မြန်မာမှ ဝယ်ယူမှုများသောကြောင့် ထိုင်း အိမ်ခြံမြေဈေးကွက် တက်လာသည့် သတင်းများ ထွက်လာပြီးနောက် ထိုင်းကွန်ဒိုမီနီယံများကို မြန်မာနိုင်ငံအတွင်း ရောင်းဝယ်ခြင်းအား ဖြိုခွဲရန် စစ်ကောင်စီ ကြိုးစားနေသည်။
ထိုင်းကွန်ဒိုမီနီယံများကို မြန်မာနိုင်ငံအတွင်း တရားမဝင် ရောင်းဝယ်မှုဖြင့် စစ်ကောင်စီအရာရှိများသည် ဇွန်လ ၃ ရက်နေ့တွင် လေးဦးကို ဖမ်းဆီးပြီး ပဉ္စမမြောက်တဦးကို လိုက်လံရှာဖွေနေသည်။
ထိုရောင်းဝယ်မှုသည် ရန်ကုန်တွင် ကျင်းပသည့် ထိုင်းအိမ်ခြံမြေ ပြပွဲများနှင့် ဆက်စပ်နေသည်။
ထိုမြန်မာနိုင်ငံသား ငါးဦးသည် ထိုင်းအိမ်ခြံမြေ ရောင်းဝယ်မှုဖြင့် မြန်မာငွေကြေးဈေးကွက်အတွင်း မတည်မငြိမ် ဖြစ်စေရန် လုပ်ဆောင်သည်ဟု စွပ်စွဲခံရသည်။
အိမ်ခြံမြေလုပ်ငန်းဖြစ်သည့် မင်းသူကုမ္ပဏီမှ ဒါရိုက်တာ ဦးအောင်ကျော်ထွန်းနှင့် အထွေထွေမန်နေဂျာ ဦးမင်းသူကျော်တို့သည် သက်ဆိုင်ရာအာဏာပိုင်များ၏ ခွင့်ပြုချက်မရဘဲ ရန်ကုန်မှ ဆီဒိုးနားဟိုတယ်တွင် ထိုင်းကွန်ဒို အိမ်ခန်းအရောင်းပြပွဲ ပြုလုပ်ခဲ့သည်ဟု စစ်ကောင်စီက ဇွန်လ ၃ ရက် ညဘက်သတင်းတွင် ကြေညာသည်။
၎င်းတို့ နှစ်ဦးသည် မြန်မာရှိ ကွန်ဒိုဝယ်ယူသူများထံမှ ငွေကို ထိုင်းသို့ ဟွန်ဒီကဲ့သို့ နယ်စပ်ဖြတ်ကျော် ငွေပေးချေစနစ်ကို တရားမဝင်လမ်းကြောင်းမှ လွှဲပြောင်းပေးသည်ဟု စစ်ကောင်စီက ပြောသည်။ ဦးအောင်ကျော်ထွန်းကို ဖမ်းမိသော်လည်း ဦးမင်းသူကျော်သည် တိမ်းရှောင်နေသည်ဟု စစ်ကောင်စီက ပြောသည်။
မြန်မာနိုင်ငံသား သုံးဦးလည်း မင်းသူ ကုမ္ပဏီမှတဆင့် ထိုင်းကွန်ဒို ဝယ်ယူသောကြောင့် ဖမ်းဆီးခံရသည်။ ၎င်းတို့သည် မြန်မာနိုင်ငံဗဟိုဘဏ်မှ ခွင့်ပြုချက်မရဘဲ ထိုင်းငွေစာရင်းများဖွင့်ပြီး ထိုငွေစာရင်းများမှ ကွန်ဒိုအတွက် ငွေပေးချေသောကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။
ထိုင်းကွန်ဒိုများကို မြန်မာမှ ဝယ်ယူသူများအား စစ်ကောင်စီက ဖြိုခွဲခြင်းသည် ဘဏ္ဍာရေးပြိုလဲမှုကို တားဆီးရန် နိုင်ငံမှငွေကြေးစီးထွက်မှုကို တားဆီးရေးအတွက် ပိုမိုမျှော်လင့်ချက်ကင်းလာသည့် စစ်ကောင်စီ၏ အားထုတ်မှု တစိတ်တပိုင်း ဖြစ်သည်။
လွန်ခဲ့သော အပတ်အတွင်း မြန်မာကျပ်ငွေသည် အမေရိကန် ဒေါ်လာနှင့်ယှဉ်လျှင် စံချိန်တင် တန်ဖိုးကျဆင်းပြီး ရွှေဈေးလည်း မြန်မာတွင် အမြင့်ဆုံးသို့ ရောက်လာသည်။ မေလ ၃၀ ရက်နေ့တွင် ကျပ်ငွေသည် တဒေါ်လာလျှင် ၅,၀၂၀ ကျပ်အထိ ကျဆင်းပြီး ၂၄ ကာရတ် ရွှေဈေးသည် တကျပ်သား (၁၆ ဒသမ ၃၃ ဂရမ်) လျှင် ကျပ် ၅၈ သိန်းအထိ တက်သည်။
ထိုအကျပ်အတည်း နှစ်ခုလုံးသည် စစ်ကောင်စီ၏ စီးပွားရေး၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှု အလွဲအမှားကြောင့် ဖြစ်ကြောင်း ထင်ရှားသော်လည်း စစ်ကောင်စီက ဈေးကစားသူများအဖြစ် အပြစ်တင်ကာ ရွှေကုန်သည်များကို ဖမ်းဆီးသည်။
ထိုင်းအိမ်ခြံမြေ ဈေးကွက်နှင့် ပတ်သက်သော မြန်မာနိုင်ငံသားများကို ဇွန်လ ၃ ရက်နေ့က ဖမ်းဆီးခြင်းသည် ထိုင်းကွန်ဒိုများကို မြန်မာနိုင်ငံသားများ ဝယ်ယူမှုမြင့်မားလာပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ယခုနှစ် ပထမ သုံးလပတ်အတွင်း မြန်မာနိုင်ငံသားများသည် ထိုင်းကွန်ဒိုဈေးကွက်တွင် ဒုတိယအများဆုံး ဝယ်ယူသည့် နိုင်ငံခြားသားများ ဖြစ်လာသည်ဟု ထိုင်းအိမ်ခြံမြေ သတင်းအချက်အလက်ဌာနက ဖော်ပြသည်။
မြန်မာမှ ဝယ်ယူသူများသည် ၂၀၂၂ ခုနှစ်တွင် ထိုင်းကွန်ဒိုဝယ်သည့် နိုင်ငံခြားသားများတွင် ထိပ်တန်း ၁၀ နိုင်ငံသားများ စာရင်းတွင် ပထမဆုံးအကြိမ် ပါဝင်လာကြောင်း ထိုဌာနက ပြောသည်။
မကြာသေးမီက ဘန်ကောက်ပို့စ် သတင်းအရ မြန်မာနိုင်ငံသား ဝယ်ယူသူများသည် ထိုင်းမှ အမည်ခံပေးသူမှတဆင့် ဝယ်ယူလေ့ရှိသောကြောင် မြန်မာများ ထိုင်းအိမ်ခြံမြေဝယ်ယူမှုသည် အိမ်ခြံမြေ သတင်းအချက်အလက်ဌာန၏ ဒေတာများထက် လွန်စွာပိုမိုများပြားနိုင်ကြောင်း သိရသည်။
“ကျနော် မကြာသေးမီက တာ့ခ်ခရိုင်၊ မဲဆောက်ကို ရောက်တော့ ခရိုင်ထဲက အထပ်နိမ့်တိုက်ခန်းတွေ ရောင်းအား အရမ်းကောင်းပြီး အားလုံးကို ထိုင်းအမည်နဲ့ ငွေပေးဝယ်နေတာ တွေ့ရတယ်” ဟု ဘန်ကောက်ပို့စ်က အိမ်ခြံမြေ သတင်းအချက်အလက်ဌာန အမှုဆောင်တဦးကို ကိုးကားဖော်ပြသည်။ “မြန်မာနိုင်ငံကလူတွေက အရောင်းဇုန်တခု ရှာဖွေနေတယ်” ဟု ဘန်ကောက်ပို့စ်သို့ ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာငွေဈေး ထိုးစိုက်ဆင်းပြီး ချမ်းသာသော မြန်မာနိုင်ငံသားများသည် ထိုင်းကွန်ဒိုများကို နေထိုင်ရန်ဖြစ်စေ၊ ၎င်းတို့၏ ကြွယ်ဝချမ်းသာမှုကို ဘတ်ငွေ ပိုင်ဆိုင်မှုအဖြစ် ပြောင်းရန်ဖြစ်စေ ဝယ်ယူကြသည်။
