ကချင်လွတ်လပ်ရေး တပ်မတော်(KIA)က ဝိုင်းမော်နှင့် တရုတ်နယ်စပ်ရှိ ကန်ပိုက်တီကို ဆက်သွယ်ထားသော လမ်းပေါ်မှ ဆဒုံးမြို့ သိမ်းလိုက်ခြင်းကြောင့် ပြည်နယ်တွင်းရှိ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ အားလုံးထိန်းချုပ်နိုင်ပြီ ဖြစ် ကြောင်း စစ်ရေးလေ့လာသူများက ပြောသည်။
KIA သည် တရုတ်- မြန်မာနယ်စပ်ရှိ လွယ်ဂျယ်ကုန်သွယ်ရေး မြို့ကို သိမ်းပိုက်ထားပြီး ဖြစ်သလို ဇွန် ၁၁ရက်ကစ၍ ဝိုင်းမော်- ကန်ပိုက်တီလမ်း တလျှောက် စစ်ဆင်လာရာ ယင်းလမ်းပေါ်ရှိ အရေးပါသော ဆဒုံးဗျူဟာအပါအဝင် တပ်စခန်းနှင့် ကင်းစခန်း ၁၀ခု အား သိမ်းယူကာ ကန်ပိုက်တီမြို့ကို သိမ်းယူစရာမလိုဘဲ တရုတ်နယ်စပ်ထွက်ပေါက်ကို ထိန်းချုပ်ခဲ့သည်။
ကချင်စစ်ရေး နိုင်ငံရေးလေ့လာသူတဦးက “ ကချင်ပြည်နယ် နယ်စပ်ကုန်သွယ်ရေးပေါက်တွေအကုန်လုံး KIO/KIA ရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားပြီလို့ ပြောလို့ရတယ်။ ကုန်သွယ်ရေးနဲ့ ပတ်သက်ရင် တရုတ်ပဲဖြစ်ဖြစ်၊ မြန်မာပြည်ထဲက ဖြစ်ဖြစ် KIA နဲ့စကားမပြောဘဲနဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်လို့မရတဲ့ အခြေအနေဖြစ်သွားပြီ” ဟု ပြောသည်။
KIA အနေဖြင့် ဇွန် ၁၁ ရက်က ဝိုင်းမော်- ဆဒုံး-ကန်ပိုက်တီလမ်းနှင့် ဝိုင်းမော်- ချီဗွေ- ဆော့လော်လမ်းဆုံတွင် တပ်စွဲ ထား သည့် ၁၃ မိုင်တပ်စခန်း၊ မိုင် ၂၀ ရှိ ဘွမ်တောင်စခန်း၊ လဖိုင်ရွာရှိ နယ်ခြားစောင့်ရှေ့တန်းတပ်စခန်းနှင့် ဆဒုံးမြို့အခြေစိုက် စစ်တပ်ဗျူဟာစခန်းတို့အား တိုက်ခိုက်သိမ်းပိုက်ပြီး ကျန်နယ်ခြားစောင့်တပ် ကင်းစခန်း ၆ ခုမှာ ဆုတ်ခွာထွက်ပြေး သွားသည့် အတွက် နေရာယူထားပြီဖြစ်ကြောင်း KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။
လက်တလောလမ်းတလျှောက် တိုက်ပွဲများမရှိတော့ပါက ခရီးသွားလာရေးနှင့် ကုန်စည်စီးဆင်းမှုများ အဆင်ပြေမည်ဖြစ်ပြီး KIA အနေဖြင့် ကုန်စည်စီးဆင်းမှုအပေါ် အနှောက်အယှက်ပေးမည် မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။
၎င်းက “ ကျနော်တို့ တိုက်ခိုက်ပြီးမှ သိမ်းတာ စခန်း ၄ ခု၊ သူတို့ဘာသာ ထွက်ပြေးသွားတာ စခန်း ၆ ခုရှိပါတယ်။ လဖိုင် အထိတော့ ကျနော်တို့ ထိန်းချုပ်လို့ရပါပြီ၊ လဖိုင်ကနေ ကန်ပိုက်တီအထိတော့ ကျနော်တို့သိမ်းတာ မပါသေးဘူး။ လက်ရှိ တိုက်ပွဲဖြစ်နေလို့ အဲဒီလမ်းကြော သွားလာလှုပ်ရှားလို့ အဆင်မပြေသေးဘူး။တကယ်လို့များ ကျနော်တို့ သိမ်းပိုက်ထားတဲ့ လမ်းပိုင်းမှာလည်း တိုက်ပွဲမဖြစ်လို့ရှိရင်တော့ သွားလာရေးအဆင်ပြေမှာပါ။ ကုန်စည်စီးဆင်းမှု အတွက်လည်း ကျနော်တို့ က ဘာမှ အနှောက်အယှက်ပေးမှာ မဟုတ်ပါဘူး” ဟု ပြောသည်။
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု(ISP Myanmar)၏ ယခုနှစ် ဧပြီ ၁၃ ရက်နေ့က ထုတ်ပြန်သော အချက်အလက်များအရ ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဂိတ်တွင် နေ့စဉ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ လေးသိန်းနီးပါးရှိပြီး လွယ်ဂျယ်ဂိတ်၌ နေ့စဉ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သုံးသိန်းခွဲခန့်ရှိကြောင်းသိရသည်။
ကချင်ပြည်နယ်အတွင်း စစ်မျက်နှာစုံ ဖော်ဆောင်နေသည့် KIA အနေဖြင့် အဓိကမြို့ကြီးအား ဝိုင်းပတ်ပိတ်ဆို့ကာ ခြိမ်း ခြောက်မှုများအပြင် နယ်စပ်ကုန်သွယ်ရေးမြို့များအား ဦးစားပေးသိမ်းပိုက်လိုသည့်အခြေအနေ တွေ့ရကြောင်းလည်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
