ကချင်လွတ်လပ်ရေး တပ်မတော်(KIA)က ၎င်းတို့သိမ်းထားသော ရှမ်းပြည်မြောက်ပိုင်းရှိ ဒေသများတွင် အုပ်ချုပ်ရေး ယန္တရား ချမှတ်ကာ အကောင်အထည်ဖော်နေပြီဖြစ်သည်။
KIA အုပ်ချုပ်ရေးကို ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာရွာနှင့် မန်တုံမြို့နယ်က မုန်းမော်(ခ)နမ်ဟိုင်းရွာစသည်တို့တွင် အဓိက ဆောင်ရွက်နေပြီး နမ္မတူ၊ သိန်းနီ၊ နမ့်ဆန်၊ မုံးကိုး စသည့်မြို့နယ်အတွင်းရှိ နေရာအချို့လည်း ပါဝင်ကြောင်း သိရသည်။
“ပြည်သူလူထုရဲ့ လုံခြုံရေး၊ စားဝတ်နေရေးတွေကို တာဝန်ယူပေးတဲ့သဘောပါ။ ကျနော်တို့ KIO အုပ်ချုပ်မှုယန္တရားကတော့ နဂိုထဲကရှိပြီးသားပါ။ အရင်က ကျနော်တို့မအုပ်ချုပ်နိုင်သေးတဲ့ရွာတွေကို အခုက အုပ်ချုပ်မှု ယန္တရားချပြီးမှ ဆောင်ရွက် တာပါ” ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူကဆိုသည်။
KIA တောင်ပိုင်းတိုင်း ကော်မတီအတွင်းရေးမှူးကလည်း အုပ်ချုပ်ရေးယန္တရား ဦးစားပေးလုပ်ဆောင်သည့်နေရာများတွင် အုပ်ချုပ်ရေးရုံး၊ ရဲစခန်း၊ လူဝင်မှုကြီးကြပ်ရေး၊ စည်ပင်သာယာရေး ရုံးနှင့် အခြားလိုအပ်သည့် ရုံးပိုင်းဆိုင်ရာများဖွင့်လှစ်ပြီး မြို့အင်္ဂါရပ်နှင့် ညီညွတ်စွာ အကောင်အထည် ဖော်သွားမည်ဟု KIA ပြန်ကြားရေးဌာနတွင် ပြောထားသည်။
လက်ရှိတွင် အိမ်ထောင်စု နှစ်ထောင်ကျော်၊ လူဦးရေ တသောင်းကျော်ခန့်ရှိသည့် နမ့်ဖတ်ကာရွာအား နယ်မြေခံ ကချင်၊ ရှမ်း၊ ပလောင်၊ တရုတ်စသည့် ဒေသခံ ရပ်မိရပ်ဖများဖြင့် ဖွဲ့စည်းထားသည့် ကော်မတီက အုပ်ချုပ်ရေးတာဝန်ယူနေပြီ ဖြစ် ကြောင်း KIA ကဆိုထားသည်။
နမ့်ဖတ်ကာတပ်စခန်းများကို KIA က ယခုနှစ်ဇန်နဝါရီလတွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး နမ်ဟိုင်းတပ်စခန်းကိုမူ ယမန်နှစ် အောက်တိုဘာ ၃၀ ရက်က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ယခင်ကတည်းက KIA ၏ တပ်မဟာ (၄)၊( ၆)နှင့် (၁၀) တို့အခြေစိုက်ထားပြီး ကွတ်ခိုင်၊ နမ့်ဆန်၊ တာမိုးညဲဒေသ၊ သိန်းနီ-ကွမ်းလုံကားလမ်း၊ ဗန်းမော်ခရိုင်ရှိ လွယ်ဂျယ်မြို့နယ်နှင့် လွယ်ဒေါင်ဒေသတို့တွင် လှုပ်ရှားလျက် ရှိသည်။
KIA က သိမ်းထားသည့် မြန်မာ- တရုတ်နယ်စပ် လွယ်ဂျယ်မြို့၌ KIA အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ဒေသခံလူထု တွေ့ဆုံပွဲများကို ဇွန်လ ၃ ရက်မှ ၅ ရက်အထိ ပြုလုပ်ခဲ့သလို ဇွန်လ ၄ ရက်ကလည်း KIA တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တာဝန်ရှိသူများမှ သိန်းနီမြို့နယ်ရှိ နမ့်စလပ်၊ နားတီး၊ ခလွမ်းနှင့် မန်လွန်ကျေးရွာခံ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။
“၁၀၂၇ စစ်ဆင်ရေး”တွင် ရှမ်းမြောက်ဒေသရှိ မြို့ရွာများအား သိမ်းပိုက်ထိန်းချုပ်ခဲ့သည့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA) ကလည်း အလားတူ ဒေသတွင်း အုပ်ချုပ်ရေးယန္တရားကို အပြိုင် အကောင်အထည်ဖော်နေရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အချင်းချင်းကြား အငြင်းပွားမှုများကလည်း ရှိနေသည်။
KIA အုပ်ချုပ်ရေးယန္တရားဖော်ဆောင်သည့် နမ်ဟိုင်းဒေသတွင် သတ္ထုတူးဖော်ရေးလုပ်ငန်းများရှိနေသည့်အတွက် TNLA နှင့် နယ်မြေထိန်းချုပ်ရေး အငြင်းပွားမှုဖြစ်နေကြောင်း ဒေသတွင်း သတင်းများက ဖော်ပြနေရာ ထိတွေ့အငြင်းပွားမှုဖြစ်ပွား နိုင် သည့် နေရာများနှင့် ပတ်သက်၍ နှစ်ဖက်ညှိနှိုင်းပြီးမှသာ ဆောင်ရွက်မည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၎င်းက “ပွတ်တိုက်မှုမဖြစ်နိုင်တဲ့ နေရာတွေကိုပဲ ကျနော်တို့ အုပ်ချုပ်ရေးယန္တရားတွေကို အဓိကချတာဖြစ်ပါတယ်။ ဥပမာ TNLA နဲ့ ပွတ်တိုက်မှု ဖြစ်နိုင်တဲ့ ရွာတချို့တွေလည်း ပါပါတယ်။ အဲဒီနေရာမျိုးတွေကတော့ ကျနော်တို့လည်း သူတို့နဲ့ ညှိနှိုင်းပြီးမှ လုပ်မှာဖြစ်ပါတယ်” ဟု ပြောသည်။
TNLA အနေဖြင့်လည်း သိမ်းပိုက်နယ်မြေများအတွင်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအကြား ထိတွေ့မှုနှင့် နားလည်မှုလွဲသည့် ဖြစ်ရပ်များ ရှိလာပါက နိုင်ငံရေးနည်းလမ်းနှင့်သာ ဆွေးနွေးဖြေရှင်းသွားမည်ဟု အဆိုပါ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ယခင်ကပြောထားသည်။
လတ်တလော ဖြစ်ပွားနေသည့် နယ်မြေအငြင်းပွားမှုများနှင့် ပတ်သက်၍မူ ဝ ပြည်သွေးစည်းညီညွတ် ရေးတပ်မတော် (UWSP/ UWSA)က ဦးဆောင်သည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA) တို့ ပါဝင်သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးရေး ကော်မတီ (FPNCC) က ကြားဝင်ဖြေရှင်းပေးရန် TNLA က စာပေးပို့တောင်းဆိုထား သည်။
TNLA ပေးပို့သည့်စာနှင့်ပတ်သက်၍ စာအားမြင်တွေ့ခဲသော်လည်း ထိုကိစ္စရပ်အပေါ် KIA ဗဟိုက တစုံတရာညွှန်ကြားခြင်း မရှိသေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
လတ်တလော တိုင်းရင်းသားလက်နက်ကိုင်များအကြား အငြင်းပွားမှုများနှင့်ပတ်သက်၍ ဒေသခံများအကြား စိုးရိမ်မှုများရှိ နေပြီး စစ်အင်အားသုံးဖြေရှင်းမှုမပြုဘဲ တွေ့ဆုံညှိနှိုင်ဖြေရှင်းကြရန် တိုက်တွန်းမှုများလည်းရှိနေသည်။
ရှမ်းသံတော်ဆင့်သတင်း ဌာနတည်ထောင်သူ ဦးခွန်ဆိုင်းကလည်း တိုင်းရင်းသားလက်နက်ကိုင်များအကြား အငြင်းပွားမှု များအပေါ် နှစ်ဖက်အင်အားသုံး ဖြေရှင်းမည်ဆိုပါက ပဋိပက္ခ ပြီးဆုံးသွားမည် မဟုတ်၊ အပြန်အလှန်တိုက်ခိုက်မှုများ နှစ် ပေါင်းများစွာ ဖြစ်ပေါ်နေမည်ဖြစ်၍ သက်ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် တရားမျှတမှုစနစ်တခု ထူထောင်ကျင့်သုံးကြရန် လိုကြောင်း သုံးသပ်ပြောကြားသည်။
လက်ရှိ အဆိုပါ ရှမ်းမြောက်ဒေသတွင် KIA နှင့် TNLA ကြားတွင်လည်းကောင်း၊ TNLA နှင့် MNDAA ကြားတွင်လည်း နယ်မြေ အငြင်းပွားမှုများ မကြာခဏ တွေ့နေရပြီး၊ မကြာသေးမီက တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)မှ နမ့်ခမ်းဒေသတွင် လှုပ်ရှားနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)များကို ဖယ်ရှားမှု ဖြစ်ပွားခဲ့သည်။
You may also like these stories:
လွတ်မြောက်သည့် ရှမ်းမြောက်ပိုင်း၏ ပဋိပက္ခသစ်များ
စစ်ဦးစီးချုပ်သစ်နှင့်အတူ တပ်မဟာအသစ်ပါ ဖွဲ့လိုက်တဲ့ KIA
ဗန်းမော်ခရိုင်အတွင်း စခန်းသိမ်းတိုက်ပွဲများ ပြင်းထန်နေ
တလနီးပါး တိုက်ခိုက်ပြီးနောက် နမ့်ဖတ်ကာကို KIA သိမ်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR