မန္တလေးမြို့၊ ချမ်းအေးသာစံနှင့် မဟာအောင်မြေမြို့နယ်များရှိ လူနေဆိုင်ခန်း ၂၈၉ ခန်းတွင် နေထိုင်သူများအား ဇွန် ၇ ရက် နောက်ဆုံးထား ဖယ်ရှားပေးရန် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာများက ဖိအားပေးနေကြောင်း နေသည်။
ဖယ်ရှားပေးရမည့် တိုက်ခန်းများမှာ ချမ်းအေးသာစံမြို့နယ် ဗထူးအားကစားကွင်း၏ တောင်ဘက်နှင့် မြောက်ဘက်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် မြေပေါ်တွင် တည်ဆောက်ထားသည့် လူနေဆိုင်ခန်း ၈၉ ခန်းနှင့် မဟာအောင်မြေ ကျောက်စိမ်း ကျောက်မျက် ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) မြောက်ဘက်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာန ပိုင် မဟာ အောင်မြေအားကစားကွင်း ဘေးပတ်လည်မှ လူနေဆိုင်ခန်း ၂၀၀ ခန့်တို့ ဖြစ်သည်။
ဗထူးအား ကစားကွင်းအနီးမှ တိုက်ခန်းပိုင်ရှင်တဦးက “နို့တစ်စာကို မေလ ၂၅ ရက်က ပို့တာ ၁၅ ရက်အတွင်း ဖယ်ရှား ပေးရမယ်ဆိုပြီး ပါတယ်။ သူတို့က ရိုးရိုးဖယ်ရှားမှာ မဟုတ်ဘူး၊ ကျနော်တို့ကို ကျူးတွေဆိုပြီး ပြောပြီးတော့ အကြမ်းဖက်ပြီးတော့ ဖယ်ရှားမယ်ဆိုပြီး ပါပါတယ်။ ကျနော်တို့က ကျူးမဟုတ်ဘူး၊ တရားဝင် သူတို့ရောင်းချပေး ထားတာ၊ ခိုင်မာတယ်ဆိုပြီး ရောင်းချပေးထားပြီးမှ အခု ကျူးဆိုပြီး ဖယ်ရှားတာ” ဟု ပြောသည်။
ပေးပို့ထားသော အကြောင်းကြားစာများတွင် သတ်မှတ်ရက်အတွင်း ဖယ်ရှားပေးခြင်းမရှိပါက အင်အားသုံး၍ ဖယ်ရှား သွားမည်ဖြစ်သလို လျော်ကြေးပေးခြင်း၊ နေရာအစား ပေးခြင်းစသည့် ပြန်လည်ကုစားပေးရာရောက်သည့် ကူညီမှုများ မပါသဖြင့် လက်ရှိကာလမှာ ကျောင်းဖွင့်ချိန်ဖြစ်သလို စီးပွားရေးကျပ်တည်းမှုများကြောင့် ပြောင်းရွှေ့နေထိုင်ရန် အခက် အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားကွင်းအနီးရှိ လူနေဆိုင်ခန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ ဆောက်လုပ်ရေးလုပ်ငန်း မန္တလေးခရိုင် အင်ဂျင်နီ ယာမှူးရုံးပိုင် မြေပေါ်တွင် ၂၀၀၃ ခုနှစ်က ဝန်ထမ်းသက်သာဆိုင်ခန်း များအဖြစ် နဝရတ်ဆောက်လုပ်ရေးအဖွဲ့မှ ဆောက် လုပ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာ ၁၅ ပေ၊ ပေ ၃၀ RC ထပ်ခိုးပါ လူနေဆိုင်ခန်များအဖြစ် ဆောက်လုပ်ခဲ့ကြောင်း၊ ထိုသို့ ဆောက်လုပ်ပြီး နောက် နှစ် ၃၀ မြေငှားဂရမ်ဖြင့် ဆိုင်ခန်း တခန်းလျှင် ကာလပေါက်ဈေး ကျပ် သိန်း ၁၆၀ ကျော် ဖြင့် ရောင်းချခဲ့ခြင်းဟု သိရသည်။
