ပဲခူးတိုင်း အနောက်ခြမ်းနှင့် အရှေ့ခြမ်းကို ဆက်ထားသည့် မြို့ချောင်း- စိန်ကန့်လန် ရိုးမဖြတ်လမ်းမှနေ၍ ပဲခူးရိုးမအတွင်းရှိ ရွာများသို့ စစ်ကြောင်းထိုးနေသည့် စစ်တပ်က မေလကုန်ပိုင်းတွင် ဒေသခံ ၉ ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
သတ်ဖြတ်ခံရသူများမှာ ကျောက်တံခါးမြို့နယ် မြို့ချောင်းအုပ်စု ၈မိုင် ညာတေးရွာမှ ဦးတာဖိုးတေအပါအဝင် ၃ ဦး၊ ၁၂မိုင်မှ ကိုဖိုးကုလားလေး အပါအဝင် ၃ ဦး၊ ရွှေတောင်တန်းရွာမှ ၂ ဦး၊ မင်းလှမြို့နယ်၊ စမ်းဘုတ်ကျေးရွာမှ ကိုဝင်းဌေးတို့ဖြစ်သည်။
သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးက “သူတို့တွေကို လူသားဒိုင်းအဖြစ် သုံးပြီးမှ သတ်ပြီး ပစ်ထားခဲ့တာမျိုးပေါ့၊ ပြီးခဲ့တဲ့ ၂၇ ရက်နေ့ကစပြီး ဖမ်းခံခဲ့ကြရတာ၊ ၁၂ မိုင်ရွာက ဖိုးကုလားလေးက ထွက်ပြေးလို့ ပစ် သတ်ခံရတာ”ဟု ပြောသည်။
ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ် စမ်းဘုတ်ကျေးရွာမှ ကိုဝင်းဌေးဆိုလျှင် မေလ၂၉ ရက်က အလုပ်ကိစ္စဖြင့် ရိုးမပေါ်သို့ ဆိုင်ကယ်ဖြင့် သွားရောက်စဉ် စစ်တပ်စစ်ကြောင်းနှင့် တိုး၍ ဖမ်းဆီးသတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း၊ ကိုဝင်ဌေး၏ ဆိုင်ကယ် ကို ဖျက်ဆီးပြီး ငွေသားများနှင့် မိုဘိုင်းလ်ဖုန်းကိုလည်း ယူဆောင်သွားကြောင်း သိရသည်။
ကိုဝင်းဌေးနှင့် နီးစပ်သူတဦးက “ စစ်ကြောင်းထိုးနေတာမို့ မသွားဖို့ တားနေတဲ့ကြားက ထွက်သွားတာ၊ ၃ ရက်လောက်ထိ အဆက်အသွယ်မရဘဲ ပျောက်နေလို့ အသိပေးသင့်တဲ့သူတွေကို အသိပေးထားပြီး လိုက်ရှာနေကြတာ၊ အခုတော့ အသက်မပါတော့ဘဲ ပြန်တွေ့ခဲ့ရတာ၊ သူက ဆိုင်ကယ်နဲ့ သစ်တင်တဲ့ အလုပ်လုပ်တဲ့သူပါ၊ သူ့ကို PDF အဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ ငပွေးကြီးချောင်းဆုံနားမှာ တွေ့တာ၊ အခုတော့ ကောင်းကောင်းမွန်မွန် သဂြိုဟ်ပြီးပါပြီ”ဟု ကို ပြောသည်။
ပဲခူးရိုးမအတွင်း၌ ၂ လကျော်ကြာသည်အထိ တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့ဘဲ မေလ ၂၆ ရက်က မြို့ချောင်း ၁၂ မိုင် စစ်ဆေး ဂိတ် ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်များက သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အထိနာခဲ့ သဖြင့် စစ်ကြောင်းထိုးပြီး လမ်းတလျှောက် ကျေးရွာများမှ ဒေသခံ ၂၀ ကျော်ထိ ဖမ်းဆီးကာ လူသားဒိုင်းအဖြစ် သုံးပြီး နောက် သတ်ဖြတ်၍ ရုပ်အလောင်းများအား စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတဦးက “ အလောင်းတွေကို ၁၂ မိုင်က တောထဲမှာ ဒီအတိုင်း ဖြစ်သလို မြေမြှုပ်ပစ်ခဲ့ကြတာ၊ ကျန်တဲ့သူတွေကတော့ စစ်ကြောင်းနဲ့ ပါသွားတယ်လို့ သုံးသပ်ရတာပေါ့၊ ကျနော်တို့ မျက်မြင်တွေ့ ရတာက အဖမ်းခံရတဲ့သူတွေကို စစ်ယူနီဖောင်းတွေဝတ်ပြီးမှ ရှေ့ကနေ သွားခိုင်းတာ၊ အဲဒီတော့ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ပစ်ကြခတ်ကြဆိုတော့ ထိမှန်သေဆုံးတာမျိုးတွေ ရှိမှာပေါ့”ဟု ပြောသည်။
