လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အောက်ရှိ အမျိုးသမီး လူငယ်ထိန်းသိမ်းရေး သင် တန်းကျောင်းတချို့တွင် အသက်မပြည့်သေးသည့် နိုင်ငံရေးအကျဉ်းသူများနှင့် တခြားအကျဉ်းသူများကို အရေးယူရာ၌ အဝတ်အစားချွတ် အပြစ်ပေးသည့်အထိ လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှုများ ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) မှ သိရသည်။
၎င်းကျောင်းများမှာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းသွယ်ရှိ အမျိုးသမီး အသက်မွေးအတတ်ပညာသင်ကျောင်း၊ ကော့မှူးမြို့နယ်ရှိ အမျိုးသမီး ထိန်းသိမ်းရေးစခန်းနှင့် မန္တလေးတိုင်း ပုသိမ်ကြီးရှိ လူငယ်သင်တန်းကျောင်းတို့ဖြစ်ပြီး နိုင်ငံရေးပုဒ်မတပ်ကာ အဖမ်းခံရသည့် အသက်မပြည့်သေးသော မိန်းကလေးငယ်များကို စစ်ကောင်စီက လူငယ်ထိန်းသိမ်း ရေး သင်တန်းကျောင်း အမည်ခံထားသည့် လူငယ်အကျဉ်းထောင်များသို့ ပို့ဆောင် ဖမ်းဆီးထားခြင်းဖြစ်သည်။
အဆိုပါ လူငယ်ထိန်းသိမ်းရေးကျောင်းများ၌ ထိန်းသိမ်းခံရသူအများစုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅-က ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂ (က)၊ ၅၀ (ည) စသည့် နိုင်ငံရေးပုဒ်မများဖြင့် ပြစ်ဒဏ် ၃ နှစ်မှ ၁၅ နှစ်ထိ ကျခံနေရသူများဖြစ်ကြောင်း သိရသည်။
PPNM မှ ကိုသိုက်ထွန်းဦးက “အဲဒီသင်တန်းကျောင်းတွေမှာ အမျိုးသမီးငယ်တွေကို ကျောင်းအုပ်အပါအဝင် သူတို့အခေါ် ဆရာမတွေပေါ့။ သူတို့က တုတ်နဲ့ ရိုက်နှက်တာရှိတယ်။ အားလုံးကို လုပ်နေတာ မဟုတ်ပေမယ့် တချို့ အမျိုးသမီးငယ်တွေ ကို အပြစ်ပေးအရေးယူမှုက အဝတ်တွေချွတ်ပြီး ကိုယ်လုံးတီးနဲ့ ထားတဲ့အထိကို လုပ်ခဲ့တာလို့ သိရတယ်။ အမျိုးသမီးတွေ ကြားမှာလည်း လိင်စိတ်ခံယူမှုတွေ အမျိုးမျိုးရှိကြတော့ ဒီလိုမျိုး အပြစ်ပေး အရေးယူမှုတွေက ကလေးသူငယ် အခွင့်အရေး တွေကို ချိုးဖောက်သလို လူ့ဂုဏ်သိက္ခာကို ချိုးဖောက်နေခြင်း ဖြစ်တယ်” ဟု ပြောသည်။
အမျိုးသမီး အသက်မွေးအတတ်ပညာသင်ကျောင်း အမည်ခံထားသည့် ဗဟန်းမြို့နယ် ကျောင်းတွင် အသက်မပြည့်သေး သည့် နိုင်ရေးအကျဉ်းသူ အမျိုးသမီးငယ်များအပါအဝင် အခြား အမျိုးသမီးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ဖိနှိပ်မှု၊ လိင်ပိုင်းဆိုင်ရာ အရှက်ရစေမှုများ ခံစားနေရကြောင်း၊ အမျိုးသမီးငယ်များထားရာ အခန်းများ၊ ရေချိုးခန်းများနှင့် အိမ်သာများအား စောင့်ကြည့်ကင်မရာ CCTV များ တပ်ဆင်ထားကြောင်း၊ ထို့ကြောင့် အမျိုးသမီးငယ်များ ရေချိုးချိန်နှင့် အိမ်သာသွားချိန်များတွင် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများ ခံစားနေရကြောင်း၊ ထို့ပြင် စခန်းတွင်းသို့ ပြင်ပအမျိုးသားများ ဝင်ရောက်လာတတ်၍ စိတ်မလုံခြုံမှုများ ရင်ဆိုင်နေရကြောင်း ကိုသိုက်ထွန်းဦးက ပြောသည်။
နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (Women’s Organization of Political Prisoners WOPP) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ မဇင်မေသက်က “ ကလေးတွေအတွက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ဖိနှိပ်မှုတွေနဲ့ ကြုံတွေ့နေရတယ်။ နိုင်ငံရေး အကျဉ်းသူတွေကို လိင်ပိုင်းဆိုင်ရာစော်ကားခံနေရတာတွေ ရာဇဝတ်သားတယောက်လို ပြစ်ဒဏ် ပေးနေ တဲ့ကိစ္စတွေ အားလုံးကို မှတ်တမ်းယူပြီး သိမ်းဆည်းထားတယ်။ တရားမျှတမှုဖော်ဆောင်နိုင်တဲ့ တနေ့ကျရင် ကျူးလွန်ကြတဲ့သူတွေက သူတို့တာဝန် သူတို့ယူရမယ်လို့ အသိပေးချင်ပါတယ်” ဟု ပြောသည်။
ကော့မှူးအမျိုးသမီးထိန်းသိမ်းရေးစခန်း၌ အမျိုးသမီးလစဉ်သုံးပစ္စည်းလုံလောက်စွာ ထောက်ပံ့ပေးခြင်း မရှိသလို ရန်ကုန်၊ ဗဟန်းနှင့် မန္တလေး၊ ပုသိမ်ကြီးမြို့နယ်တို့ရှိ အမျိုးသမီးထိန်းသိမ်းရေးကျောင်းများတွင်လည်း ပါဆယ် မပို့နိုင်ခြင်းကြောင့် စားသောက်ရေးအဆင်မပြေမှု၊ ဆေးဝါးကုသစောင့်ရှောက်မှု လုံလောက်စွာ မရရှိသည့် အခြေအနေများနှင့် ရင်ဆိုင်နေ ရကြောင်းလည်း သိရသည်။
အဆိုပါ သင်တန်းကျောင်းများ၌ ပုံမှန်အားဖြင့် အသက် ၁၈နှစ်အထိသာ ထားရှိသော်လည်း လက်ရှိတွင် အသက် ၁၃ နှစ်မှ ၂၀ အထိ အမျိုးသမီးငယ်များရှိနေပြီး လွတ်ရက်စေ့ခါနီးအကျဉ်းသူများကို အကျဉ်းထောင်များသို့ မပို့တော့ခြင်း ကြောင့် အသက် ၂၀ အထိ ရှိနေခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ရှိ လူငယ်သင်တန်းကျောင်းများနှင့် နီးစပ်သူတဦးက ပြောသည်။
၎င်းက “ အသက်အရွယ်ကတော့ ၁၃ နှစ်ကနေ ၂၀ အထိရှိနေတယ်။ တချို့ကျတော့လည်း လွတ်ရက်စေ့တော့မှာ ဆိုတော့ ထောင်ကိုပြန်မပို့ဘဲ ဆက်ထားထားတာရှိတယ်။ ပျမ်းမျှဆိုရင်တော့ ၁၃ နှစ်ကနေ ၂၀ ကြားထိရှိတယ်။ ပုံမှန်ဆိုရင်တော့ ၁၈နှစ်အထိပဲ ရှိရမှာပါ။ အရေအတွက်တော့ တိတိကျကျပြောရခက်တယ်။ နိုင်ငံရေးမှုတင်မက အမှုအားလုံးပေါင်း ခန့်မှန်းကတော့ ရန်ကုန်၊ မန္တလေးကို ၂၀၀ နဲ့အထက်မှာ ရှိနိုင်တယ်” ဟု ပြောသည်။
အဆိုပါ လူငယ်သင်တန်းကျောင်းများသို့ ဖုန်းဖြင့်ခေါ်ဆိုမေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပါ။
စစ်ကောင်စီသည် အသက်မပြည့်သေးသည့် အမျိုးသားလူငယ်များကို ရန်ကုန် သံလျင်လူငယ်သင်တန်းကျောင်း၊ ငှက်အော်စန်း လူငယ်သင်တန်းကျောင်းနှင့် မန္တလေး လူငယ်သင်တန်းကျောင်းတို့၌ အဓိကဖမ်းဆီးထားပြီး အသက်မပြည့်သေးသည့် လူငယ်အမျိုးသမီးများကိုမူ ရန်ကုန် ဗဟန်းအမျိုးသမီးထိန်းသိမ်းရေးသင်တန်းကျောင်း ၊ကော့မှူးအမျိုးသမီးသင်တန်းကျောင်းနှင့် မန္တလေး ပုသိမ်ကြီးအမျိုးသမီး လူငယ်သင်တန်းကျောင်းတို့တွင် ဖမ်းဆီးထားသည်။
စစ်ကောင်စီ၏ လူမှုဝန်ထမ်းဦးစီးဌာန၏ စာရင်းများအရ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လူငယ်သင်တန်းကျောင်း ၁၁ ခုရှိကြောင်း သိရသည်။
You may also like these stories:
ထောင်တွင်း ဆေးကုသခွင့်မရ၍ သေဆုံးသည့် နိုင်ကျဉ်း ၁၆ ဦးခန့် ရှိလာ
မြန်မာနိုင်ငံရှိ ထောင်တချို့ ရေအခက်အခဲ ဆိုးဝါးစွာကြုံနေရ
၄၄ လမ်းဖြစ်စဉ်၌ အကျဉ်းကျသူ ၂ ဦး ကျန်းမာရေး မိသားစုစိုးရိမ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR