။
“နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဘာတာစနစ်နဲ့ သွားမယ်ဆိုရင် လက်ခံနိုင်တဲ့ နိုင်ငံရှိတယ်။ လက်မခံတဲ့ နိုင်ငံရှိတယ်ဆိုတော့ လက်ခံတဲ့ နိုင်ငံက ဘယ်နိုင်ငံလဲ။ မြန်မာနိုင်ငံတခုထဲနဲ့ တဖက်သတ်လုပ်လို့ မရဘူး။ တဖက်နိုင်ငံက လက်ခံမှ ရမှာ။ ဒါကြောင့် လက်ခံတဲ့ နိုင်ငံရှိမှ အောင်မြင်လိမ့်မယ်။ ဒါကလည်း ကုန်ပစ္စည်း ဖလှယ်တာဖြစ်တဲ့အတွက် တဖက်က လိုအပ်တဲ့ကုန် ကိုယ့်မှာရှိမှ ရမယ်” ဟု ၎င်းက သုံးသပ်ပြောကြားသည်။
စစ်တပ်အာဏသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့ဒဏ်ခတ်ခြင်းများ၊ နယ်စပ်ကုန်သွယ်ရေးများ ရပ်ဆိုင်းနေခြင်းကြောင့် ပို့ကုန်တင်ပိုမှု လျှော့ကျနေခြင်း အစရှိသည့် အခြေအနေအရပ်ရပ်ကြောင့် နိုင်ငံခြားငွေ ရှားပါးနေရသည်။
You may also like these stories:
တဒေါ်လာ ၂၁၀၀ ကျပ် နှုန်းထား စစ်ကောင်စီ ဖျက်သိမ်းလိုက်ပြီလား
ဒေါ်လာဈေးနှင့်အတူ စားကုန် ဆေးဝါးဈေးမြင့်လာ၍ ပြည်သူတို့ အခက်ကြုံ
တိုင်းရင်းသားတပ်များ ထိန်းချုပ်လိုက်သောကြောင့် နယ်စပ်ကုန်သွယ်ရေး ၄၈ ရာခိုင်နှုန်းကျဆင်း
ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားတွေက ဝယ်မှာလား
နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