ရခိုင်ပြည်နယ်အတွင်း ဒေသအချို့ကို အာဏာသိမ်းစစ်ကောင်စီ လက်လွတ်ခဲ့ရပြီးနောက်ပိုင်း မြို့တော်စစ်တွေကို ခံစစ်ပြင်ဆင်ကာ မြို့ကို ပိတ်ဆို့ထားပြီး ရပ်ကွက်နေပြည်သူများကို လူဖမ်းပွဲပြုလုပ်နေကြောင်း မြို့ခံများက ပြောသည်။
အာရက္ခတပ်တော် ( AA ) သည် နိုဝင်ဘာလ ၁၃ ရက်မှ စတင်ကာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီသည် ပြည်နယ်တခုလုံးကို ကုန်းလမ်းနှင့် ရေလမ်းများ ဖြတ်တောက်ထားခဲ့သလို မြို့တော်စစ်တွေကိုလည်း ပတ်ပတ်လည် ပိတ်ဆို့ထားခဲ့သည်။
စစ်ရေးအရ အရေးနိမ့်လာသည့်စစ်ကောင်စီသည် ရခိုင်မြောက်ပိုင်းက မြို့ကြီးများကို လက်လွှတ် ဆုံးရှုံးရပြီးနောက် ၎င်းတို့ ထိန်းချုပ်ရာ စစ်တွေမြို့ရှိ မြို့ခံများကိုပါ အမျိုးမျိုး ဒုက္ခပေးပြီး ဖမ်းဆီးမှုများ ပြုလုပ်လာကြောင်း မြို့ခံများက ပြောသည်။
စစ်တွေမြို့ခံတဦးက “စစ်ကောင်စီက မြို့ကို ပတ်ပတ်လည် ပိတ်ဆို့ထားတဲ့အတွက် နယ်ဘက်ကို ထွက်ပြေး တိမ်းရှောင်ဖို့ကလည်း မရတော့ဘူး။ မြို့မှာကျန်နေတဲ့လူတွေကိုလည်း အကြောင်းအမျိုးမျိုးပြ ဖမ်းတယ်။ ပထမတော့ မှတ်ပုံတင်မှာ စတန (နိုင်) မဟုတ်ရင် ဖမ်းတယ်။ နောက် ဘုန်းကြီးကျောင်းတွေကို ဝင်မွှေတယ်။ မြို့ပေါ် ရပ်ကွက်ထဲက နေအိမ်တွေကိုလည်း ဟိုဟာနဲ့ ဆက်စပ်သလို ဒီလူနဲ့ ဆက်သွယ်သလို အကြောင်းပြချက်တွေနဲ့ အိမ်တွေကို ဖောက်တယ်။ ပစ္စည်းတွေကို ကားပေါ်မှာတင်ပြီး ယူကြတယ် ”ဟု ဧရာဝတီသို့ ပြောသည်။
မေလ ၂၈ ရက်တွင် စစ်တွေမြို့ စံပြမုန့်တိုက်ပိုင်ရှင် အသက် ၇၃ နှစ်အရွယ် ဦးစံမောင်နှင့် အလုပ်သမားတချို့ကို အကြောင်းပြချက် တစုံတရာမရှိဘဲ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း၊ မြို့စွန်ရပ်ကွက်များ၌ ဖမ်းဆီးမှုပိုများကြောင်း မြို့ခံများထံမှ သိရသည်။
စစ်တွေမြို့ခံတဦးက “အခု ရက်ပိုင်းအတွင်းမှ မြို့မှာ ဖမ်းဆီးမှုတွေက တော်တော်များလာတယ်။ မြို့မှာမနေရဲလို့ နယ်ဘက်ကို မိသားစုလိုက် ထွက်ပြေးရင်း အဖမ်းခံလိုက်ရတာလည်းရှိတယ်။ မြို့စွန် ရပ်ကွက်တွေမှာဆိုရင် အဖမ်းအဆီး တော်တော်များတယ်။ တချို့ဆိုရင် သားပျောက်၊ သမီးပျောက်လို့ ရဲစခန်းတွေမှာ စုံစမ်းနေတာတွေလည်း အများကြီး ဖြစ်နေတယ်။ အခု ရဲစခန်းအချုပ်ခန်းမှာ လူမဆန့်လို့ ပြည်နယ် ရဲရုံးခန်း၊ စရဖတပ်အချုပ်ခန်းတွေမှာလည်း ဖမ်းထားတဲ့ လူတွေအပြည့် ရှိတယ်လို့ ပြောကြတယ် ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်တွေမြို့ခံများသည် လေကြောင်းဖြင့် ရန်ကုန်၊ မန္တ လေးစသည့် မြို့ကြီးများသို့ ထွက်ပြေးတိမ်းရှောင်ကြသလို အချို့မှာ AA စိုးမိုးထားသော ကျောက်တော် ၊ ပုဏ္ဏားကျွန်း ၊ မြောက်ဦး ၊ မင်းပြားမြို့နယ်များဘက်သို့ ထွက်ပြေးကြကြောင်း သိရသည်။
ယင်းသို့ မိသားစုလိုက် ထွက်ပြေးတိမ်းရှောင်ကြရင်း ဧပြီလ ၂၀ ရက်တွင် စစ်တွေမြို့ မြောက်ဘက် ကံ့ကော်ကျွန်းကျေးရွာ အနီး ရေဆိပ်ကမ်း၌ စစ်ကောင်စီ ထောင်ထားသည့် မိုင်းနင်းမိ၍ မြို့ခံ ၁ ဦးသေဆုံးခဲ့ကာ ၅ ဦး ပြင်းထန်ဒဏ်ရာများရရှိ ခဲ့ပြီး မြို့ခံ ၄၀ ကျော်မှာလည်း စစ်ကောင်စီထံ ဖမ်းဆီးခံခဲ့ရကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မြို့ခံတဦးက ပြောသည်။
၎င်းက “ ကျနော်တို့ ညဘက် မိသားစုလိုက် မြို့ကနေ ထွက်ပြေးကြတာ။ ကျနော်တို့ ရှေ့က သွားတဲ့အဖွဲ့က ကံ့ကော်ကျွန်းရွာ အနီးမှာ မိုင်းနင်းမိပြီးတော့ ၁ ဦးက သေတယ်။ သွေးထွက်လွန်ပြီး သေသွားတာ။ သူတို့ ဆေးရုံလည်း မပို့ဘူး။ ၅ ယောက် ကတော့ ဒဏ်ရာရတယ်။ ကျန်တဲ့လူတွေကတော့ စစ်ကောင်စီတပ်က သေနတ်နဲ့ လိုက်ပစ်လို့ ဝပ်နေကြတဲ့အချိန် အဖမ်း ခံလိုက်ရတာ။ အဲဒီနေရာမှာ အဖမ်းခံရတာ အားလုံး လူပေါင်း ၄၀ ကျော်တယ်။ လသားအရွယ် ကလေးငယ်တွေလည်း ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ဖမ်းဆီးခံရသည့်မြို့ခံများကို စစ်ကောင်စီက မျက်နှာဖုံးစွပ်ပြီး ရိုက်နှက်မှုများပြုလုပ်သလို ပါလာသည့် ရွှေ ၊ ငွေများနှင့် အသုံးအဆောင်ပစ္စည်းများကို ယူဆောင်ပြီး ညမထွက်ရအမိန့်ဖြင့် တရားစွဲဆိုခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူများက ပြောသည်။
စစ်ကောင်စီထံဖမ်းဆီးခံခဲ့ရသူတဦးက “ကျနော်တို့ကို မျက်နှာဖုံးစွပ်ပြီးတော့ ခြေထောက်တွေနဲ့ ကန်တယ်။ လက်သီးနဲ့ ထိုးတယ်။ ကျနော်မှာ ဝတ်ထားတဲ့ လက်စွပ်ကိုလည်း ချွတ်ယူတယ်။ ကျောပိုးအိတ်ကိုလည်း သူတို့ ယူသွားတယ်။ အိတ်ထဲ ထည့်ထားတဲ့ လက်တော့ပ်နဲ့ ဘွဲ့လက်မှတ်တွေပါ သူတို့ ယူသွားတယ်။ ပြီးရင် ကျနော်တို့ကို ရဲစခန်းပို့တယ်။ ရဲတွေက အထုတ်တွေကို ဖွင့်ပြီးတော့ အဝတ်အစားအကောင်းတွေကို တခါ ခိုးကြတယ်။ ကျနော်တို့ကိုထားတဲ့ အမှတ် ၁ စခန်းမှာ အချုပ်ခန်း ၃ ခန်းရှိတယ်။ တခန်းမှာ လူ ၄၀ လောက်ကို ထည့်တယ်။ လူတွေ ပြည့်နေတဲ့အတွက် ကျနော်တို့ လုံးဝ မအိပ်ခဲ့ရဘူး ” ဟု ဧရာဝတီသို့ ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် စစ်တွေမြို့ကို ပြီးခဲ့သော ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက လျှပ်စစ်မီးနှင့် ရေများ ဖြတ်တောက်ထားပြီး တခြားမြို့နယ်များနှင့်လည်း အဆက်အသွယ်ဖြတ်ထားသည့်အတွက် လက်ရှိမြို့ပေါ်တွင် ဆန် ၁ အိတ် ၂၅၀,၀၀၀နှင့် ဓါတ်ဆီ ၁ လီတာ ၁၈,၀၀၀ ကျပ်အထိ ဈေးနှုန်းများဖြစ်ပေါ်နေသလို အခြေခံစားသောက်ကုန်ဈေးနှုန်းများ မှာလည်း အဆမတန် မြင့်တက်ပြီး ကုန်ပစ္စည်းများလည်း ပြတ်လပ်နေကြောင်း မြို့ခံများထံမှ သိရသည်။
ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် AAက ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် ရခိုင်ပြည်နယ် တောင်ပိုင်း ရမ်းဗြဲ မြို့နယ်တို့ကို အလုံးစုံ သိမ်းပိုက်ထားသည့်အပြင် ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်ကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားသည်။
၂၀၂၃၊ နိုဝင်ဘာမှ ၂၀၂၄၊ မေလအထိ ၆ လအတွင်း ရခိုင်ပြည်နယ်အနှံ့ စစ်ကောင်စီဖမ်းဆီးထားသော အရပ်သားစုစုပေါင်း ၁၄၈ ဦးရှိကြောင်းနာမည်စာရင်းများနှင့်တကွ AA က မေလ ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
You may also like these stories:
မြောက်ပိုင်းတခွင် စစ်ရေးက စစ်တွေကို ဦးတည်လာပြီ
AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်
စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