မြန်မာစစ်ကောင်စီသည် နိုင်ငံတကာနယ်စပ် အများအပြား အပါအဝင် ကျယ်ပြန့်သော ပိုင်နက်များကို ဆုံးရှုံးပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများကို ကျစ်လစ်သိပ်သည်းအောင် လုပ်နိုင်ခဲ့ကြောင်း ပဋိပက္ခကို အကဲဖြတ်သည့် အစီရင်ခံစာ နှစ်စောင်က ကြာသပတေးနေ့တွင် ဖော်ပြသည်။
နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ရွေးကောက်ခံအစိုးရကို စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြုတ်ချပြီးနာက် တနိုင်ငံလုံးတွင် ဆန္ဒပြပွဲများဖြစ်လာပြီး လူဦးရေ ၅၅ သန်းရှိသော မြန်မာသည် ဖရိုဖရဲဖြစ်နေသည်။
ရက်စက်ကြမ်းကြုတ်သော ဖြိုခွဲမှုများနှင့် ရင်ဆိုင်ရသည့် လမ်းမပေါ်ဆန္ဒပြပွဲများသည် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားနှင့် ပေါင်းစပ်သွားသည့် လက်နက်ကိုင် ခုခံတော်လှန်ရေး လှုပ်ရှားမှုအဖြစ် ပြောင်းလဲသွားပြီး ဆယ်စုနှစ်များစွာအတွင်း စစ်တပ်အတွက် အရေးအပါဆုံး စိန်ခေါ်မှု ဖြစ်လာသည်။
စစ်ကောင်စီသည် မြန်မာကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်တော့ဘဲ နိုင်ငံလူဦးရေ ၆၇ ရာခိုင်နှုန်း နေထိုင်သည့် နိုင်ငံပိုင်နက် ၈၆ ရာခိုင်နှုန်းရှိသည့် မြို့နယ်များကို မထိန်းချုပ်နိုင်တော့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဖော်ပြသည်။
“စစ်ကောင်စီသည် နိုင်ငံတော်၏ အဓိကတာဝန်များကို ထမ်းဆောင်ရန် မြန်မာ၏ လုံလောက်သောပိုင်နက်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ” ဟု မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပြန်ရေးအတွက် ဖွဲ့စည်းထားသည့် လွတ်လပ်သော ကျွမ်းကျင်သူများ အဖွဲ့ဖြစ်သည့် SAC-M က စာတမ်းတစောင်တွင် ဖော်ပြသည်။
“စစ်ကောင်စီသည် အရေးပါသော ပိုင်နက်များကို စွန့်လွှတ်ရပြီး ၎င်းတို့ ဆက်လက်ရှိနေသော နိုင်ငံ၏ဒေသ အများစုတွင် ခံစစ်အနေအထား ရောက်နေသည်” ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။
တိုင်းရင်းသားတပ်မတော် သုံးဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့၏ လွန်ခဲ့သော အောက်တိုဘာလက ညှိနှိုင်းထိုးစစ်ဖြစ်သည့် ၁၀၂၇ စစ်ဆင်ရေးသည် အင်အားချိနဲ့သွားသည့် စစ်တပ်၏ အခြေအနေကို ဖွင့်ချလိုက်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းမှ နယ်စပ်ဒေသများကို လက်လွှတ်ဆုံးရှုံးစေသည်။
ထိုနောက်ပိုင်းတွင် တိုင်းရင်းသားတပ်မတော်များ၏ ထိုးစစ်အများအပြားသည် ထိုင်းနယ်စပ်မှသည် ဘင်္ဂလား ပင်လယ်အော် ကမ်းရိုးတန်းအထိ ဝေးကွာသော ဒေသများမှ စစ်ကောင်စီကို မောင်းထုတ်လိုက်သည်။
“စစ်ရေးအောင်ပွဲ အများအပြား ရရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ၎င်းတို့ တိုးချဲ့ထားသည့် နယ်မြေထိန်းချုပ်မှု ခိုင်မာအောင်လုပ်ပြီး အများအပြားသည် ကိုယ်ပိုင်အုပ်ချုပ်သည့် နိုင်ငံတော်ငယ်များ ထူထောင်နေကြသည်” ဟု အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းဖြစ်သော နိုင်ငံတကာ အကျပ်အတည်းလေ့လာရေးအဖွဲ့ ICG ၏ အစီရင်ခံစာတစောင်တွင် ဖော်ပြသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ကို သစ္စာခံသည့် အရာရှိများကို အဆင့်မြင့်ရာထူးများ ပေးထားစေကာမူ စစ်တပ်၏ ကြီးမားလှသော ဆုံးရှုံးမှုများနှင့် မြို့တော်နေပြည်တော်မှ အထက်လွှာအကြား ကြီးထွားနေသည့် တုန်လှုပ်မှုသည် သူ၏ အနာဂတ်ကို အပြင်းအထန် သံသယ ဖြစ်စေသည်။
“ထို့ကြောင့် သူသည် သူ့ရာထူးကို ထိန်းကောင်းထိန်းနိုင်မည်ဖြစ်သော်လည်း မကျေနပ်မှု မြင့်မားနေသောကြောင့် သူ့ကိုဖယ်ရှားမည့် အကြံအစည်နှင့် ရင်ဆိုင်ရနိုင်သည်” ဟု ထိုအစီရင်ခံစာက ဖော်ပြသည်။
စစ်ကောင်စီသည် နိုင်ငံ၏နယ်စပ်ဒေသများ အားလုံးကို ဆုံးရှုံးပြီး နိုင်ငံတော် မဟုတ်သည် အုပ်ချုပ်ရေးများ ကျယ်ပြန့်လာဖွယ် ရှိသောကြောင့် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အသိုက်အဝန်းသည် တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံသင့်သည်ဟု အစီရင်ခံစာ နှစ်စောင်လုံးတွင် ဖော်ပြသည်။
မြန်မာပြည်တွင်း နေရပ်စွန့်ခွာ အရေအတွက်သည် စံချိန်တင်မြင့်မားပြီး ပဋိပက္ခမြင့်မားသောကြောင့် လူ ၃ သန်းကျော် နေအိမ်များကို စွန့်ခွာထွက်ပြေးကြောင်း ကုလသမဂ္ဂအေဂျင်စီများက ပြောသည်။
“နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ မြန်မာပြည်သူတွေကို အရေးပေါ်အကူအညီပေးဖို့ အဲဒီပကတိ အခြေအနေကို နားလည်ပြီး တော်လှန်ရေး အာဏာပိုင်တွေနဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံရမယ်” ဟု SAC-M ကို တည်ထောင်သည့် အဖွဲ့ဝင်တဦးဖြစ်သူ မစ္စ ယန်ဟီးလီက ပြောသည်။
ကိုးကား ။ ။ Reuters သတင်း Myanmar’s ethnic armies consolidate strongholds as junta weakens, reports say
You may also like these stories:
တန်းပြည့် စစ်မှုထမ်းဆောင်ချိန် သတ်မှတ်တာ ဘာကြောင့်လဲ
အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၁
အထိနာနေသော စစ်ကောင်စီတပ်-အပိုင်း ၂
ထိပ်တန်းစစ်ဗိုလ်ချုပ်များ ရာထူး အပြောင်းအလဲပြုလုပ်