ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဟာ စစ်ဦးစီးချုပ် အသစ်ခန့်အပ်မှုနဲ့ အတူ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက် ပိုင်းထိစပ်ရာ ရွှေလီမြစ်ဝှမ်းဒေသမှာ တပ်မဟာသစ်တခုကို မကြာခင်က တိုးချဲ့ ဖွဲ့စည်းလိုက်ပါတယ်။
စစ်ဦးစီးချုပ် အသစ်အဖြစ်လာသူကတော့ ဗိုလ်ချုပ် ဝမ်းခန့်အောင်ဆိုင်းလာ ဖြစ်ပြီး မေလ ၁၃ရက်က ကွယ်လွန်သွား တဲ့ ဒုတိယဗိုလ်ချုပ်ကြီး အာရ် ခေါင်လွမ်းနေရာကို အစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
KIA ဖွဲ့စည်းပုံမှာတော့ စစ်ဦးစီးချုပ်၊ ဒုစစ်ဦးစီးချုပ် – ၁၊ ဒုစစ်ဦးစီးချုပ် -၂ ဆိုကာရှိပြီး ဒုစစ်ဦးစီးချုပ် -၁ ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆိုင်းလာ ဟာ အခုတော့ စစ်ဦးစီးချုပ်ဖြစ်လာပြီး ဒုစစ်ဦးစီးချုပ် -၂ တာဝန်ယူခဲ့သူ ဗိုလ်ချုပ် မရန်ဇော်တောင် ဟာလည်း ဒုစစ်ဦးစီးချုပ် ၁ ဖြစ်လာခဲ့ပါပြီ။
KIA ရဲ့ သမိုင်းဝင်နေ့ရက်ဖြစ်တဲ့ မေလ ၁၈ ရက်နေ့မှာပဲ စစ်ဦးစီးချုပ်သစ် ခန့်အပ်မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပြီး အဲဒီနေ့ဟာ ၁၉၆၁ ခုနှစ် သိန္နီမြို့အရှေ့တောင်ဘက်က ယခုတော့ Ja Yang ဟုခေါ်တဲ့ နေရာမှာ စစ်တပ်နဲ့ ပထမဆုံး တိုက်ပွဲ ဆင်နွှဲ ခဲ့တဲ့ နေ့ဖြစ်ပါတယ်။
KIA စစ်ဦးစီးချုပ်သစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်အောင်ဆိုင်းလာ ဟာ တနိုင်းဇာတိဖြစ်ပြီး မန္တလေးတက္ကသိုလ်ကျောင်းထွက် ဘွဲ့ရတဦးဖြစ်တယ်လို့ KIA က လုပ်ဖော်ကိုင်ဖက်ဟောင်းတဦးက ဆိုပါတယ်။
ဒါ့အပြင် ကျောင်းဆရာအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သလို “Plasatik”၊ ဝမ်းခန့်အောင် စတဲ့ ကလောင်အမည် တွေနဲ့ “ဂျိန်းဖော့အစ ကြိုင်ခူးက” ဆိုတဲ့ ဂျိန်းဖော့လူမျိုးတို့ရဲ့ သမိုင်းကြောင်း၊ “တကျော့ပြန်နှင့် ကျွန်တော်” ၊ “အညတရ ၏ အချိုးအကွေ့ များ(၁+၂)” ၊ “ဟူးကောင်းသိန်းပေါ” ၊ “အလှဘုရင်မအိန်ရော်” စတဲ့ စာအုပ်တွေကို ရေးသားထုတ်ဝေခဲ့တယ်လို့ သိရပါတယ်။
၁၉၈၅ ခုနှစ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA )ထဲ တပ်သားအနေနဲ့ စတင်ဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ တပ်ရင်းမှူး၊ ထောက်လှမ်းရေးမှူး၊ စစ်ရုံးချုပ်စတဲ့ တပ်ပိုင်း ဆိုင်ရာအဆင့်ဆင့် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆိုင်းလာနဲ့ ပတ်သက်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက “စစ်ဖက်ဆိုင်ရာဘက်မှာတော့ သူလည်း ကျွမ်းကျွမ်းကျင်ကျင်နဲ့ ထမ်းဆောင်တဲ့ ပုဂ္ဂိုလ်တယောက်ပါ။ အဓိက တပ်ပိုင်းဆိုင်ရာ စစ်ရုံးချုပ်နဲ့ ဆိုင်တဲ့ တာဝန်တွေ ကို တဆင့်ပြီး တဆင့်ထမ်းဆောင်ပြီးမှ အခု စစ်ဦးစီးချုပ်ဖြစ်လာတာ။ ဒုစစ်ဦးစီးချုပ် လုပ်တဲ့ချိန်မှာလည်း စစ်ဆင်ရေး ကို ကွပ်ကဲတာ ဖြစ်ပြီး၊ ကျနော်တို့ ကချင်ပြည်နယ်စစ်ဆင်ရေးတွေ၊ နွေဦး တော်လှန်ရေးမှာလည်း အဖက်ဖက်ကနေ အတတ်နိုင်ဆုံး ကူညီပံ့ပိုးတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ထို့အတူပဲ ဒုစစ်ဦးစီးချုပ်ဖြစ်လာသူ ဗိုလ်ချုပ်မရန်ဇော်တောင်ဟာလည်း စစ်ရုံးချုပ်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့အပြင် မဟာဗျူဟာနဲ့ သုတေသနဌာနမှူး တာဝန်ယူခဲ့သူ၊ ၎င်းတို့နှစ်ဦးစလုံးကို ပေးအပ်တဲ့ တာဝန်တွေ ကျေကျေ ပွန်ပွန် ထမ်းဆောင်နိုင်မယ်လို့ ယုံကြည်တာကြောင့် ခန့်အပ်ခဲ့တာလို့ ဗိုလ်မှူးကြီး နော်ဘူက ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆိုင်းလာဟာ KIA မှာ တာဝန်ထမ်းနေစဉ်မှာပဲ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီနိုင်ငံရေး လှုပ်ရှားမှု အနေဖြင့် ကချင်လွတ်လပ်ရေး အဖွဲ့ချုပ် (KIO) ဒုတိယဥက္ကဌ (ငြိမ်း) ဒေါက်တာမနမ်တူးဂျာနဲ့ အတူ ကချင်ပြည် နယ်တိုးတက်ရေး ပါတီ (Kachin State Progressive Party-KSPP)ကို ဦးဆောင် လှုပ်ရှားခဲ့ပါတယ်။
အဲဒီတုန်းက ပါတီမှတ်ပုံတင်ရာမှာ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကော်မရှင်က KSPP ပါတီဟာ KIO နဲ့ ပတ်သက်နေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ မှတ်ပုံတင်ခွင့်ပယ်ချခဲ့ပါတယ်။ အဲဒီအချိန်မှာ KIA ကို နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ စစ်တပ်က ဖိအားပေးနေပြီး နှစ်ဖက်ဆက်ဆံရေး တင်းမာနေချိန်ဖြစ်ပါတယ်။
ကချင်နိုင်ငံရေး၊ စစ်ရေးလေ့လာသူတဦးက “ပါတီကိုစလုပ်တော့ ဒေါက်တာတူးဂျာနဲ့ KIA ထဲက သဘာရှိတဲ့ လူ ၅ ယောက်ထဲမှာ သူပါတယ်၊ ပါတီရဲ့ ထိပ်တန်းပုဂ္ဂိုလ်တဦးလို့ ပြောလို့ ရတာပေါ့။ ၂၀၁၁ ပါတီက မှတ်ပုံတင်မရတော့ သူတို့လည်းဆက်မလုပ်နိုင်တော့ဘူး။ နောက်တော့ ပါတီက နားပြီးမှ KIA ထဲမှာ မိခင်အလုပ်ကို ပြန်လုပ်တဲ့သဘောပါ” လို့ ဆိုပါတယ်။
ကျောင်းဆရာဟောင်း စာရေးဆရာတဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆိုင်းလာဟာ အလုပ်ဖြစ်အောင်လုပ်တတ်သူ တဦး ဖြစ်ပေမယ့် စစ်ဦးစီးချုပ်တာဝန်တွေကိုတော့ ဘယ်လောက်အထိ ထမ်းဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပဲလို့ သူကရှု့မြင်ပါတယ်။
၂၀၁၁ ခုနှစ် KIA နဲ့ စစ်တပ် တိုက်ပွဲတွေ ပြန်ဖြစ်လာတဲ့အခါ ဗိုလ်ချုပ်အောင်ဆိုင်းလာဟာ ပါတီနိုင်ငံရေး က အနားယူပြီး KIA ကို ပြန်သွားကာ စစ်ရေးတာဝန်တွေ ပြန်ထမ်းဆောင်ခဲ့ပါတယ်။
အခုလို စစ်ဦးစီးချုပ် အပြောင်းအလဲ အပေါ်မှာ KIA နဲ့ ပူးပေါင်းပြီး ကချင်နဲ့ စစ်ကိုင်းတိုင်းတို့မှာ အမှတ် ၁ စစ်ဒေသ အဖြစ် သတ်မှတ်ကာ စစ်ရေးဖော်ဆောင်နေတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ မှတ်ချက်ချ တစုံတရာ ပြောဆိုခြင်း မရှိသေးပါဘူး။
ရွှေလီမြစ်ဝှမ်းက တပ်မဟာအသစ်
စစ်ဦးစီးချုပ် အပြောင်းအလဲနဲ့ အတူ KIA ဟာ သူတို့ ထိန်းချုပ်ထားတဲ့ ကချင်နဲ့ ရှမ်းမြောက်နယ်စပ် ရွှေလီမြစ်ဝှမ်း ဒေသမှာ အမှတ် ၁၁ တပ်မဟာဆိုကာ အသစ်တခု ထပ်မံတိုးချဲ့ ဖွဲစည်းလိုက်တယ်လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ က အတည်ပြုပြောပါတယ်။
ဒီ တပ်မဟာသစ်နယ်မြေဟာ တရုတ်မြန်မာနယ်စပ် မံဝိန်းကြီးကနေ ရွှေလီမြစ်ဝှမ်းက မဘိမ်း၊ ကချင်ပြည်နယ် ရွှေကူမြို့ တို့ အထိ ပါဝင်ပြီး စိုးမိုးနယ်မြေ ကျယ်ပြန့်လာတာနဲ့အမျှ အုပ်ချုပ်ရေးယန္တရားတိုးချဲ့ဖို့ ထပ်မံဖွဲ့စည်းလိုက်တာလို့ သိရ ပါတယ်။
ဒီဒေသမှာ အရင်က KIA အရှေ့ပိုင်းစစ်ဌာနချုပ်၊ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နဲ့ တပ်ရင်း ၂၇ တို့က လှုပ်ရှားခဲ့ဖူးပါတယ်။
ကချင်၊ ရှမ်းမြောက်နဲ့ စစ်ကိုင်းတိုင်းတို့ ထိစပ်နေတဲ့ ဒီဒေသဟာ စစ်ရေးဗျူဟာမြောက် အရေးပါတဲ့အပြင် စီးပွားရေး အရလည်း တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်တဲ့ နေရာတခုဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။
နမ့်ခမ်းမြို့ အနောက်ဘက်ကမ်းက မံဝိန်းကြီးဟာ မူဆယ်နဲ့ လွယ်ဂျယ်တို့လို တရားဝင်နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ မရှိပေမယ့် ရေရှည်မှာတော့ အရေးပါတဲ့ ကုန်သွယ်လမ်းကြောင်းတခုဖြစ်လာနိုင်တယ်လို့ ကချင်စစ်ရေး၊ နိုင်ငံရေး လေ့လာသူ တဦးက သုံးသပ်သည်။
“အုပ်ချုပ်ရေးယန္တရားလွယ်အောင် တပ်မဟာထပ်ဖွဲ့ပေမယ့် စီးပွားရေးအရ တရုတ်ပြည်နဲ့ ဆက်စပ်တဲ့နေရာတွေ ဖြစ် တယ်။ မံဝိန်းကြီးမှာ ဂိတ်တော့ရှိပေမယ့် သိပ်ကြီးတာတော့မဟုတ်ဘူး နောက်တော့ရှိလာမယ့် သဘောပေါ့ စစ်ကိုင်း တို့ ရှမ်းမြောက်တို့နဲ့လည်း ဆက်စပ်နေတော့ ပထဝီအနေအထားအရလည်း အရေးကြီးတဲ့နေရာဖြစ်တယ်”လို့ သူက ဆိုပါတယ်။
လတ်တလောမှာတော့ တပ်မဟာ ၁၁ အဖြစ် ဖွဲ့စည်းသတ်မှတ်လိုက်တဲ့ မံစီတောင်ဘက် မံဝိန်းကြီးက အနောက်ဘက် ရွှေကူဒေသအထိ နယ်မြေများအတွင်းမှာရှိတဲ့ စစ်တပ်စခန်းတော်တော်များများကို KIA က သိမ်းပိုက်ပြီးဖြစ်တဲ့အပြင် မံစီနဲ့ မိုးမောက်မှာရှိတဲ့ တပ်ရင်းဌာနချုပ်တွေကိိုပါ ထိုးစစ်ဆင်နေပါတယ်။
မတ်လ ၇ ရက်နေ့က စခဲ့တဲ့ KIA ထိုးစစ်ဟာ အခုအခါမှာတော့ ကချင်ပြည်နယ်အတွင်းက တပ်ရင်းဌာနချုပ်တွေ၊ ဗျူဟာကုန်းတွေ စခန်းကုန်းတွေ တရာလောက် သိမ်းထားနိုင်ခဲ့ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မြစ်ကြီးနားနဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှိရာ ဗန်မော်တို့ကို ခြိမ်းခြောက်နေကြောင်း တင်ပြလိုက်ပါတယ်။
You may also like these stories:
ဗန်းမော်ခရိုင်အတွင်း စခန်းသိမ်းတိုက်ပွဲများ ပြင်းထန်နေ
ဝိုင်းမော်ရှိ ရွှေညောင်ပင် ခမရ ၃၂၁ကို KIA သိမ်း
KIA ထိုးစစ် ဝိုင်းမော်မြို့ကို ခြိမ်းခြောက်လာ
ကချင်စစ်မျက်နှာတွင် ဗျူဟာမြောက် စစ်ဆင်နေသည်