မိုးအဆက်မပြတ်ရွာသဖြင့် ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေး၌ လက်ရှိသုံးနေသည့် ထို့ကော်ကိုးလမ်းပျက်၍ ကုန် ကားများ သွားလာမရသောကြောင့် မြဝတီမြို့တွင် ဆန်ပြတ်လပ်မှုများ ဖြစ်ပေါ်နေသလို အကန့်အသတ်ဖြင့် ဝယ်နေ ရကြောင်း ဒေသခံများထံမှ သိရသည်။
ဇွန် ၁ ရက်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ထို့ကော်ကိုးလမ်းပိုင်း ပျက်စီးမှုများဖြစ်ခဲ့သလို ဒေါနတောင်လမ်း ဟောင်းပိုင်းတွင်လည်း မြေပြိုမှုတချို့ ဖြစ်ပေါ်လျက်ရှိရာ ကုန်တင်ကားများတက်မရ၍ ဆန်မဝင်သည်မှာ ၂ ပတ်နီးပါး ရှိလာကြောင်း ဆန်ဆိုင်ပိုင်ရှင်များ က ပြောသည်။
ဆန်ဆိုင်ပိုင်ရှင် တဦးက “ကုန်ဝင်နောက်ကျတာက အခုဆိုရင်တော့ နှစ်ပတ်လောက် ရှိပြီ။ ထိုးကော်ကို့လမ်းကြောင်း က ကားကြီးတက်လို့ မရဘူး။ တက်ထားတဲ့ ကားတွေဆိုလည်း ဆင်တွေ၊ ထွန်စက်တွေနဲ့ ဆွဲပေးနေရတာ။ မြဝတီ လမ်းဟောင်းကလည်း ကားကြီးတက်မရဘူး၊ တောင်ပြိုထားတော့။ ဆန်တင်နိုင်တဲ့ကားတွေက တက်မရတော့ ဆန်ဒိုင်တွေ မှာ ဆန်တွေက မဝင်ဘူး။ အဲဒီတော့ ဆန်ပြတ်လာတာတွေရှိလို့ ထိန်းရောင်းခိုင်းထားရတာ” ဟု ပြောသည်။
မြဝတီမြို့တွင် ရန်ကုန်ဘက်မှ တင်ပို့သောဆန်များကို အဓိကထား သုံးနေရပြီး ဆန်ကားများ ၂ ပတ်နီးပါး မဝင်သဖြင့် ယမန်နေ့တွင် မြဝတီမြို့ရှိ ဆန်ဆိုင်ကြီး ၃၀ နီးပါး အပါအဝင် ထိုဆိုင်များမှ လက်ခွဲယူရောင်းသော ဆန်ဆိုင်အသေး များပါ ပိတ်ထားကြောင်း ဒေသခံများက ပြောသည်။

ယနေ့တွင်မူ ဆန်အိတ်တင်ဆောင်လာသော ကားအသေးတချို့ မြဝတီမြို့သို့ ရောက်ရှိလာသောကြောင့် ဆန်ဆိုင်တချို့ မှာ အိတ်လိုက်မရောင်းတော့ဘဲ လူတဦးလျှင် ၄ ပြည်မှ ၆ ပြည် အကန့်အသတ်ဖြင့် ရောင်းချပေးနေကြောင်း ဆန်ဆိုင် ပိုင်ရှင်များထံမှ သိရသည်။
ဆန်ဆိုင်ပိုင်ရှင်တဦးက “ကားဝင်တာက ဆန်ကားကြီး သီးသန့် မဟုတ်ဘဲ တခြားကုန်တွေနဲ့ ရောပြီးတော့ ဝင်တာ။ ပုံမှန် ဝင်နေတာထက်တော့ အများကြီး နည်းတာပေါ့။ ဒီနေ့တော့ ဆန်ဒိုင်အကြီးတွေကတော့ဖွင့်တာ သိပ်မတွေ့ဘူး။ တချို့ လက်ခွဲဆိုင်လေးတွေတော့ ဖွင့်တာရှိတယ်။ ရောင်းတဲ့သူတွေက ထိန်းရောင်းပေးနေရတာ ပိုက်ဆံရှိတဲ့သူတွေက အသားကုန် လိုက်ဝယ်နေတာက အဓိကပြဿနာဖြစ်နေတာ” ဟု ပြောသည်။
ကော့ကရိတ်မြို့ တိုက်ပွဲများ စတင်ပြီးနောက် ဒေါနတောင် အာရှလမ်းသစ်နှင့် လမ်းဟောင်းတို့မှ သွားလာခွင့်မရဘဲ တခြားသောလမ်းများဖြစ်သော ထို့ကော်ကိုးလမ်းနှင့် ကြက်ဥတောင်လမ်းတို့မှ သွားလာကြသော်လည်း ထိုလမ်းများမှာ မြေနီ လမ်းများဖြစ်သောကြောင့် ယခုကဲ့သို့ မိုးဆက်တိုက်ရွာသွန်းထားချိန်တွင် အသုံးမပြု၍ အဆင်မပြေကြောင်းကား သမားများက ပြောသည်။
ပြီးခဲ့သည့် မေလကုန်ပိုင်းမှ စတင်ကာ ပြန်လည်အသုံးပြုခွင့်ပေးခဲ့သော အာရှလမ်းဟောင်းမှာလည်း လမ်းကျဉ်းသည့် အပြင် ပြီးခဲ့သည့် ရက်ပိုင်း၌ တောင်ပြိုမှုများပါ ရှိထားသောကြောင့် ယာဉ်ပိတ်ဆို့မှုများဖြစ်ပြီး သွားလာရခက်ခဲ ကြောင်း ကားသမားများက ပြောသည်။