ဗထူးအားကစားကွင်းအနီးမှ တိုက်ခန်းပိုင်ရှင်တဦးက “ဒီတိုက်ခန်းတွေကို ကန်ထရိုက်နဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ စာချုပ်ချုပ်ဆိုထားတာတွေ၊ နဝရတ်ဆောက်လုပ်ရေးက မောင်မောင်ဦးရဲ့ လက်မှတ်ထိုးတွေနဲ့ တရားဝင်ရောင်းချပေးခဲ့ တာ၊ အိုးအိမ်ကနေ ပြည်သူတွေ သက်သာချောင်ချိရေးအနေနဲ့ ဆောက်ပြီးတော့ ရောင်းပေးတာဆိုပြီး စာချုပ်ချုပ်ခဲ့ကြ တာ၊ ကျနော်တို့ကလည်း ခိုင်မာတယ်ဆိုလို့ ဝယ်ပြီးနေခဲ့ကြတာမျိုးပါ” ဟု ပြောသည်။
![](https://burma.irrawaddy.com/wp-content/uploads/2024/06/Bahtoo6jun242.jpeg)
ထိုသို့ ရောင်းချပြီးနောက် အမည်ပေါက်ဖြင့် ဝယ်ယူနေထိုင်သူမျာထံမှ မြေငှားခဟုဆိုကာ ကျပ် ၅၀၀၀ နှုန်းဖြင့် ၃ လ တဖြတ် ၆ လတဖြတ် ကောက်ခံခဲ့ရာ ၂၀၁၉ ခုနှစ်ထိ တလ ၅ သောင်းကျော်အပြင် အပို ၁၀ ရာခိုင်နှုန်းကိုပါ လမ်းဦး စီးဌာနသို့ ပေးဆောင်ခဲ့ရကြောင်း၊ ယခုအခါ ယင်းလူဆိုင်ခန်းများသည် တခန်းလျှင် ငွေကျပ် သိန်း ၃ ထောင်ဝန်းထိ ပေါက်ဈေးရှိနေပြီး ငှားရမ်းနေထိုင်သူများအနေဖြင့်လည်း ၅ သိန်းခန့် ပေး၍နေရကြောင်း သိရသည်။
၎င်းက ဆက်လက်၍ “ကျနော်တို့က အပိုင်ဝယ်ထားတာကို ငှားနေတဲ့ပုံစံမျိုးနဲ့ ကောက်ခဲ့ကြတာ၊ အခုလည်း သူတို့ လာမကောက်လို့ မဆောင်ကြရတာပဲရှိတယ်၊ ကျနော်တို့ကတော့ ပေးရမှာတွေ ပေးဆောင်ပြီး ကျန်နေတဲ့သက်တမ်း ကို ဆက်နေဖို့ ခွင့်ပြုပေးစေချင်တာပေါ့” ဟု ဗထူးအားကစားကွင်းအနီးမှ တိုက်ခန်းပိုင်ရှင်တဦးက ပြောသည်။
အဆိုပါ လူနေဆိုင်ခန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာနတို့က ဖိအားပေးဖယ်ရှားခိုင်ခြင်းဖြစ်ကာ အစိုးရအိမ်ဥပစာတွင် ခွင့်ပြုချက်မရှိဘဲ နေထိုင်သည်ဟု ယူဆသောကြောင့် ၁၉၅၅ ခုနှစ် အစိုးရအိမ် ဥပစာ (နှင်ထုတ်ခြင်း) အက် ဥပဒေပုဒ်မ (၃) အရ ထွက်ခွာ ပေးရန်အတွက် အသိပေးထားခြင်းမျိုးဟု သိရသည်။
