မြန်မာတွင် နျူကလီးယား ဓာတ်အာပေးစက်ရုံ တည်ဆောက်ရန် ရုရှားက အတည်ပြုလိုက်ကြောင်း ဗြိတိန်အခြေစိုက် Nuclear Engineering International မဂ္ဂဇင်းက ဖော်ပြသည်။
ရုရှားအစိုးရသည် စွမ်းအားနိမ့် နျူကလီးယားစက်ရုံတရုံ တည်ဆောက်ရန် အတည်ပြုကြောင်း အဆိုပါ မဂ္ဂဇင်းက ဖော်ပြသည်။
ရုရှားမှ နိုင်ငံတော်အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း (Rosatom) က တင်ပြသည့် သဘောတူညီချက် မူကြမ်းတွင် ရုရှား၏ ဖိအားပေး ရေဓာတ်ပေါင်းဖိုများသုံးသည့် အနည်းဆုံး ၁၁၀ မဂ္ဂါဝပ် စွမ်းအားရှိ စက်ရုံတရုံ တည်ဆောက်ရန် ရည်ရွယ်သည်ဟု ထိုမဂ္ဂဇင်းက ဇွန်လ ၃ ရက်နေ့တွင် ဖော်ပြသည်။
ရုရှားနှင့် စစ်ကောင်စီသည် မြန်မာတွင် အသေးစား မော်ဂျူလာ ဓာတ်ပေါင်းဖို တည်ဆောက်ရေး ဖြစ်နိုင်ခြေ လေ့လာရန် နားလည်မှုစာချွန်လွှာ တစောင်ကို ၂၀၂၂ ခုနှစ်က ရုရှား အပန်းဖြေမြို့တော် ဆိုချီတွင် ကျင်းပသည့် Atom Expo တွင် လက်မှတ်ရေးထိုးခဲ့သည်။
Rosatom သည် ပဏာမ မြေလေ့လာမှုကို ထိုနှစ်တွင်ပင် ပြုလုပ်သည်။
ရုရှားနှင့် စစ်ကောင်စီသည် မြန်မာတွင် စွမ်းအားနိမ့် နျူကလီးယား ဓာတ်အားပေးစက်ရုံတရုံ တည်ဆောက်ရေး အစိုးရချင်း သဘောတူညီချက်ကို အတည်ပြုသည့် လုပ်ငန်းပြီးစီးကြောင်း ရုရှား စီးပွားရေးတိုးတက်မှု ဝန်ကြီးဌာန၏ ကြေညာချက်ကို ကိုးကားပြီး ရုရှားနိုင်ငံပိုင် မီဒီယာက ဇွန်လ ၇ ရက်နေ့တွင် ဖော်ပြသည်။
စစ်ကောင်စီသည် နိုင်ငံ၏ ပထမဆုံး နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာကို Rosatom ၏ အကူအညီဖြင့် ရန်ကုန်တွင် ဖွင့်လှစ်ပြီးနောက် နှစ်နိုင်ငံသည် နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် လက်မှတ်ထိုးသည်။

ထိုလက်မှတ်ထိုးသည့် အခမ်းအနားတွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ထိုသဘောတူညီချက်သည် အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးနှင့် နျူကလီးယား နည်းပညာကို ကဏ္ဍအများအပြားတွင် အသုံးပြုရေး ပူးပေါင်းဆောင်ရန်ဖြစ်သည်ဟု ပြောသည်။
ငွေမရှိသည့် စစ်ကောင်စီသည် အကုန်အကျများသည့် နျူကလီးယား စီမံကိန်းများကို တတ်နိုင်၊ မတတ်နိုင် လေ့လာသူအချို့က မေးခွန်းထုတ်သည်။
အဖွဲ့ဝင် ၁၅ ဦးပါပြီး ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ဒုဥက္ကဋ္ဌ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော် အတွင်းရေးမှူးလုပ်သည့် နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေး ဦးဆောင်ကော်မတီတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဥက္ကဋ္ဌလုပ်သည်။ ထိုကော်မတီသည် ဘဏ္ဍာငွေစီစဉ်ခြင်းနှင့် ရင်းမြစ်ရှာဖွေရေး အပါအဝင် နျူကလီးယား အစီအစဉ်များကို စောင့်ကြည့်လမ်းညွှန်ရန် တာဝန်ရှိသည်။
နျူကလီးယား နည်းပညာကို စိုက်ပျိုးရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများတွင် ငြိမ်းချမ်းစွာ အသုံးပြုရန်နှင့် လူမှုစီးပွား တိုးတက်မှုအတွက်သာ သုံးမည်ဟု စစ်ကောင်စီက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Russia Approves Moves to Build Nuclear Plant in Myanmar ကို ဘာသာပြန်သည်။)
You may also like these stories:
စစ်ကောင်စီနှင့် ရုရှား နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု အမေရိကန် စိုးရိမ်
နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ
မြန်မာစစ်တပ်၏ နျူကလီးယား ရည်မှန်းချက်မှတ်တမ်း
နျူကလီးယား လက်နက်ဖျက်သိမ်းရေး မြန်မာဆီက ရတဲ့ သင်ခန်းစာ
မြန်မာ စစ်အရာရှိများ ရုရှား နျူကလီးယား သင်တန်းတက်