ထိုင်းကွန်ဒိုဝယ်ယူသည့် မြန်မာနိုင်ငံသားအများစုသည် ပုံမှန်လူများသာဖြစ်ကြောင်း ထိုင်း အိမ်ခြံမြေဈေးကွက်နှင့် ကျွမ်းဝင်သည့် သတင်းရင်းမြစ်တခုက ဧရာဝတီသို့ ပြောသည်။
“ဝယ်ယူသူတွေရဲ့ ၉၀ ရာခိုင်နှုန်းလောက်က ပုံမှန်လူတွေဖြစ်ပြီး ၁၀ ရာခိုင်နှုန်းလောက်သာ စစ်ကောင်စီနဲ့ ပတ်သက်တယ်” ဟု ထိုသတင်းရင်းမြစ်က ဖော်ပြပြီး စစ်ကောင်စီနှင့် ပတ်သက်သူများတွင် ဝန်ကြီးဟောင်းများ၊ ၎င်းတို့၏ မိသားစုများနှင့် ခရိုနီများ ပါဝင်ကြောင်း ရှင်းပြသည်။
“သူတို့တွေက ပုံမှန်အားဖြင့် ထိုင်းကိုယ်စားလှယ်တွေနဲ့ သူတို့ပိုင်ဆိုင်မှုကို ဖျောက်ထားတယ်” ဟုလည်း ၎င်းက ပြောသည်။
ထိုင်းတွင် ကွန်ဒိုဝယ်သည့် မြန်မာနိုင်ငံသားများကို ရိုးမဘဏ်မှတဆင့် ချေးငွေထုတ်ပေးသောကြောင့် မြန်မာမှ အချမ်းသာဆုံး ခရိုနီများအနက် တဦးဖြစ်သူ ဆာ့ဂျ်ပန်း (ခ) ဦးသိမ်းဝေကို စစ်ကောင်စီ အရာရှိများက လွန်ခဲ့သောအပတ်အတွင်း ခေါ်ယူစစ်မေးသည်ဆိုသည့် သတင်းများထွက်ခဲ့ကြောင်း ထိုကိစ္စကို သိသူတဦး ပြောသည်။ ဆာ့ဂျ်ပန်းသည် ရိုးမလုပ်ငန်းစု ဥက္ကဋ္ဌလည်း ဖြစ်သည်။
ရိုးမမှ ပြည်သူ့ဆက်ဆံရေး အမှုဆောင်တဦးက ထိုသတင်းများကို ငြင်းပယ်ပြီး ရိုးမသည် ထိုင်းကွန်ဒို ရောင်းဝယ်မှု မလုပ်ကြောင်း ဧရာဝတီသို့ ပြောသည်။ ဆာ့ဂျ်ပန်းသည် ရုံးတွင်ရှိပြီး လုပ်ငန်းများကို ပုံမှန်အတိုင်း လုပ်နေကြောင်း ထိုအမှုဆောင်က ပြောသည်။
နိုင်ငံခြားအိမ်ခြံမြေများ ဝယ်ယူရေးအတွက် ချေးငွေထုတ်ပေးခြင်းသည် မြန်မာဘဏ်များအတွက် တရားမဝင်ပေ။
မြန်မာနိုင်ငံသားများ ထိုင်းတွင် ကွန်ဒိုဝယ်ယူမှု များသည်ဆိုသည့် သတင်းများထွက်လာပြီးနောက် စစ်ကောင်စီသည် ထိုင်းကွန်ဒိုဝယ်ယူသူများ၏ ဝင်ငွေရင်းမြစ်၊ အခွန်ဥပဒေလိုက်နာမှုနှင့် ငွေပေးချေမှုများကို တရာမဝင် လမ်းကြောင်းများမှ ပြုလုပ်ခြင်း ရှိ၊ မရှိ သိရန် ၎င်းတို့၏ နောက်ခံများကို စုံစမ်းစစ်ဆေးနေသည်။
အွန်လိုင်း လမ်းကြောင်းများမှတဆင့် နိုင်ငံခြား ဈေးကွက်တွင် ကွန်ဒိုရောင်းဝယ်သူများကို ဖမ်းမည်ဟုလည်း စစ်ကောင်စီက ဇွန်လ ၃ ရက်နေ့တွင် ခြိမ်းခြောက်သည်။
ထိုင်း ကွန်ဒိုဝယ်ယူမှုများနှင့် ထိုင်းဘဏ်စာရင်းကိုင်သူများကို စစ်ကောင်စီက ဖြိုခွဲရာတွင် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်၏ သားသမီးများ လက်ရှိအချိန်အထိ မပါသေးပေ။ ၎င်း၏ သားသမီး နှစ်ဦးလုံးတွင် ထိုင်းဘဏ်အကောင့်များရှိပြီး ဘန်ကောက်မှ အဆင့်မြင့်ကွန်ဒို ပိုင်ဆိုင်မှုလည်း ရှိသည်။
အမည်ဆိုးကျော်ကြားသော စစ်ကောင်စီခရိုနီ လက်နက်ပွဲစား ထွန်းမင်းလတ်ကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလက ဘန်ကောက်တွင် ဖမ်းဆီးလိုက်သောအခါ ၎င်းတို့၏ ထိုင်း ဘဏ်စာရင်းနှင့် အိမ်ခြံမြေ ဝယ်ယူမှုသည် လူသိရှင်ကြား ဖြစ်လာသည်။ မင်းအောင်လှိုင် သားသမီးများ၏ ထိုင်းဘဏ်စာအုပ်များနှင့် ၎င်းတို့ နှစ်ဦးအနက် တဦးပိုင်သည့် အဆင့်မြင်ကွန်ဒို အရောင်းအဝယ်စာချုပ်တခုတို့ကို ထွန်းမင်းလတ်ထံမှ သိမ်းဆည်းမိကြောင်း မှတ်တမ်းတင်ထားသည်။
အမေရိကန် ဒေါ်လာ ၁ သန်းနီးပါးတန်သည့် အခန်း လေးခန်းပါ အဆင့်မြင့်ကွန်ဒို အရောင်းအဝယ်စာချုပ်သည် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ပိုင်ဆိုင်သည်ဟု Justice For Myanmar ဖော်ပြသည်။
ထိုလက်နက်ပွဲစားထံမှ သိမ်းဆည်းမိသည့် အခြားပစ္စည်းများတွင် ထိုင်း Siam Commercial Bank စာအုပ်နှစ်အုပ်လည်း ပါဝင်သည်။ ထိုဘဏ်စာအုပ်များသည် မင်းအောင်လှိုင်၏သမီး ခင်သီရိသက်မွန်၏ ဘဏ်စာအုပ်များ ဖြစ်သည်။
စစ်တပ်နှင့် နီးစပ်သော ရုပ်ရှင်သရုပ်ဆောင် နေတိုး၏ ဘန်ကောက်ကွန်ဒို အရောင်းမြှင့်တင်ရေး ဗီဒီယိုများကိုလည်း ဆိုရှယ်မီဒီယာတွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်နေရပြီး အရေးယူခြင်း မရှိပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Arrests Thai Condo Buyers, Realtors as Currency Crashes ကို ဘာသာပြန်သည်။)
You may also like these stories:
အတက်ကြမ်းနေသော ရွှေနှင့် ဒေါ်လာဈေးကွက်ကို စစ်ကောင်စီက အဖမ်းအဆီးများဖြင့် ထိန်းချုပ်
၂၀၂၂ အတွင်း ထိုင်းကွန်ဒို ဝယ်ယူမှု မြန်မာက ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းဝင်
သမီးအမည် မူးယစ်ဆေးမှုနှင့် ငွေကြေးခဝါချမှုမှ ပယ်ဖျက်ပေးရန် စစ်ခေါင်းဆောင်က ထိုင်းကိုတောင်းဆို
ထိုင်းသိမ်းသော ထွန်းမင်းလတ် ပိုင်ဆိုင်မှုများထဲ စစ်ခေါင်းဆောင်သားသမီးပိုင်များ ပါဟု ဆို
စစ်ကောင်စီနဲ့ ခရိုနီက ပုလင်းတူဗူးဆို့တွေ (ရုပ်/သံ)
ဒေါ်အောင်ဆန်းစုကြည်အစိုးရက စီးပွားရေးကို လျစ်လျူရှု့ဟု FMI ဥက္ကဋ္ဌ ဆာ့ဂျ်ပန်းပြော