မေလ ၂၇ ရက်မှ စတင်ကာ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်လမ်းတလျှောက်နှင့် ပဲခူးရိုးမအတွင်းသို့ ရန်ကုန်-မန္တလေး အမြန်လမ်း ၈၃မိုင် မြို့ချောင်းဘက်မှ စစ်ကြောင်း ၁ ကြောင်း၊ အမြန်လမ်း ၈၅ မိုင် ၆ဖာလုံမှ စစ်ကြောင်း ၁ ကြောင်း၊ မင်းလှမြို့နယ် စိန်ကန့်လန့်ရွာဘက်မှ စစ်ကြောင်း ၁ ကြောင်း စုစုပေါင်း စစ်ကြောင်း ၃ကြောင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာကြခြင်းဟု သိရသည်။
အဆိုပါစစ်ကြောင်းများတွင် အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ်၏ လက်အောက်ရှိ မင်းလှမြို့နယ် စိန်ကန့်လန့်အခြေစိုက် ခလရ ၁၊ သာယာဝတီအခြေစိုက် ခလရ ၃၅၊ အမှတ် ၇၇ ခြေမြန်တပ်မဌာနချုပ်မှ လှော်ကားအခြေစိုက် ခလရ ၆ တပ်ရင်းများမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ပျူစောထီးအင်အား စုစုပေါင်း ၃၀၀ ကျော် ပါဝင်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် က ပဲခူးရိုးမအတွင်းရှိ စစ်ကောင်စီ၏ ခါချဉ်တောင်စခန်းကို သိမ်းပိုက်ပြီးနောက် ပဲခူးတိုင်း အနောက်ခြမ်း မင်းလှမြို့နယ်မှ အရှေ့ခြမ်းရှိ ကျောက်တံခါး ဧရိယာအစပ်တိုင် တော်လှန်ရေးအင်အားစုများက နယ်မြေ စိုးမိုးမှု စတင် နိုင်ခဲ့ကြောင်း၊ မြို့ချောင်း- စိန်ကန့်လန့် ရိုးမဖြတ်လမ်းသည် မိုင် ၇၀ ကျော်ရှည်ပြီး ပဲခူးတိုင်းမှ တော်လှန်ရေး အင်အား စုများနှင့် စစ်ကောင်စီအတွက် စစ်ရေးအရလည်း အရေးပါသော လမ်းကြောင်းဖြစ်ကြောင်း သိရသည်။
“အဲဒီရိုးမဖြတ်လမ်းက ကျနော်တို့အတွက်ရော သူတို့အတွက်ရော အရေးပါတဲ့ လမ်းကြောင်းဖြစ်တယ်၊ ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေ အလုံးစုံ စိုးမိုးထားနိုင်ပြီဆိုရင် KNU တပ်မဟာ ၁၊ တပ်မဟာ ၂ တောင်ငူခရိုင်၊ ညောင်လေးပင် ခရိုင်ပေါ့၊ အဲဒီကနေ လက်နက်ခဲယမ်း ရိက္ခာထောက်ပံ့မှု အလွယ်တကူရောက်နိုင်သွားပြီ၊ စစ်ရေးအရလည်း အရေးပါတဲ့လမ်းကြောင်း ဖြစ်ပါတယ်”ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတဦးက ပြောသည်။
ယခုအခါ အဆိုပါ စစ်ကြောင်းများအား တော်လှန်ရေးအင်အားစုများ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်နေသလို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခြင်းများနှင့်အတူ ထိတွေ့တိုက်ပွဲများလည်း မကြာခဏ ဖြစ်နေကြောင်း သိရသည်။
လက်ရှိအချိန်ထိ စစ်ကြောင်းမှာ ပြန်လည်ဆုတ်ခွာခြင်းမရှိသေးဘဲ အရပ်သားပြည်သူများကို ပေါ်တာဆွဲခြင်း၊ ဖမ်းခေါ်ခြင်းများ ပြုလုပ်နေသောကြောင့် ပြည်သူများအနေဖြင့် ရိုးမအတွင်း သွားလာမှုများ မပြုလုပ်ကြရန်၊ စစ်ကြောင်းနှင့် ဝေးဝေးနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက အသိပေးထားသည်။
ဆက်စပ်ဖတ်ရှုရန်
ပဲခူးတိုင်း နတ်တလင်း၌ စစ်တပ်က အရပ်သား ၇ ဦးကို အစုလိုက် မီးရှို့သတ်
မုန်းမြို့အား KNU ပူးပေါင်းတပ် သိမ်း
နေပြည်တော်ကို ဦးတည်ချက်ထားပြီး တော်လှန်ရေးထိုးစစ် တနိုင်ငံလုံးကျယ်ပြန့်လာနိုင်