ရခိုင်ပြည်နယ် မောင်တောမြို့ မြောက်ပိုင်းကို ထိန်းချုပ်ထားသော အာရက္ခတပ်တော်(AA)သည် တောင်ပိုင်းရှိ ကျောက်ပန္ဒူ၊ မြင်းလွတ်၊ အင်းဒင်၊ မောရဝတီ တို့မှ နယ်ခြားစောင့်ရဲစခန်းများ ဆက်လက် ထိုးစစ်ဆင်နေရာ စခန်းအချို့ သိမ်းပိုက်ရရှိပြီး တိုက်ပွဲပြင်းထန်နေကြောင်း AA နှင့်နီးစပ်သည့် မောင်တောဒေသခံတဦးက ပြောသည်။
၎င်းက “မောင်တောမြောက်ပိုင်းတခုလုံးကိုတော့ AA ရသွားပြီ၊ အခုတိုက်ပွဲဖြစ်နေတာက တောင်ပိုင်းမှာဖြစ်နေတာ၊ အခု ရက်ပိုင်း စခန်းသုံးခုလောက်ကျသွားပြီ၊ မောရဝတီနဲ့ မြင်းလွတ်စခန်းတွေကလည်း ကျလုကျခင်ပဲ၊ စခန်းကြီးဆိုလို တပ်မမှူး ထိုင်နေတဲ့ မြို့သူကြီး နခခ (၅) တပ်တခုနဲ့မြို့ပေါ်ပဲ ကျန်တော့တယ်” ဟု ပြောသည်။
ကျောက်ပန္ဒူရွာအနီးရှိ နယ်ခြားစောင့်ရဲစခန်းများအား AA က ဇွန်လ ၂ ရက်ကစတင် ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အင်းဒင်၊ မြင်းလွတ်နှင့် မောရဝတီ နယ်ခြားစောင့်ရဲစခန်းများအား ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
မောင်တော- အငူမော် ကားလမ်းမဘေးရှိ မြင်းလွတ်ကျေးရွာအနီးမှ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၉)သည် ယခင် ၂၀၁၇ ပဋိပက္ခအတွင်း မီးလောင်ပျက်စီးခဲ့ရသည့် မြင်းလွတ်ကျေးရွာအုပ်စု မွတ်စလင်ရွာမြေများပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။
ထို့ပြင် နခခ (၆) ရှိရာ အင်းဒင်ရွာသည်လည်း ၂၀၁၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း ရိုဟင်ဂျာ ၁၀ ဦးအား စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့်နေရာဖြစ်သည်။
စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ဇွန် ၃နှင့် ၄ ရက်တွင် နခခ (၉ ) နယ်မြေအတွင်း တိုက်ပွဲပြင်းထန်ခဲ့ ရာ ကာကင်းစခန်း ၃ ခု ကျဆုံးသွားကြောင်း၊ ရွာသစ်ရဲကင်းစခန်းလည်း သိမ်းပိုက်ခံလိုက်ရသလို ရာသီဥတုက မိုးသည်း ထန်သော်လည်း နခခ(၆)နှင့် (၉ )မှာ AA၏ ပိတ်ဆို့မှု ခံထားရကြောင်း ရေးသားထားသည်။
လက်ရှိ AA ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများ ပြင်းထန်နေရာ လေကြောင်းတိုက်ခိုက်မှုအပြင် စစ်သင်္ဘောများ ကလည်း လက်နက်ကြီးပစ်ကူပေးနေသည့်အတွက် အနီးနားကျေးရွာ ဒေသခံများပါ ထွက်ပြေး တိမ်းရှောင်နေ ရကြောင်း သိရသည်။
မောင်တောမြို့ တောင်ပိုင်းတွင် ထိုးစစ်ဆင်နေသည်နှင့်တပြိုင်နက် မောင်တောမှ ဘူးသီးတောင်မြို့ဘက်အထွက်ရှိ နခခ-၂ ရှိရာ လေးမိုင်ဝန်းကျင်ရှိ ငွေတောင်ရွာအနီးတွင်လည်း ယမန်နေ့ကစတင်က AA နှင့် စစ်တပ်အကြား တိုက်ပွဲ ဖြစ်ပွားနေ ကြောင်း ဒေသအခြေပြုမီဒီယာများက ဖော်ပြကြသည်။
စစ်တပ်က လတ်တလောတိုက်ပွဲဖြစ်နေသည့် မောရဝတီဗျူဟာကုန်းနှင့် မြင်းလွတ်ရွာနယ်ခြားစောင့် မကျဆုံးရေးအတွက် နေ့ရော၊ ညပါ လေကြောင်းပစ်ကူပေးနေပြီး မောင်တောမြို့အနီး မြို့သူကြီးရပ်ကွက်ရှိ နခခ (၅) နှင့် မြို့ပေါ်တို့တွင် စခန်း စွန့်ခွာ ထွက်ပြေးလာကြသည့်တပ်ဖွဲ့ဝင်များ စုစည်းကာ အင်အားတိုးမြှင့်ထားကြောင်း ဒေသခံတဦးကပြောသည်။
ဘူးသီးတောင်မြို့ သိမ်းပိုက်ခံရပြီးနောက် ကုန်းလမ်းဖြတ်တောက်ပိတ်ဆို့ခံထားရသည့် မောင်တောမြို့အား စစ်တပ်က ရေကြောင်းကတဆင့် စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေပြီး လက်မလွှတ်ရရေး ကြိုးပမ်းလျက် ရှိနေကြောင်း ရခိုင်နိုင်ငံရေးသမားတဦးဖြစ်သူ ဦးဖေသန်းက ပြောသည်။
၎င်းက “ စစ်ကောင်စီက မြို့ကိုကာတဲ့အနေနဲ့ ရှေ့ကိုတိုးပြီးတော့ နေရာယူထားတဲ့အပိုင်းရှိတယ်၊ နောက်ပြီး ရေကြောင်း ကနေ အင်အားတွေ ဖြည့်တင်းနေတာတွေလည်း သတင်းတွေကြားရတယ်။ ဘူးသီးတောင်ကျသွားကတည်းက မောင်တောက ကုန်းလမ်းဖြတ်တောက်ခံလိုက်ရပြီး သီးခြားပဲ ကျန်တော့တာ။ အဲဒီတော့ မောင်တောတခုတည်းကနေ စစ်ကောင်စီက ပြန်ပြီးထိုးစစ်ဆင်မယ်ဆိုတာ သိပ်ပြီးတော့ မဖြစ်နိုင်ဘူး” ဟု ပြောသည်။
လတ်တလော မောင်တောမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး AA ထံသို့ ဆက်သွယ် သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးသကဲ့သို့ စစ်တပ်ဘက်မှလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ယမန်နှစ် နိုဝင်ဘာလကစတင်ပြီး ရခိုင်ပြည်နယ်အတွင်း ထိုးစစ်ဆင်နွှဲနေသည့် AA က ဆက်လက် သိမ်းပိုက်ရန် ကျန်ရှိနေသည့် မောင်တော၊ စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ သံတွဲနှင့် ဂွ မြို့နယ်တို့အတွင်းက စစ်တပ်စခန်းအားလုံး တခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ရန် စီစဉ်လျက်ရှိကြောင်း ဇွန်လ ၂ ရက်က AAမှ ကြေညာထားသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်အတွင်းရှိ နာမည်ကျော် ငပလီကမ်းခြေမှ သုံးမိုင်ခန့်အကွာ၌ AA နှင့် စစ်တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပိုမိုပြင်းထန်လာသည့် တိုက်ပွဲများကြောင့် သံတွဲလေဆိပ်အား ယာယီ ပိတ်ထားရကြောင်းလည်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
AA ကို တိုက်ရန် ရိုဟင်ဂျာလက်နက်ကိုင်များ စစ်သားစုဆောင်း
မောင်တောကို သိမ်းရန် AA စစ်ရှိန်မြှင့်
အမ်းစစ်ဌာနချုပ်၏ ဗျူဟာကုန်း သိမ်းပိုက်နိုင်ရေး AA ဆက်လက်ထိုးစစ်ဆင်
မြောက်ဦးမြို့တွင်း တိုက်ပွဲပြင်းထန်နေ