ထိုသို့သော အခြေအနေများကြောင့် ရွှေ့ပြောင်းနေကြသူများရှိသလို ဆက်လက်နေထိုင်နေသူများလည်း ရှိပြီး ဖယ်ရှား ပေးရန် အကြောင်းကြားစာပေးပို့ပြီးနောက် မေလ ၃၀၊ ၃၁ ရက်များတွင် လျှပ်စစ်ဌာနမှ ဝန်ထမ်းများက ဗထူးအား ကစားကွင်းအနီးရှိ တိုက်ခန်းများမှ မီတာဘောက်များ ဖြုတ်သိမ်းသွားသလို စည်ပင်ရေပေးဝေမှုကိုပါ ဖြတ်တောက် ခြင်းများ ပြုလုပ်ထားကြောင်း သိရသည်။
မန္တလေးမြို့ခံ ရှေ့နေတဦးက “အခုလိုဖြစ်စဉ်တွေအပေါ် ဥပဒေအရ ကုစားခွင့်ကတော့ ပဋိညာဉ်သက်တမ်းမပြည့်ခင် ဖယ်ရှားခံရရင် နစ်နာကြေးရလိုမှုနဲ့ တရားစွဲဆိုခွင့်ရှိတယ်။ ဥပမာ- ဒီတိုက်ခန်းတွေကို ငှားနေတာ တလ ၅ သိန်းပေးရ မယ်ဆိုရင် ၁ နှစ်ကို သိန်း ၆၀၊ အဲဒီမှာ ၃ နှစ် သက်တမ်းကျန်နေတယ်ဆိုရင် သိန်း ၁၈၀ ပေါ့၊ အဲဒီလိုမျိုး နစ်နာကြေးရ လိုမှုကို တိတိကျကျနဲ့ လျှောက်ထားတရားစွဲရမယ်ပေါ့” ဟု ပြောသည်။
ထို့အတူ မဟာအောင်မြေအားကစားကွင်းဘေးပတ်လည်မှ လူနေဆိုင်ခန်းများသည်လည်း နှစ် ၃၀ နှစ်ရှည် ငှားရမ်းခွင့် ဖြင့် ဝယ်ယူနေထိုင်ကြခြင်းဖြစ်ကာ နေထိုင်ခွင့်သက်တမ်း ၇ နှစ်ကျော် ကျန်ရှိနေသေးသော်လည်း ဖယ်ပေးရန်အတွက် ဖိအားပေးခံထားရကြောင်း သိရသည်။
မဟာအောင်မြေ အားကစားကွင်း ဘေးပတ်လည်မှ တိုက်ခန်းပိုင်ရှင်တဦးက “ဘောလုံးကွင်းပတ်လည်ဆိုတော့ ဖယ်ရ မယ့် တိုက်ခန်း ၂၀၀ လောက်ထိ ရှိတယ်။ ၁၅ ရက်အတွင်း ထွက်ရမယ်ဆိုပြီး ပြီးခဲ့လ ၂၇ ရက်က နို့တစ်စာလာပို့သွား တာ၊ ဒီနေ့အထိတော့ ထွက်ဖို့ ဘာမှ မပြင်ဆင်ကြသေးတဲ့သူတွေ အများကြီး ရှိသေးတယ်။ အခုအချိန်က ရွှေ့ပြောင်းဖို့ လွယ်လွယ်ကူကူ မဟုတ်ဘူး။ အားလုံးနီးပါး ခက်ခဲနေကြတာဆိုတော့ အသနားခံစာ တင်ထားတာလေးကို အဆင်ပြေပါစေလို့ ဆုတောင်းရင်း စောင့်ပြီးနေကြတာမျိုးပေါ့” ဟု ပြောသည်။
![](https://burma.irrawaddy.com/wp-content/uploads/2024/06/Bahtoo6jun243.jpeg)
အာဏာသိမ်းပြီးနောက်ပိုင်း၌ ယင်းဆိုင်ခန်းများမှ ဖယ်ရှားပေးရန်အတွက် အသိပေးစာများ ၃ ကြိမ်ထက်မနည်း ပေးပို့ ခံရသဖြင့် နေထိုင်သူများက ဆောက်လုပ်ရေးဝန်ကြီးဌာန၏ အယူခံအဖွဲ့ထံကို အယူခံတင်သွင်းခဲ့ရာ အယူခံအဖွဲ့က ညှိနှိုင်းဆောင်ရွက်ရန်ဟု အသိပေးချက်နှင့်အတူ အယူခံခြင်းအား ပယ်ချခံခဲ့ရကြောင်း သိရသည်။
အဆိုပါအခြေအနေများအပေါ် စစ်ကောင်စီခန့် မန္တလေးတိုင်းအစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး အား ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ လက်ခံဖြေကြားခြင်း မရှိပေ။
ဖယ်ရှားပေးရမည့် လူနေဆိုင်ခန်းများသည် လူစည်ကား၍ အချက်အချာကျသော နေရာများဖြစ်ပြီး ဗထူးအားကစား ကွင်းအနီး လူနေဆိုင်ခန်းများတွင် ဆေးခန်း၊ ဆေးဆိုင်၊ စတိုးဆိုင်ကြီးများ၊ ဈေးဆိုင်ကြီးများ၊ ရုံးခန်းများလည်း ပါဝင်နေ ကာ ကျောင်းသား အရွယ် ကလေးသူငယ်များ၊ သက်ကြီးရွယ်အို၊ အငြိမ်းစား ဝန်ထမ်းများ အပါအဝင် နေထိုင်သူ ၅၀၀ ကျော်ရှိကြောင်း၊ မဟာအောင်မြေအားကစားကွင်းဘေးပတ်လည်မှ လူနေဆိုင်ခန်းများတွင် ကျောက်မျက် အရောင်း ပြခန်းများ၊ ကျောက်သွေးကျောက်ဖြတ်လုပ်ငန်းများ၊ အုတ်ထုံးသဲကျောက်ရောင်းဝယ်ရေး၊ စားသောက်ကုန် အရောင်း ဆိုင်များ အများစုဖြစ်ကြောင်း သိရသည်။
NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်ကလည်း နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြား ချက်အရ ဟုဆိုကာ တိုက်ခန်းများအား ဖယ်ရှားရန်လုပ်ဆောင်ခဲ့သည်ကို တိုက်ခန်းပိုင်ရှင်များစုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည် ထံ အသနားခံစာတင်ပြခဲ့ရာ ညွှန်ကြားချက်မရှိ ဟုဆိုကာ ဆောက်လုပ်ရေးဝန်ကြီး၊ ဒုဝန်ကြီးများ ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ပြီးနောက် ပါဝင်ပတ်သက်ခဲ့သည့် အရာထမ်း အမှုထမ်းများအား ရာထူးတိုး/လစာ ဆိုင်း ငံ့ခြင်း၊ နယ်ပြောင်းခြင်း၊ အလုပ်မှထုတ်ပယ်ခြင်းများအထိ အရေးယူခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် မတ်လအတွင်းကလည်း အားကစားနှင့် ကာယပညာဦးစီးဌာနက ဗထူးအားကစား ကွင်းပတ်လည်ရှိ လူနေဆိုင်ခန်း ၁၃၃ ခန်း၊ အောင်မြေ မန္တလာကွင်းရှိ ဆိုင်ခန်း ၉၅ ခန်း၊ ပြင်ဦးလွင်အားကစားကွင်းရှိ ဆိုင်ခန်း ၁၆၂ ခန်းတို့ကို နိုင်ငံတော် လိုအပ်ချက်ကြောင့်ဟုဆိုကာ ဖယ်ရှားရန်အကြောင်းကြားစာများ ပေးပို့ပြီးနောက် ဖယ်ရှားရှင်းလင်းခဲ့သေးသည်။
You may also like these stories:
မန္တလေး၌ အင်အားသုံး ကျူးကျော်ရှင်းလင်းမှုကြောင့် နေထိုင်ရေး အခက်တွေ့နေ
မန္တလေး၌ စစ်မှုထမ်းရန်အကျုံးဝင်သူများ မြို့က မထွက်ခွာဖို့ ဖိအားပေး
မန္တလေး ကျောက်ဝိုင်းအား စည်းကမ်းချက်သစ်များဖြင့် စစ်ကောင်စီ တင်းကျပ်
မန္တလေးမြို့က ကျူးရှင်းလင်းရေး သံသရာ