ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဆင်ခေါင်းငါးဖမ်းဇုန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဇွန် ၄ရက်က စစ်ကောင်စီမှ ၂ ရက် ဆက် ဗုံးကြဲပြီး ရေတပ်မှ အမြောက်ဖြင့် ပစ်သဖြင့် သေဆုံးသူများပြားကြောင်း ထွက်ပြေးလာသူ ဒေသခံများက ဆို သည်။
ဆင်ခေါင်းငါးဖမ်းဇုန်သည် သံတွဲဒေသ၏ အကြီးဆုံး ငါးဖမ်းဇုန်တခုဖြစ်ပြီး လူဦးရေ သောင်းဂဏန်းခန့်နေထိုင်ကြကာ၊ ၂၀၁၂ ခုနှစ်နောက်ပိုင်း လူမျိုးရေးနှင့် စစ်ပွဲမတည်ငြိမ်မှုများကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဒေသခံအများစု ရွှေ့ ပြောင်းနေထိုင်သည့် ရေလုပ်သားအများစုရှိရာ အရပ်တခုလည်း ဖြစ်သည်။
စစ်ကောင်စီလိုလားသူများ ထုတ်ပြန်ချက်များ အရ ဇွန် ၄ရက်က ဆင်ခေါင်းရွာတွင် အာရက္ခတပ်တော် (AA) တို့ ရောက်နေသည်ဟု သတင်းရသဖြင့် ကြည်း၊ ရေ၊ လေ တိုက်ခိုက်ရာ ရွာလုံးကျွတ်နီးပါး ပျက်စီး၍ ဒေသခံများ ထွက် ပြေးနေရကြောင်း၊ ဆင်ခေါင်းမော် အဖျားကို ရေတပ်က ပစ်ခတ်သလို ကြည်း၊ ရေ၊ လေ ပူးတွဲစစ်ဆင်ရေးဖြင့် ဆင်ခေါင်းမော် တနယ်လုံး သုတ်သင်ချေမှုန်းရာ AA များ အလောင်းမကောက်နိုင်ဘဲ ထွက်ပြေးကြောင်းဆိုထားသည်။
လက်ရှိ ထွက်ပေါ်နေသည့် သတင်းများအရ ၁၀ဦး သေဆုံးပြီး အိမ် ၂၀၀ခန့် ပျက်စီးသည် ဆိုသော်လည်း ထွက်ပြေး လာသည့် ဒေသခံများ၏ ပြောဆိုချက်အရမူ ပစ်ခတ်ခြင်းများကို ရက်ဆက်ပြုလုပ်နေသဖြင့် ဒေသခံ ဒါဇင်နှင့်ချီ သေဆုံးနိုင်သလို ရွာလုံးကျွတ်နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် နေကြရကြောင်း သိရသည်။
ထွက်ပြေး လွတ်မြောက်လာသော ဆင်ခေါင်းဒေသခံတဦးက “လာခေါ်မယ့်သူလည်း မရှိ၊ ပြေးလည်းမပြေးနိုင်တဲ့သူ တွေ ကတော့ ခုလောက်ဆို သေကုန်ကြပြီ ထင်တယ်၊ အလောင်းတွေ အများကြီးပဲ၊ ပုန်းကျင်းထဲမှာပဲ ပုန်းနေရင်း လက်နက်ထိလို့ သေကျန်ခဲ့သူတွေလည်း ရှိတယ်။ ဟိုနေ့က အလောင်းတွေတောင် မကောက်နိုင်သေးဘူး” ဟု ပြောသည်။
စစ်ကောင်စီသည် တိုက်လေယာဉ်နှင့် ထောက်ပို့လေယာဉ် ၂ စီးကို အသုံးပြုကာ လက်ရှိတိုက်ပွဲ ဖြစ်ပွားနေသော ငပလီ ကမ်းခြေမြို့နယ်၊ ဂေါ့ရပ်ကွက်တို့အပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ဆင်ခေါင်းကျေးရွာကိုပါ ၂ ရက်ဆက် တိုက် ခိုက်ခဲ့ ခြင်းဖြစ်ပြီး ဆင်ခေါင်းငါးဖမ်းဇုန်ရှိ မော်ဖျားရပ်၊ ကျောင်းနားရပ်နှင့် ကံကုန်းရပ်ရှိ နေအိမ်များ ပြိုကျပျက်စီးမှု များပြား ကြောင်း သိရသည်။
ဒေသခံတဦးက “မနေ့က မနက်ပိုင်းမှာတော့ ၁၅ ယောက်လောက် သေတယ်လို့ ဆင်ခေါင်းက ထွက်ပြေးလာနိုင်သူက ပြောတယ်။ ညနေပိုင်းကတော့ စာသင်ကျောင်း၊ ဓမ္မာရုံတွေပါ ကျတယ်၊ အပျက်အစီး များမယ်၊ လူသေတာ၊ ဒဏ်ရာ ရတာကိုတော့ နောက်ပိုင်းဟာတွေ အတိအကျ မသိရဘူး၊ ရွာကြီးဆိုတော့ အတိအကျ သိဖို့မလွယ်သေးဘူး” ဟု ပြော သည်။
