အင်ဒိုပစိဖိတ်ဒေသတွင် အမေရိကန်နှင့် တရုတ်အကြား သြဇာအတွက် တင်းမာမှုနှင့် ယှဉ်ပြိုင်မှု မြင့်မားနေချိန်တွင် တကမ္ဘာလုံးမှ အစိုးရခေါင်းဆောင်များ၊ ကာကွယ်ရေး အရာရှိများနှင့် သံတမန်များသည် အာရှ၏ အရေးအပါဆုံး လုံခြုံရေးဖိုရမ်အတွက် စင်ကာပူ၌ ယခု ရက်သတ္တပတ်ကုန်တွင် စုဝေးနေကြသည်။
တရုတ်သည် မကြာသေးမီနှစ်များအတွင်း ရေတပ်ကို အလျင်အမြန် တိုးချဲ့ကာ တောင်တရုတ်ပယ်လယ် တခုလုံးနီးပါးကို ပိုင်နက်အဖြစ် တောင်းဆိုရာတွင် ပိုမိုသြဇာပြလာသည်။ ထိုသို့လုပ်သောကြောင့် ဒေသတွင်းမှ အခြားနိုင်ငံများ၊ အထူးသဖြင့် ဖိလစ်ပိုင်၊ ဗီယက်နမ်တို့နှင့် တိုက်ရိုက် ပဋိပက္ခအရေအတွက် မြင့်မားလာသည်။
တချိန်တည်းတွင် အမေရိကန် ပြည်ထောင်စုသည် ထိုင်ဝမ်ရေလက်ကြား အပါအဝင် အငြင်းပွား ရေပိုင်နက်များတွင် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အလေးထားသည့် ၎င်း၏ “လွတ်လပ် ပွင့်လင်းသော အင်ဒိုပစိဖိတ်” အယူအဆကို အရေးပါကြောင်း ပြရန် ထိုဒေသအတွင်း မဟာမိတ်များနှင့် စစ်ရေးလေ့ကျင့်မှု အရှိန်မြှင့်တင်နေသည်။
ဒီမိုကရက်တစ် ကိုယ်ပိုင်အုပ်ချုပ်နေသည့် ထိုင်ဝမ်ကျွန်းကိုလည်း တရုတ်က ပိုင်နက်ဖြစ်သည်ဟု ကြေညာပြီး အင်အားသုံးသိမ်းယူမှု မလုပ်ဟု မပြောနိုင်ကြောင်း ကြေညာသည်။
တောင်တရုတ်ပင်လယ်တွင် လွန်ခဲ့သောနှစ်က ရေပိုင်နက်အငြင်းပွားမှု မြင့်မားလာသောကြောင့် ဖိလစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ အစိုးရသည် အာရှ၊ အနောက်နိုင်ငံ အများအပြားနှင့် လုံခြုံရေး မဟာမိတ်သစ်များ ထူထောင်ရန် လုပ်ဆောင်နေပြီး ၂၀၁၄ ခုနှစ် ကာကွယ်ရေး သဘောတူစာချုပ်အရ ပိုမိုများပြားသည့် ဖိလစ်ပိုင် စစ်စခန်းများတွင် အမေရိကန် စစ်ရေးတည်ရှိမှုကို ခွင့်ပြုထားသည်။
သေနင်္ဂဗျူဟာလေ့လာရေး နိုင်ငံတကာ အင်စတီကျု (IISS) က ကျင်းပသည့် ယခုနှစ် ရှန်ဂရီလာ ဆွေးနွေးပွဲကို သမ္မတ မားကို့စ်က သောကြာနေ့တွင် အဖွင့်မိန့်ခွန်းဖြင့် ဖွင့်လှစ်သည်။
တရုတ်ကမ်းခြေစောင့်တပ်က “တရုတ်၏ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်လာသည့်” ပြည်ပသင်္ဘောများကို သိမ်းယူရန်နှင့် နိုင်ငံခြားသင်္ဘောသားများကို ရက်ပေါင်း ၆၀ ဖမ်းဆီးခွင့်ပြုသည့် ဥပဒေသစ်ကို စိုးရိမ်ကြောင်း သမ္မတ မားကို့စ်က ယခုအပတ်အတွင်း ပြောကြားထားပြီးဖြစ်သည်။ ထိုဥပဒေက တရုတ်ကမ်းခြေစောင့်တပ် အနေဖြင့် လိုအပ်ပါက နိုင်ငံခြားသင်္ဘောများကို ပစ်ခတ်နိုင်သည့် ၂၀၂၁ ခုနှစ်က ဥပဒေကိုလည်း ကိုးကားမှုသစ် ပြုလုပ်ခဲ့သည်။
ဖိလစ်ပိုင် သင်္ဘောများသည် တရုတ်နှင့် ပုံမှန် ထိပ်တိုက်တွေ့နေသောကြောင့် အနည်းငယ်ထိပ်တိုက်တွေ့လျှင်ပင် တင်းမာမှုမြင့်သွားနိုင်သည့် စိုးရိမ်မှုများရှိကြောင်း စင်ကာပူ စီမံခန့်ခွဲရေး တက္ကသိုလ် (SMU) မှ နိုင်ငံတကာ ဥပဒေပါမောက္ခ ယူဂျင်းတန်က ပြောသည်။
“ဒီနိုင်ငံတွေက တနိုင်ငံနဲ့တနိုင်ငံ စစ်တိုက်ဖို့ တကယ်မျှော်လင့်နေတယ်လို့ မထင်ဘူး။ ဒါပေမယ့် ဒီအသေးစား တိုက်ခိုက်မှုတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုက တခါတရံ အတွက်အချက်မှားတဲ့အခါ အခြေအနေဆိုးသွားပြီး အင်အားသုံးနိုင်တယ်ဆိုတဲ့ အချက်ပဲဖြစ်တယ်” ဟု ၎င်းက ပြောသည်။
“ဒေသတွင်းက ဒီနိုင်ငံတွေ မလိုချင်ဆုံးအရာ၊ အထူးသဖြင့် သူတို့တွေ ကပ်ရောဂါအလွန် ပြန်လည် နာလန်ထနေချိန်မှာ မလိုချင်ဆုံးအရာက ဒေသတွင်းပဋိပက္ခ တံခါးဝကို ရောက်လာမှာပဲ ဖြစ်တယ်လို့ ထင်တယ်” ဟုလည်း ပါမောက္ခ ယူဂျင်းတန်က ပြောသည်။
တရုတ်က ထိုင်ဝမ် ပတ်ဝန်းကျင်တွင် ကြီးမားသော စစ်ရေးလေ့ကျင့်မှု ပြုလုပ်ပြီး ထိုကျွန်းကို ဝိုင်းပတ်ပိတ်ဆို့သည့် အသွင်ယူ ပိတ်ဆို့မှုကို ပြသပြီး တပတ်အကြာတွင် ယခုနှစ် ညီလာခံကို ကျင်းပခြင်းဖြစ်သည်။ ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းဖြစ်သည်ဆိုသည့် ပြောဆိုမှုကို လက်မခံသည့် အစိုးရသစ် ထိုင်ဝမ်တွင် တက်လာပြီးနောက် တရုတ်က အထက်ပါ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်သည်။
တရုတ်က ထိုင်ဝမ်ကို ၎င်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်လာရမည့်၊ လိုအပ်လျှင် အင်အားသုံးထိန်းချုပ်ရမည့် သစ္စာဖောက် ပြည်နယ်အဖြစ် သတ်မှတ်သည်။
နိုင်ငံအများစုကဲ့သို့ပင် အမေရိကန် ပြည်ထောင်စုသည် ထိုင်ဝမ်နှင့် တရားဝင် သံတမန် ဆက်ဆံရေး မရှိသော်လည်း အမေရိကန် ဥပဒေများအရ ထိုင်ဝမ် ကိုယ့်ကိုကိုယ်ကာကွယ်ရေး နည်းလမ်းများ ပံ့ပိုးပေးရန် လိုအပ်သည်။ တရုတ်၏ စစ်ရေးလေ့ကျင့်မှုများသည် ဂရုမစိုက်သည့် လုပ်ရပ်ဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုပြောသည်။
၂၀၂၂ ခုနှစ်တွင် ထိုစဉ်က အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ထိုင်ဝမ်သို့ သွားရောက်သဖြင့် တရုတ်ကို ဒေါသထွက်စေပြီး အမေရိကန်နှင့် တရုတ်စစ်တပ်များအကြား နှစ်ဖက် အဆက်အသွယ် ပြတ်တောက်သွားသည်။
ထိုအဆက်အသွယ်ကို မကြာသေးမီလများက တဖြည်းဖြည်း ပြန်လည်ထူထောင်ပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး ဒုန်ကျန်တို့သည် ရှန်ဂရီလာ ဆွေးနွေးပွဲ တက်ရောက်ပြီး ဆွေးနွေးပွဲ မစတင်မီ သောကြာနေ့တွင် နှစ်ဖက် တွေ့ဆုံဖွယ်ရှိသည်။
ထိုသို့ တွေ့ဆုံခြင်းသည် ဆွေးနွေးပွဲများ ပျက်သွားပြီးနောက် ၎င်းတို့နှစ်ဦး ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံခြင်းဖြစ်မည် ဖြစ်သော်လည်း ယခင်က ဖုန်းဖြင့် ဆက်သွယ်ပြောဆိုခဲ့ဖူးသည်။
ယခုဆွေးနွေးပွဲများမှ ထူးခြားသည့် အောင်မြင်မှု မမျှော်လင့်သော်လည်း နှစ်နိုင်ငံအကြား တင်းမာမှု လျှော့ချရေးအတွက် ၎င်းတို့နှစ်ဦး တိုက်ရိုက်ဆက်သွယ်ခြင်းသည် အရေးကြီးကြောင်း ပါမောက္ခ တန်က ပြောသည်။
“ဘယ်လိုမျိုး ခိုင်မာတဲ့ ရှေ့ခြေလှမ်းတွေကို မျှော်လင့်တယ်ဆိုရင် ကျနော်တို့က ရှန်ဂရီလာ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး မျှော်လင့်ချက် အလွန်အကျွံထားရာ ရောက်တယ်။ ရှန်ဂရီလာ ဆွေးနွေးပွဲဟာ ယုံကြည်မှု တည်ဆောက်ရေးမှာ တဖြည်းဖြည်း တိုးတက်လာတဲ့ ခြေလှမ်းတွေအတွက် အခွင့်အလမ်းကို အမှန်တကယ် ဖန်တီးပေးတယ်” ဟုလည်း ၎င်းက ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အော်စတင်သည် ထိုဖိုရမ်တွင် စနေနေ့နံနက် မိန့်ခွန်း ပြောပြီး တရုတ် နိုင်ငံခြားရေးဝန်ကြီး ဒုန်သည် ဖိုရမ်နောက်ဆုံးနေ့ တနင်္ဂနွေတွင် မိန့်ခွန်းပြောမည်ဖြစ်သည်။
ကိုးကား ။ ။ AP သတင်း World defense officials hold talks in Singapore with tensions between China and the US as backdrop
You may also like these stories:
ထိုင်ဝမ်သိမ်းပိုက်ရေး တရုတ် အကြို စစ်ရေးလေ့ကျင့်ဟု အမေရိကန် ဗိုလ်ချုပ်ကြီး ပြော
တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ ရင်ဆိုင်ဖို့ အမေရိကန် ရွေးချယ်
အာဆီယံဥက္ကဋ္ဌ လာအိုကို အခက်တွေ့စေမည့် တောင်တရုတ်ပင်လယ် တင်းမာမှုနှင့် မြန်မာအကြမ်းဖက်မှု
မြန်မာနှင့် တောင်တရုတ်ပင်လယ်အရေး အာဆီယံကို အကူအညီ ပိုပေးရန် ဘိုင်ဒင်ကတိပြု
ပေလိုစီခရီးစဉ် ၁၂ ရက်အကြာ ကန်ကွန်ဂရက်အမတ်များ ထိုင်ဝမ်ထပ်လာ
အာရှပစိဖိတ်၏ အနာဂတ်သည် တရုတ်မဟုတ်ဘဲ ထိုင်ဝမ်သာဖြစ်