စစ်ကောင်စီသည် တတိယအသုတ် စစ်သားစုဆောင်းမှုအဖြစ် ဧရာဝတီနှင့် ပဲခူးတိုင်း ဒေသအချို့တွင် အမျိုးသမီးများကို အတင်းအကျပ် စစ်သားစုဆောင်းမှု စတင်နေကြောင်း ဒေသခံများက ပြောသည်။
ရပ်ကွက်နှင့် ကျေးရွာအချို့မှ အုပ်ချုပ်ရေးမှူးများသည် အမည်စာရင်းမှ အမျိုးသမီးအချို့ကို မဲစနစ်ဖြင့် ရွေးချယ်နေကြောင်း ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှ ဒေသခံများက ပြောသည်။ ရွေးချယ်ခံရသူများ စစ်မှုမထမ်းလိုက အုပ်ချုပ်ရေးမှူးများကို လာဘ်ထိုး သို့မဟုတ် အစားထိုးမည့်သူ ရှာပေးရသည်ဟု ၎င်းတို့က ပြောသည်။
“ကျမတို့မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာတချို့မှာ အမျိုးသမီးတွေကို မဲစနစ်နဲ့ ရွေးချယ်တာ မေလ ၂၅ ရက်နေ့က စတင်တယ်။ ဒါကြောင့် ရုတ်တရက် အတင်းအကျပ် စစ်သားစုဆောင်းတာ ခံရမှာစိုးလို့ ရန်ကုန်ကို ပြောင်းလာတာ” ဟု အသက် ၂၉ နှစ်အရွယ် အမျိုးသမီးတဦးက ပြောသည်။
စစ်ကောင်စီ၏ အတင်းအကျပ် စစ်သားစုဆောင်းမှု လမ်းညွှန်များအရ အသက်ကန့်သတ်ချက်ဖြစ်သည့် ၂၇ နှစ်ထက် ကျော်လွန်သော်လည်း သူသည် မအူပင် နည်းပညာတက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ ရထားသောကြောင့် အထူးကျွမ်းကျင်မှုတခုရှိသူဟု သတ်မှတ်ခံရနိုင်ပြီး အတင်းအကျပ် စစ်သားစုဆောင်းခံရနိုင်သည်။
စစ်တပ်သည် ဧရာဝတီတိုင်းမြို့တော် ပုသိမ်မှ အမှတ် ၆ အခြေခံစစ်ရေးလေ့ကျင့်ရေး သင်တန်းကျောင်းတွင် စစ်တန်းလျားသစ်များ အလျင်အမြန် တည်ဆောက်နေသည်ဟု ပုသိမ်အထူးတပ်ဖွဲ့ (PSTF) ခေါင်းဆောင် ကိုစစ်ရန်ရှင်းက ပြောသည်။ ထိုတပ်ဖွဲ့သည် ဒေသတွင်းတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် လူသိများသော တော်လှန်ရေးအဖွဲ့ ဖြစ်သည်။
စစ်ကောင်စီတပ်တွင်းမှ တော်လှန်ရေးကို ထောက်ခံသူ (ဖရဲသီး) များ၏ အဆိုအရ စစ်ကောင်စီသည် အခြေခံစစ်သင်တန်းအတွက် တတိယအသုတ် အတင်းအကျပ် စစ်သားစုဆောင်းရာတွင် အမျိုးသမီးများကို ထည့်သွင်းရန် ဆုံးဖြတ်လိုက်ကြောင်း၊ ထို့ကြောင့် အမျိုးသမီးများကို ထားရန် စစ်တန်းလျားများ လိုအပ်ကြောင်း ကိုစစ်ရန်ရှင်းက ပြောသည်။
“တချို့ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အမျိုးသမီးတွေ အပါအဝင် အမည်စာရင်း ပြုစုနေတယ်ဆိုတဲ့ သတင်းတွေ ကျနော်တို့ ကြားနေရတယ်။ ဒါဟာ အမျိုးသမီးတွေကို သတိပေးလိုက်တာပဲ” ဟု ၎င်းက ပြောသည်။
ပဲခူးတိုင်းအနောက်ပိုင်း အုတ်ဖိုမြို့နယ်တွင် အမျိုးသမီး ခုနစ်ဦးကို အတင်းအကျပ် စစ်သားစုဆောင်းရန် မေလ ၁၃ ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။ ၎င်းတို့အနက် တဦးကို နောက်တွင် ပြန်လွှတ်ပေးသော်လည်း ကျန်သူ ခြောက်ဦးကို စစ်သင်တန်းအတွက် တောင်ငူသို့ ပို့လိုက်ကြောင်း ဒေသခံ မီဒီယာသတင်းတခုတွင် ဖော်ပြသည်။
စစ်ကောင်စီသည် ကာလကြာမြင့်စွာ ကျင့်သုံးခြင်းမရှိသည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင် အသက်သွင်းလိုက်ပြီး အလျင်အမြန် ကျင့်သုံးရန် လုပ်ဆောင်သည်။
ဒုတိယအသုတ် အတင်းအကျပ် စစ်သားစုဆောင်းခံရသူများအတွက် သင်တန်းများကို ရန်ကုန်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းနှင် ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ ဒေသဆိုင်ရာ စစ်ဌာနချုပ်များတွင် မေလ ၁၄ ရက်နေ့က စတင်သည်။
အတင်းအကျပ် စစ်သားစုဆောင်းသည့် ဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများသည် စစ်တပ်တွင် အနည်းဆုံး နှစ်နှစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပြီး အရေးပေါ်အခြေအနေအရ စစ်မှုထမ်းကာလကို ငါးနှစ်အထိ တိုးချဲ့နိုင်သည်။ အသက်မွေးဝမ်းကြောင်း ပညာ သို့မဟုတ် နည်းပညာ အရည်အချင်းများရှိသည့် အမျိုးသားများအတွက် အကြီးဆုံး အသက်ကန့်သက်ချက်မှာ ၄၅ နှစ်ဖြစ်ပြီး အမျိုးသမီးများအတွက် အကြီးဆုံး အသက်ကန့်သတ်ချက်မှာ ၃၅ နှစ် ဖြစ်သည်။
ဒုတိယအသုတ်တွင် လူငယ်မည်မျှကို အတင်းအကျပ် စစ်သားစုဆောင်းခဲ့ကြောင်း စစ်ကောင်စီ မီဒီယာက ဖော်ပြခြင်း မရှိပေ။ တသုတ်လျှင် လူ ၅,၀၀၀ ပါဝင်မည်ဖြစ်ကြောင်းနှင့် အိမ်ထောင်မရှိသည့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ပဉ္စမအသုတ်တွင် စတင် ခေါ်ယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောခဲ့ဖူးသည်။
တယ်လီဂရမ်မှ စစ်ကောင်စီ ဝါဒဖြန့်ချိရေး လမ်းကြောင်းများက တင်သည့် အတင်းအကျပ် စစ်သားစုဆောင်းမှု သတင်းများကို ကိုးကားပြီး မြန်မာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က စစ်ကောင်စီသည် ပထမအသုတ်တွင် အမျိုးသား ၅,၀၀၀ နှင့် ဒုတိယအသုတ်တွင် အမျိုးသား ၄,၀၀၀ စုဆောင်းကြောင်း ဖော်ပြသည်။
တတိယအသုတ် လေ့ကျင့်ရာတွင် အမျိုးသမီးများကို ထည့်သွင်းရန် စစ်ကောင်စီ စီစဉ်နေသည်မှာ ထင်ရှားကြောင်း မြေပြင်အခြေအနေ အထူးသဖြင့် ဧရာဝတီနှင့်ပဲခူးတိုင်းမှ အခြေအနေက ဖော်ပြနေသည်။
တနိုင်ငံလုံးမှ အမျိုးသမီးများ အထူးသဖြင့် စစ်ကောင်စီ အခိုင်အမာ ထိန်းချုပ်ထားသည့် ဒေသများမှ အမျိုးသမီးများ အနေဖြင့် အတင်းအကျပ် စစ်သားစုဆောင်း မခံရစေရန် စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဝေးဝေးနေရမည်ဖြစ်ကြောင်း စစ်ကောင်စီဆန့်ကျင်ရေး ကသာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၂ မှ တပ်ဖွဲ့ဝင် မသဇင်မြင့်က ပြောသည်။
“အနှေးနဲ့အမြန်ဆိုသလို စစ်ကောင်စီက စစ်တပ်မှာလိုတဲ့ အင်အားဖြည့်ဖို့ ကျား၊ မ မရွေးလူတိုင်းကို အတင်းအကျပ် စစ်သားစုဆောင်း လိမ့်မယ်” ဟု ၎င်းက သတိပေးသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Begins Forced Conscription of Women in Some Areas, Residents Say ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်မှုထမ်းစာရင်း၌ ဌာနဆိုင်ရာဝန်ထမ်းသားသမီးများပါ၍ မိသားစု စိုးရိမ်
မန္တလေး၌ စစ်မှုထမ်းရန်အကျုံးဝင်သူများ မြို့က မထွက်ခွာဖို့ ဖိအားပေး
စစ်မှုထမ်းဥပဒေကြောင့်ပဲ စစ်တပ်ကိုပြန်တိုက်မယ့်လူငယ်တွေများလာ (ရုပ်/သံ)
စစ်မှုထမ်း အပတ်စဉ် ၂ အတွက် လူသစ် ဖမ်းဆီးစုဆောင်းနေ
မုံရွာ၌ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသူများ မလာ၍ ရပ်ကွက်တွင်း ဝင်ဖမ်း