၎င်းက “တရုတ်နဲ့ ထိစပ်နေတဲ့ နယ်စပ်ဝင်ပေါက်တွေကို အရင်ဦးစားပေး သိမ်းနေတဲ့သဘောလို့ ပြောလို့ရတယ်။ ဗန်မော် ဘက်က လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးမြို့ကိုလည်း ထိန်းချုပ်ထားပြီးပြီ၊ အခု ကန်ပိုက်တီကို ထပ်ရရင် စစ်ကောင်စီ အတွက် ကချင်ဒေသ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ဆုံးရှုံးသွားလိမ့်မယ်” ဟု ပြောသည်။
KIA အနေဖြင့် ကန်ပိုက်တီမြို့နှင့် ဆယ်မိုင်ကျော်အကွာ လဖိုင်ကျေးရွာအထိ သိမ်းပိုက်ထားသော်လည်း ကန်ပိုက်တီမြို့အား ဆက်လက် ထိုးစစ်ဆင်မှု မရှိသေးပေ။
ကန်ပိုက်တီမြို့၊ စင်ကြိုင်ရွာတွင် ကချင်နယ်ခြားစောင့်တပ် ခစတ-၁၀၀၃ တပ်ရင်းဌာနချုပ်ရှိပြီး KIA သိမ်းပိုက်လိုက်သည့် လဖိုင်စခန်းသည် ထိုတပ်ရင်းဌာနချုပ်၏ ရှေ့တန်းစခန်းရုံးတခုဖြစ်သည်။
ကချင်နယ်ခြားစောင့်တပ် ခစတ-၁၀၀၃သည် KIA တပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ ဇခုန်တိန့်ယိမ်း၏ တပ်ဖြစ်ပြီး KIA မှ ခွဲထွက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)နှင့် ပူးပေါင်းကာ၁၉၈၉ ခုနှစ် ဗကပပြိုကွဲပြီး နောက် ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDAK)တည်ထောင်ကာ စစ်အစိုးရနှင် အပစ်ရပ်၍ ဒေသတွင်း စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်နေရာမှ ၂၀၀၉ ခုနှစ်တွင် ကချင်နယ်ခြားစောင့်တပ်ရင်း သုံးရင်းအဖြစ် ပြောင်းလဲရပ်တည်ခဲ့ခြင်းဖြစ်သည်။
ခစတ-၁၀၀၁ တပ်ရင်းအား ဖီမော်ဒေသ၊ ခစတ-၁၀၀၂ တပ်ရင်းအား ပန်ဝါဒေသနှင့် ခစတ-၁၀၀၃ တပ်ရင်းအား ကန်ပိုက်တီဒေသတွင် အခြေစိုက်ထားပြီး အခြားသောပြည်သူ့စစ်အဖွဲ့များ၊ စစ်တပ်တပ်ဖွဲ့ဝင်များပူးတွဲကာ ဒေသတွင်း လှုပ်ရှားလျက်ရှိသည်။
KIA အနေဖြင့် နယ်ခြားစောင့်တပ်ရင်းဌာနချုပ်များအား ထိုးစစ်ဆင်ခြင်း မရှိသေးသော်လည်း စစ်တပ်လက်အောက်ခံအဖြစ် ဆက်လက်ပါဝင်နေပါက တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
၎င်းက “ ပြည်သူ့စစ်တို့ BGF တို့အားလုံးကတော့ စစ်ကောင်စီရဲ့ လက်အောက်ခံတွေဖြစ်ပါတယ်၊ ဒါကြောင့် ကျနော်တို့ က စစ်ကောင်စီကို တိုက်လို့ရှိရင် သူတို့နဲ့လည်း တိုက်ပွဲဖြစ်မှာပါ။ သူတို့မပါလို့ရှိရင်တော့ တိုက်ပွဲဖြစ်စရာ အကြောင်း မရှိပါဘူး” ဟု ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်မြောက်ဒေသရှိ တရုတ်နှင့်နယ်စပ်ကုန်သွယ်ရေးဂိတ် အားလုံးနီးပါးအား KIA နှင့် ညီနောင်မဟာမိတ် သုံးဖွဲ့က ထိန်းချုပ်ထားပြီဖြစ်ကြောင်း စစ်ရေးလေ့လာသူများကပြောသည်။
“၁၀၂၇ စစ်ဆင်ရေး”အတွင်း ချင်းရွှေဟော်ဂိတ်၊ ကျင်းစန်းကျော့ဂိတ်၊ ကြူကုတ်(ပန်ဆိုင်း)ဂိတ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား ညီနောင်မဟာမိတ်သုံးဖွဲ့က သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။
You may also like these stories:
ကန်ပိုက်တီ ကုန်သွယ်ရေးလမ်း KIA စစ်ဆင်၊ စခန်း ၃ခု ရရှိ
လွယ်ဂျယ်ကို အပြီးသတ်သိမ်း၍ တရုတ်နယ်စပ် KIA ထိန်းချုပ်
ကချင်စစ်မျက်နှာတွင် ဗျူဟာမြောက် စစ်ဆင်နေသည်
ကချင်စစ်မျက်နှာ အလှည့်အပြောင်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR