စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတောကျေးရွာ၌ ယနေ့နံနက် ၈ နာရီခန့်တွင် မင်္ဂလာဆောင်တခုအား စစ်ကောင်စီ ဗုံး ကြဲခဲ့ရာ ကလေးငယ်များအပါဝင် သေဆုံးသူ ၂၇ ဦးထိ ရှိလာပြီး ၃၀ ကျော် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံ များထံမှသိရသည်။
မင်းကင်းမြို့နယ် ပကဖနှင့် နီးစပ်သူတဦးက “မတော မင်္ဂလာဆောင်ကို ဂျက်ဖိုက်တာနဲ့ မနက် ၈ နာရီ ၂၀ က ဗုံး ၂ လုံး လာချသွားတယ်။ လောလောဆယ်တော့ ကလေးငယ် ၃ ဦးအပါအဝင် ၂၇ ယောက် သေဆုံးပြီး ၃၀ ဒဏ်ရာရတယ်။ တံတားဦးကလာပစ်တဲ့ ဂျက်ဖိုက်တာပါ။ တိုက်ပွဲဖြစ်တာ မရှိဘဲ ပစ်တာပါ“ ဟု ဧရာဝတီကို ပြောသည်။
အဆိုပါ မင်္ဂလာဆောင်မှာ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) အဖွဲ့ဝင်တဦး၏ မင်္ဂလာဆောင်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဧရာဝတီအနေဖြင့် အတည်ပြုနေဆဲ ဖြစ်သည်။
မင်းကင်း ဒေသခံတဦးက “ပကဖအဖွဲ့ဝင်ဆိုတာ သေချာတော့အတည်မပြုနိုင်သေးဘူး။ PDF ခေါင်းဆောင်တဦးရဲ့ မင်္ဂလာဆောင်လို့တော့ ပြောကြတယ်။ နောက်တမျိုးပြောတာက ရွှေမျောပြန်တဦးရဲ့ မင်္ဂလာဆောင်တဲ့။ သူက PDF တွေကို ထောက်ပို့တာ၊ ကူညီတာတွေရှိတယ်ပေါ့၊ အဲဒီလိုလည်း ပြောကြတယ်” ဟု ပြောသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ကယ်ဆယ်ရေးလုပ်နေစဉ် ဒရုန်းဖြင့် ထပ်မံ တိုက်ခိုက်နေသဖြင့် ရှောင်တိမ်းလုပ်ကိုင်နေရကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။
မင်းကင်း ပကဖ နှင့် နီးစပ်သူတဦးက “ကင်းထောက်တွေက လေယာဉ်တွေလာနေလို့ ထူးခြားတယ်၊ ဘယ်မှာ တိုက်ပွဲ ရှိလဲပေါ့။ တိုက်ပွဲကိုပဲ သတိထားရတာကို။ ခေါင်းပေါ်ကနေ ဖြတ်သွားတာဆိုတော့ ကနီကို လှမ်းပြော၊ နီးစပ်ရာတွေကို သတိပေးခိုင်းပေမယ့် ဖုန်းလိုင်းက အခက်အခဲရှိတယ်။ ကနီတောင်ခြမ်းက ပစ်သံမကြားရဘဲ လှည့်ပြန်သွားတယ် ဆိုပြီး ပြောနေတော့ မဖြစ်နိုင်ဘူးပေါ့ အဲဒီလောက် မြန်ရင်နီးမယ်၊ သေချာထောက်ဆိုတော့မှ မင်္ဂလာဆောင်ပစ်လိုက်တာမှန်း သိတာ” ဟု ဧရာဝတီကို ပြောသည်။
လက်ရှိတွင် မင်းကင်းမြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များ ထပ်မံလာနေသဖြင့် ရုပ်အလောင်းများအား မကောက် နိုင်သေးဘဲ တိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
စစ်ကောင်စီ လော်ဘီ တယ်လီဂရန်ချန်နယ်များတွင် မင်းကင်း PDF ခေါင်းဆောင်မင်္ဂဆောင်အား ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချခဲ့ကြောင်း ဖြန့်ဝေထားကြသည်။
အဆိုပါ မတောကျေးရွာသည် မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ရိုးအောက်ဘက်တွင် တည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော် ရှိသည်။
ပြီးခဲ့သည့် မေလ ၄ ရက်ကလည်း မင်းကင်းမြို့နယ်၊ ပိက္ခယားရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ကလေး နှစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးပြီး၊ ၁၁ ဦး ဒဏ်ရာရရှိခဲ့သေးသည်။
၂၀၂၃ ဧပြီလ ၁၁ ရက် နံနက် ၈ နာရီခန့်ကလည်း စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာရှိ ရုံးဖွင့်ပွဲတခုကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော ကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူ ၁၈၁ ဦး သေဆုံးပြီး၊ အပြင်းအထန်ဒဏ်ရာရရှိသူ ၂၉ ဦးရှိကြောင်း NUG ၏ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်တွေ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ် အလောင်း ဖျောက်
ဗန်းမော်ခရိုင်အတွင်း စခန်းသိမ်းတိုက်ပွဲများ ပြင်းထန်နေ
မြောက်ဦး ထွေအုပ်ရုံး စစ်ကောင်စီ ဗုံးကြဲ