ရခိုင်ပြည်နယ် ငပလီကမ်းခြေတိုက်ပွဲများအတွင်း ထွက်ပြေးချိန်မရဘဲ ပိတ်မိနေသည့် ဂေါ့ရပ်ကွက်မှ ဒေသခံများ မိသားစုနှင့် ပြတ်နေသည်မှာ ၆ ရက်ခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
အာရက္ခတပ်တော် (AA)သည် သံတွဲဒေသသို့ ဧပြီလကတည်းက ထိုးဖောက်ဝင်ရောက်နေရာ ဇွန်လတွင် ကမ္ဘာ့လှည် ခရီးသွားများ အပန်းဖြေသည့် ငပလီကမ်းခြေသို့ ရောက်လာပြီး ယခုလ ၂ရက်က ကမ်းခြေဇုန်တခုဖြစ်သည့် ဂေါ့ရပ်ကွက် အနောက်ဖက် တောင်ကြောပေါ်၌ တိုက်ပွဲများဖြစ်ပွားရာ မဇင်လေဆိပ်တွင် အထိုင်ချထားသည့် စစ်တပ် က လက်နက်ကြီး၊ ရှေ့တိုက်ဒုံးများ ပစ်ခြင်း၊ လေကြောင်း ရေကြောင်း ဗုံးကြဲပစ်ခတ်ခြင်း ပြုလုပ်လျှက်သည်။
တိုက်ပွဲအစမှာပင် စစ်တပ်က လေဆိပ်ကို ပိတ်၍ လက်နက်ကြီး အထိုင်ချကာ စစ်စခန်းအဖြစ် သုံးပြီး ဂေါ့-ငပလီ ရပ်ကွက်ချင်းဆက်လမ်းကို ပိတ်ဆို့ထားလိုက်သဖြင့် လေဆိပ်တဖက်ခြမ်းရှိ စစ်ပွဲဇုန်အတွင်း ကျရောက်နေသည့် ဂေါ့၊ စပါးကြီးရပ်ကွက်များ နှင့် မှိုဟင်းပြင်ကျေးရွာမှ ရွာသားများ စစ်ဘေးမရှောင်နိုင်ဘဲ ပိတ်မိနေခြင်း ဖြစ်သည်။
ဂေါ့ရပ်ကွက်မှအမျိုးသားတဦးက “ကျနော့်မိသားစုအားလုံး ပိတ်မိနေတယ်။ အသက် ၈၀ ကျော်ကနေ လသားကလေး အထိ ပါတယ်။ အစာရော စားရသောက်ရလား၊ အိပ်ရော အိပ်ရလား တွေးပြီး စိတ်တွေပူနေရတယ်၊ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ဖြတ်ထားတယ်။ ဇွန် ၃ ရက်နေ့ကတည်းက အဆက်အသွယ်ပြတ်သွားတာ” ဟု ပြောသည်။
တိုက်ပွဲအစ ရွာသားများ ဘေးလွတ်ရာ ထွက်ပြေးနိုင်သော်လည်း ဇွန် ၂ ရက် ညပိုင်းတွင်မူ စစ်ကောင်စီသည် ဂေါ့- ငပလီလမ်းကို မဇင်လေဆိပ်အနီးမှ ပိတ်လိုက်သည့်အတွက် ရွာထဲနှင့် အမရာဟိုတယ်တွင် လူဦးရေ ရာကျော် ပိတ်မိနေကြကြောင်း သိရသည်။
ဂေါ့ရပ်ကွက်မှ အလျင်အမြန် ထွက်ပြေးခဲ့ရသည့် အမျိုးသမီးတဦးက “တိုက်ပွဲက နေမှောင်မှဖြစ်တာ၊ ရေလည်းမချိုး ရသေး၊ ထမင်းလည်း မစားရသေး၊ မနက်ဆွမ်းချက်ဖို့ ဝက်သား တပိဿာဝယ်ထားတာတောင် အင်ဒုံထဲမှာ ဒီတိုင်း ထည့်ပြီး ပြေးခဲ့ရတယ်” ဧရာဝတီသို့ ပြောသည်။
ဂေါ့ရပ်ကွက်သည် ငပလီကမ်းခြေမြို့၏ မြောက်ဘက်အကျဆုံး ရပ်ကွက်တခုဖြစ်ပြီး မဇင်လေဆိပ် (သံတွဲ လေဆိပ်/ ငပလီလေဆိပ်) တဖက်ခြမ်း၌ တည်ရှိပြီး တိုက်ပွဲအတွင်း စစ်ခေါင်းဆောင် လာရောက်လျှင် တည်းခိုလေ့ရှိသည့် Jasamine Ngapali Resort လည်း ပျက်စီးခဲ့သည်။
ထို Jasamine Ngapali Resort အတွင်း ပိတ်မိနေသည့် ဒေသခံများထံမှ စစ်ကောင်စီက ရွှေ၊ ငွေနှင့် တယ်လီဖုန်းများကို ယူသွား ကြောင်း မိသားစုဝင်တဦး ကြုံတွေ့ခဲ့ရသည့် အခြေအနေကို ငပလီမြို့ခံ အမျိုးသမီးတဦးက ဆိုသည်။
“အစ်မဝမ်းကွဲက သံတွဲကို ပြေးလာတာမှာ လေဆိပ်က ပေးမဖြတ်လို့ ဂေါ့ကို ပြန်ရတယ်။ တိုက်ပွဲ အရမ်းဖြစ်နေတော့ ဟိုတယ်ထဲမှာ နေရတယ်လို့ပြောတယ်။ ဂေါ့တောင်မှာ စစ်သားတွေက ဟိုတယ်ထဲ လူရှိမှန်းသိတော့ ရောက်လာပြီး အကုန်ယူသွားလို့ ပေးလိုက်ရတယ်တဲ့” ဟု ဇွန် ၅ ရက်အထိ နောက်ဆုံးအဆက်အသွယ်ရလိုက်သည့် အထက်ပါ အမျိုးသမီးက ပြောသည်။
ယခုအခါ တိုက်ပွဲမှာ ငပလီ မဇင်လေဆိပ်အနီးရှိ အမှတ် ၅၆၆ ခြေမြန်တပ်ရင်း၏ အနောက်ဘက်တောင်ကျောတွင် ဖြစ်ပွားနေပြီး ယမန်နေ့ကမူ တိုက်ပွဲများ ပြန်လည်ဖြစ်လာကြောင်း သိရသည်။
You may also like these stories:
သံတွဲ ဆင်ခေါင်းငါးဖမ်းဇုန် ဗုံးကြဲခံရမှု သေဆုံးသူများပြား
သံတွဲဒေသခံတို့ စစ်ရှောင်မည့်လမ်းများ စစ်ကောင်စီ ပိတ်ထား