အဆိုပါ တိုက်ခိုက်မှုများကြောင့် ဒေသခံအများစုမှာ တောင်ကုတ်နှင့် အနီးနားကျေးရွာများသို့ တိမ်းရှောင်လာကြပြီး၊ ယနေ့မနက်ပိုင်းထိ ပေါက်ကွဲသံများ ဆက်တိုက်ကြားနေရကြောင်း သံတွဲမြို့ခံများက ပြောသည်။
ဇွန်လ ၂ ရက်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားနေသည့် ငပလီကမ်းခြေမြို့၊ ဂေါ့ရပ်ကွက်၊ စပါးကြီးရပ်ကွက်များနှင့် ဆင် ခေါင်းကျေးရွာမှာ ၃ မိုင်ခန့် ဝေး၍ အလယ်တွင် တောင်ကြောတခုနှင့် ချောင်းမကြီးတခု ခြားထား သည်။
သံတွဲမြို့ပေါ်သို့ ရေလမ်းနှင့် ကုန်းလမ်းကို အသုံးပြု၍ သွားလာနိုင်သော်လည်း စစ်ကောင်စီက အဆိုပါလမ်းများကို ပိတ်ဆို့ဖြတ်တောက်ထားသည်မှာ ကာလအတန်ကြာပြီ ဖြစ်ပြီး လက်ရှိတွင် ဆင်ခေါင်းနှင့် ၃ မိုင်ခန့် ဝေးသည့် ကျောက်ကြီးပြင်ရွာအနီး ကျောက်ကာတောင်နှင့် ပျိုချောင်းကြား AA နှင့် တိုက်ပွဲဆက်ဖြစ်နေကြောင်း စစ်ကောင်စီလော်ဘီများ ရေးသားဖြန့်ဝေထားသည်။
ပြီးခဲ့သည့် မေလ ၂၉ ရက်ကလည်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက်ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ)မှ တပ်ဖွဲ့ဝင် များ၊ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ မှ တပ်ဖွဲ့ဝင်များ၊ အခြားသော တပ်ရင်းအချို့ ထုတ်နုတ်အင်အားများ၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နှင့် စစ်သင်တန်းဆင်း မွတ်စလင်တပ်ဖွဲ့ဝင် စသည့် စုစုပေါင်းအင်အား ၁၇၀ ကျော်သည် စစ်တွေမြို့၊ ဗျိုင်းဖြူရွာကို ဝိုင်းရံပိတ်ဆို့ကာ ပြည်သူများအား ပစ်မှတ်ထားပြီး အစုလိုက်သတ်ဖြတ်မှု ကျူးလွန်ခဲ့ရာ အသတ်ခံရသူ ၇၆ ဦးထိရှိလာကြောင်း ဇွန် ၄ ရက်တွင် AA က ထုတ်ပြန်သည်။
ယမန်နှစ် နိုဝင်ဘာလကစတင်ပြီး ရခိုင်ပြည်နယ်နေရာအနှံ့၌ တိုက်ပွဲများဖြစ်ပွားလာသလို ထိုးစစ်ဆင်နွှဲနေသည့် AA ကလည်း မောင်တော၊ စစ်တွေ၊ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ သံတွဲနှင့် ဂွ မြို့နယ်တို့အတွင်းက စစ်တပ်စခန်းအားလုံး တခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ရန်စီစဉ်လျက်ရှိကြောင်း ဇွန်လ ၂ ရက်တွင် ကြေ ညာထားသည်။
You may also like these stories:
သံတွဲဒေသခံတို့ စစ်ရှောင်မည့်လမ်းများ စစ်ကောင်စီ ပိတ်ထား
သံတွဲ သူဌေးချောင်း ရေအားလျှပ်စစ်အနီး တိုက်ပွဲ ပြင်းထန်နေ
သံတွဲမြို့ခံတို့ စစ်ရှောင်ရန် ပြင်
မောင်တောတောင်ပိုင်း နယ်ခြားစောင့်တပ်ရင်းများကို AA ဆက်လက် ထိုးစစ်ဆင်