ကားသမားတဦးက” ဒေါနတောင် လမ်းဟောင်းက ကတ္တရာလမ်းပဲ။ ပြန်ပေးသုံးတာ မကြာသေးဘူး။ လမ်းဟောင်းက ကျဉ်းတော့ အတက်နှစ်ရက် အဆင်းနှစ်ရက် ပေးသွားတယ်။ အဲဒါ မိုးများပြီး လမ်းပိုင်းမှာ မြေပြိုတော့ ကျနော်တို့ ပိတ် မိသွားတယ်။ ခုတော့ ကားသေးတွေပဲ ပေးသွားနေသေးတယ်” ဟု ဆိုသည်။
မြဝတီမြို့သို့ လက်ရှိတွင် ဆန်များရောက်လာသော်လည်း ဆန်အမျိုးအစားအစုံ ရောက်လာခြင်းမဟုတ်ကြောင်း၊ ဆန် ဈေးများလည်းမြင့်တက်လာကာ တချို့မှာ ထိုင်းနိုင်ငံမှ ဆန်များဝယ်ယူကြကြောင်း ဆန်ဆိုင်ပိုင်ရှင်များက ပြောသည်။
ဆန်ဆိုင်ပိုင်ရှင်တဦးက “ကုန်ကားက ဝင်တယ်။ အကြမ်းလိုတဲ့ အချိန်မှာထားတဲ့သူတွေက အကြမ်းတွေပဲ ဝင်တယ်။ ရွှေဘိုဝင်တဲ့သူတွေကျ ရွှေဘိုတွေပဲ ဝင်တယ်။ အဲဒီလိုတွေဖြစ်တာပေါ့ အစုံ မရောက်ကြဘူး။ ဈေးတွေကတော့ တက် တယ်။ တက်တယ်ဆိုပေမယ့် ဘယ်ဟာက ဘယ်လောက်တက်မလဲက ပြောရခက်တယ်။ ဆန်ကရတဲ့ ဆန်ကရတယ်။ မရတာတွေက မရနဲ့ဆိုတော့” ဟု ပြောသည်။
လမ်းမပိတ်အချိန်က ရွှေဘိုပေါ်ဆန်းတအိတ်လျှင် ၁ သိန်း ၈ ထောင်ကျော်ရှိရာမှ လက်ရှိတွင် မြဝတီမြို့၌ ရွှေဘိုပေါ် ဆန်းတပြည်လျှင် ၂ သိန်းကျော်အထိ မြင့်တက်ခဲ့သလို၊ ဆန်ကြမ်းအမျိုးအစားများဖြစ်သော ဇီယာ၊ ရွှေလက်ဝါးတို့မှာ ယခင် တအိတ်လျှင် ၁ သိန်း ၃ ထောင်ဝန်းကျင်ရှိရာမှ ယခု တအိတ် ၁ သိန်း ၅ သောင်းခန့်အထိ မြင့်ခဲ့ကြောင်း ဆန် ဆိုင်များမှ သိရသည်။

ဒေသခံတဦးက “မနေ့က တဆိုင်ဝင်လည်း ဆန်မရှိဘူး နှစ်ဆိုင်ဝင်လည်း ဆန်မရှိဘူး။ ဆန် ၁ အိတ်ကို ၂ သိန်းကျော် ပေး ဝယ်မယ် ပြောတာကို မရဘူး။ ဝယ်လို့မရလို့ တအိမ်လုံး မာမားခေါက်ဆွဲပဲဝယ်ပြီး ပြုတ်စားလိုက်ရတယ်” ဟု ပြော သည်။
မြဝတီမြို့၌ ရွှေ့ပြောင်းအလုပ်သမားများနှင့် လက်လုပ်လက်စားအများအပြား ရှိသောကြောင့် ယခုကဲ့သို့ ဆန်ဈေးတက် လာချိန်တွင် အခက်အခဲဖြစ်သူများစွာရှိကြောင်း မြဝတီမြို့ရှိ လူမှုကူညီရေးလုပ်ကိုင်နေသူများက ပြောသည်။
လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက”သူတို့ကျတော့ ကြိုမဝယ်ထားနိုင်ဘူးလေ၊ ထမင်းမစားဘဲ တခြားဟာပဲ စားမယ်ဆိုတောင် မာမားခေါက်ဆွဲ တထုပ် ၇၀၀၊ ကြက်ဥတလုံး ၆၀၀ ရှိတယ်။ အဲဒီအခါကျတော့ ပိုဒုက္ခရောက်တယ်။ ပိုက်ဆံရှိတဲ့သူတွေကလည်း တိုးကြိတ်ပြီး ဝယ်စုထားတာမျိုး မလုပ်စေချင်ဘူးပေါ့။ သူတို့ကမှ ထိုင်းက ဝယ်စားဖို့ ပိုက်ဆံရှိသေးတယ်။ ကျနော်တို့လည်း နိုင်သလောက်တော့ ကူပေးနေပါတယ်” ဟု ပြောသည်။
ဆက်စပ်ဖတ်ရှုရန်
မံဆောင်းတံတား ချိုးခံရပြီးနောက် ချင်းပြည်နယ်၌ ကုန်စည်စီးဆင်းမှု ရပ်ဆိုင်း
ကုန်ချင်း တိုက်ရိုက်ဖလှယ်သည့် စနစ် စစ်ကောင်စီ ပြန်ကျင့်သုံးမည်
ဒေါ်လာဈေးနှင့်အတူ စားကုန် ဆေးဝါးဈေးမြင့်လာ၍ ပြည်သူတို့ အခက်ကြုံ