နိုင်ငံလွတ်လပ်ရေးရပြီး နှစ်ပေါင်း ၂၀၀ ကျော်အတွင်း မက္ကဆီကို၏ ပထမဆုံး အမျိုးသမီးခေါင်းဆောင် ဖြစ်လာမည့် ကလော့ဒီယာ ရှိုင်းဘောင်းသည် လက်ရှိအခြေအနေများကို ဆက်လက် ထိန်းသိမ်းရန် ကတိဖြင့် သမ္မတရွေးကောက်ပွဲတွင် အနိုင်ရသည်။
အသက် ၆၁ နှစ်အရွယ် မက္ကဆီကိုစီးတီး မြို့ဝန်ဟောင်းနှင့် တသက်တာ လက်ဝဲသမားဖြစ်သော မစ္စ ရှိုင်းဘောင်းသည် ယခင်သမ္မတ၏ ကျော်ကြားမှုကို အသုံးချသည့် စည်းကမ်းကျသော မဲဆွယ်ပွဲဖြင့် မေလ ၂ ရက်နေ့က ရွေးကောက်ပွဲတွင် အနိုင်ရကြောင်း တရားဝင် ကနဦး မဲရေတွက်မှုအရ သိရသည်။
အောင်ပွဲကို သူ လက်ဆုပ်လက်ကိုင် ရရှိလိုက်သောကြောင့် မက္ကဆီကိုနိုင်ငံသားများသည် သူ၏ ဆရာသမား လက်ရှိသမ္မတ အင်ဒရက် မန်နျူရယ် လိုပက် အိုဘရာဒေါနှင့် ကိုယ်ရည်ကိုယ်သွေး လွန်စွာခြားနားသော ရှိုင်းဘောင်း မည်သို့ သြဇာခိုင်မာအောင် လုပ်မည်ကို စောင့်ကြည့်ရတော့မည် ဖြစ်သည်။
သူသည် သမ္မတ လိုပက် အိုဘရာဒေါနှင့် နိုင်ငံရေးအရ ပုံစံတူပြီး မညီမျှမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် အစိုးရ၏ အခန်းကဏ္ဍနှင့် ပတ်သက်သည့် သူ၏ အတွေးအခေါ်များကို ယုံကြည်သူဖြစ်သော်လည်း ရှိုင်းဘောင်းသည် ထိုးနှက်တိုက်ခိုက်မှုနည်းပြီး အချက်အလက်များကို ပိုမိုဂရုစိုက်သည်ဟု မြင်ကြသည်။
ရှိုင်းဘောင်းသည် သိပ္ပံပညာနောက်ခံမှ လာသူ ဖြစ်သည်။ သူသည် စွမ်းအင် အင်ဂျင်နီယာပညာရပ်ဖြင့် ပါရဂူဘွဲ့ရသည်။ သူနှင့် မောင်နှမတော်သူသည် ရူပဗေဒပညာရှင် ဖြစ်သည်။ ၂၀၂၃ ခုနှစ်က AP သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် “ကျမ သိပ္ပံပညာကို ယုံကြည်တယ်” ဟု ပြောခဲ့ဖူးသည်။
မစ္စ ရှိုင်းဘောင်း၏ ကိုဗစ်နိုင်တင်းကပ်ရောဂါ ကာလအတွင်း မြို့ဝန်အဖြစ် လုပ်ဆောင်မှုများသည် ထိုအခြေခံကို ပြသနေသည်ဟု လေ့လာသူများက ပြောသည်။ ထိုစဉ်က သူ၏ မက္ကဆီကို စီးတီးတွင် နေထိုင်သူ ၉ သန်းသည် သမ္မတ လိုပက် အိုဘရာဒေါ ယုံကြည်ထားသည်များနှင့် မတူညီသောအမြင်ကို ပြသခဲ့သည်။
ဖက်ဒရယ် အစိုးရသည် ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ခြင်း၏ အရေးပါမှုကို အလေးမထားသော်လည်း မက္ကဆီကို စီးတီးသည် စစ်ဆေးမှု စည်းမျဉ်းများကို တိုးချဲ့ခဲ့သည်။ ဗိုင်းရပ်စ် အလျင်အမြန် ပျံ့ပွားနေချိန်တွင် သမ္မတ လိုပက် အိုဘရာဒေါက စီးပွားရေးကို ထိခိုက်စေမည့် မည်သည့် အစီအမံကိုမဆို ရှောင်ရှားလိုသော်လည်း မစ္စ ရှိုင်းဘောင်းသည် စီးပွားရေးလုပ်ငန်းများ၏ အချိန်နှင့် စွမ်းဆောင်မှုကို ကန့်သတ်သည်။
ထို့နောက် သမ္မတသည် လူအုပ်များအတွင်း သွားလာနေဆဲဖြစ်သည့် အချိန်တွင် သူသည် အများပြည်သူရှေ့တွင် နှာခေါင်းစည်း အကာအကွယ် ဝတ်ဆင်ပြီး social distancing လူမှုခွဲခွာနေထိုင်ခြင်းကို တိုက်တွန်းသည်။
မက္ကဆီကိုတွင် အကြမ်းဖက်မှုမြင့်မားခြင်းသည် အောက်တိုဘာလ ၁ ရက်နေ့တွင် ရာထူးလက်ခံပြီးနောက် သူချက်ချင်း ရင်ဆိုင်ရမည့် စိန်ခေါ်မှုဖြစ်သည်။ သမ္မတ လိုပက် အိုဘရာဒေါ ထူထောင်ခဲ့သည့် စစ်တပ်ပုံစံ အမျိုးသားအစောင့်တပ်ကို တိုးချဲ့ပြီး မက္ကဆီကို လူငယ်အများအပြားကို ရာဇဝတ်ဂိုဏ်းများက စည်းရုံးသိမ်းသွင်းစေသည့် လူမှုပြဿနာများအား အဓိကထားသည့် သူ၏ သေနင်္ဂဗျူဟာကို ဆက်လက် ကျင့်သုံးမည်ဆိုသည်ထက် ပိုမိုပြီး မဲဆွယ်ပွဲကာလအတွင်း မစ္စ ရှိုင်းဘောင်း မပြောသလောက်ပင်။
“ရှင်းလင်းအောင်ပြောရရင် သံလက်သီးနဲ့ အုပ်ချုပ်မယ်၊ စစ်ပွဲတွေလို တိုက်မယ်၊ အာဏာရှင်စနစ်လို ချေမှုန်းမယ်လို့ မဆိုလိုဘူး” ဟု မဲဆွယ်ပွဲကာလအတွင်း ရာဇဝတ်ဂိုဏ်းများကို ကိုင်တွယ်ဖြေရှင်းမည့် နည်းလမ်းနှင့် ပတ်သက်သည့် သူ၏အမြင်ကို ပြောပြသည်။
မစ္စ ရှိုင်းဘောင်းသည် သမ္မတ လိုပက် အိုဘရာဒေါကို လွန်စွာ ချီးကျူးသူဖြစ်ပြီး သမ္မတ ပြောသည်ထက် ပိုမပြောသလောက်ပင် ဖြစ်သည်။ လူသန်းပေါင်းများစွာကို ဆင်းရဲနွမ်းပါးစေခြင်းအတွက် လစ်ဘရယ် လက်သစ် စီးပွားရေးမူဝါဒများကို ၎င်းက အပြစ်တင်ပြီး ခိုင်မာသော လူမှုဖူလုံရေး နိုင်ငံတော်အတွက် ကတိပြုကာ မက္ကဆီကို၏ နိုင်ငံပိုင်ရေနံကုမ္ပဏီကြီး Pemex ကို ချီးကျူးသလို သန့်ရှင်းသောစွမ်းအင်ကို အလေးထားမည်ဟုလည်း ကတိပြုသည်။
“ကျမ လက်ဝဲသမားဖြစ်ရတာ ဒါနဲ့ သက်ဆိုင်ပြီး နိုင်ငံသားအားလုံးအတွက် အနိမ့်ဆုံးအခွင့်အရေးတွေကို အာမခံတယ်” ဟု မစ္စ ရှိုင်းဘောင်းက AP သတင်းဌာနသို့ လွန်ခဲ့သောနှစ်တွင် ပြောကြားခဲ့သည်။
အခြားအစိုးရဌာနများနှင့် သတင်းမီဒီယာကို လူသိရှင်ကြား တိုက်ခိုက်လိုသော သမ္မတ လိုပက် အိုဘရာဒေါ နှင့်မတူဘဲ မစ္စ ရှိုင်းဘောင်းသည် တိုက်ခိုက်လိုစိတ် ပိုမိုနည်းပြီး တိုက်ခိုက်ရာတွင်လည်း ပိုမိုရွေးချယ်မည်ဟု လေ့လာသူများ ယူဆသည်။
“သူက ဦးတည်ဘက် ပြောင်းမယ့်ပုံစံရှိတယ်။ ဘယ်လောက်အထိလဲတော့ မသိသေးဘူး” ဟု အီဘာရိုအမေရိကန် တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပညာရှင် အိုင်ဗွန်း အကျူနာ မူရီလိုက ပြောသည်။
မစ္စ ရှိုင်းဘောင်းသည် ကက်သလစ်အများစု နိုင်ငံကို ဦးဆောင်မည့် ပထမဆုံး ဂျူးနွယ်ဖွားလည်း ဖြစ်လာသည်။
ကိုးကား ။ ။ AP သတင်း A scientist, a leftist and a former Mexico City mayor. Who is Claudia Sheinbaum?
You may also like these stories:
၂၀၂၆ ကမ္ဘာ့ဖလားကို အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည်
ဒေါ်နယ် ထရမ့် ထောင်ကျနိုင်ခြေရှိသလား
ပြင်သစ် ဓာတ်ပုံဆရာမ တဦး၏ တီယန်မင် အတွေ့အကြုံ
သမ္မတ ရိုင်စီ သေဆုံးပြီးနောက် အီရန်မှာ ဘာတွေ ဖြစ်နိုင်သလဲ
ကာကွယ်ရေးဝန်ကြီး ရွှိုင်ဂူကို ပူတင် ဘာကြောင့်ဖြုတ်သလဲ