စစ်ကောင်စီသည် အင်တာနက်တွင် သတင်းစီးဆင်းမှု ပိတ်ပင်ရန် အဓိက အားထုတ်မှုအနေဖြင့် ပိတ်ပင်ထားသော အင်တာနက်စာမျက်နှာများနှင့် ဝန်ဆောင်မှုများထံ ရောက်ရှိရန် ကျော်ဖြတ်ရာတွင် သုံးသည့် VPN များကို လိုက်လံပိတ်ဆို့နေသည်။
သတင်းအချက်အလက် ကန့်သတ်ရန် ထိုသို့အားထုတ်မှုသည် မေလကုန်တွင် စတင်သည်ဟု မိုဘိုင်းဖုန်း အော်ပရေတာများ၊ အင်တာနက်ဝန်ဆောင်မှု ပေးသူများ၊ အဓိက အတိုက်အခံများနှင့် မီဒီယာ သတင်းများက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ဖေဖေါ်ဝါရီလတွင် ဖြုတ်ချပြီးအာဏာသိမ်းသည့် စစ်ကောင်စီသည် အင်တာနက်ကို ပိတ်ဆို့ရန် ယခင်ကလည်း အပြင်းအထန် အကြိမ်ကြိမ် ကြိုးစားခဲ့ပြီး အထူးသဖြင့် အာဏာသိမ်းပြီးနောက်လများတွင် အထူးကြိုးစားသည်။
အင်တာနက် အသုံးပြုမှုကို တိုက်ခိုက်ရာတွင် ပြည်သူများ၏ မိုဘိုင်းဖုန်းများကို လမ်းမများတွင် VPNs များ ရှိမရှိ ကြုံသလို စစ်ဆေးပြီး တွေ့ရှိပါက ဒဏ်ငွေတောင်းခြင်းများ လုပ်သော်လည်း ထိုဒဏ်ငွေသည် တရားဝင် မဝင် ရှင်းလင်းစွာ မသိရပေ။
မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဧရာဝတီတိုင်းမှ ပြည်သူ ၂၅ ဦးကို စစ်ကောင်စီတပ်များက ဖမ်းဆီးပြီး ၎င်းတို့၏ မိုဘိုင်းဖုန်းများတွင် VPN အပလီကေးရှင်းများ တွေ့ပါက ဒဏ်ငွေတောင်းသည့် သတင်းကို အမေရိကန် ပြည်ထောင်စုက မြန်မာဘာသာဖြင့် ဝန်ဆောင်မှုပေးသည့် လွတ်လပ်သော အာရှအသံက သောကြာနေ့တွင်ဖေါ်ပြသည်။
စစ်တပ်သည် ပြည်တွင်းစစ်သဖွယ် တနိုင်ငံလုံးမှ ဒီမိုကရေစီ လိုလားသူများ၏ ပြောက်ကျားစစ်မှ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရသောကြောင့် တိုက်ပွဲဖြစ်နေသောနေရာများတွင် အရပ်သား ဆက်သွယ်ရေး ဖြတ်တောက်ခြင်းကို ပုံမှန်ပြုလုပ်နေသည်။ ထိုသို့လုပ်ခြင်းသည် နည်းဗျူဟာအရ အသုံးဝင်သော်လည်း လူ့အခွင့်အရေး ချိုးဖေါက်မှု အထောက်အထား သက်သေသာဓကများကို လူသိရှင်ကြား ဖြန့်ချိရာတွင် ခက်ခဲကြန့်ကြာစေသည်။
မြန်မာမှ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်အဖွဲ့ အသံက လွန်ခဲ့သောလတွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ မြန်မာနိုင်ငံတဝန်းမှ မြို့နယ်ပေါင်း ၃၃၀ အနက် ၉၀ သည် အင်တာနက် သို့မဟုတ် ဖုန်း ဝန်ဆောင်မှု ဖြစ်စေ ထိုဝန်ဆောင်မှု ၂ မျိုးလုံးဖြစ်စေ အာဏာပိုင်များ၏ ဖြတ်တောက်ခံထားရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသော ခုခံတော်လှန်ရေးသည် လမ်းမပေါ် ဆန္ဒပြပွဲများ ပြုလုပ်ရန် လူမှုကွန်ရက် အထူးသဖြင့် Facebook ကို အလွန်မှီခိုရသည်။ အကြမ်းမဖက်ဆန့်ကျင်ရေးသည် လက်နက်ကိုင်တော်လှန်ရေး ဖြစ်လာပြီး လွတ်လပ်သော မီဒီယာများ မြေအောက်ရောက်သွားသောအခါ အွန်လိုင်း သတင်းလိုအပ်ချက် မြင့်မားလာသည်။
Facebook နှင့် အခြား လူမှုကွန်ရက် မီဒီယာများက စစ်တပ်နှင့် ပတ်သက်သူများကို လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေး ချိုးဖေါက်မှုများအတွက် ပိတ်ပင်သလို စစ်တပ်နှင့် ပတ်သက်သည့် စီးပွားရေး ကြော်ငြာများအား တားမြစ်သောအခါ ဆိုက်ဘာနယ်ပယ်တွင် ခုခံတော်လှန်ရေး လှုပ်ရှားမှု အောင်မြင်မှုရသည်။
ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည် အခမဲ့ VPN ဝန်ဆောင်မှုများ မေလကုန်တွင် သုံးမရတော့သောအခါ အသုံးပြုသူများသည် လူမှုကွန်ရက်နှင့် ချိတ်ဆက်မရတော့ဘဲ Facebook, WhatsApp လူမှုကွန်ရက်နှင့် ချိတ်ဆက်မရတော့ဘဲ အချို့ဝက်ဆိုက်များကို အသုံးမပြုနိုင်တော့ပေ။ VPN များသည် တတိယကြားခံ ကွန်ပျူတာများမှတဆင့် အသုံးပြုသူများကို ဆက်သွယ်ပေးပြီး အင်တာနက် ဝန်ဆောင်မ ှုပေးသူများနှင့် ချောင်းမြောင်းနေသော အစိုးရများအနေဖြင့် အင်တာနက် အသုံးပြုသူများ မည်သူကို သိရန် မဖြစ်နိုင်သလောက်ဖြစ်စေသည်။
အွန်လိုင်း လက်လီအရောင်းသမားများအပါအဝင် အင်တာနက် အသုံးပြုသူများသည် လုပ်ငန်းများ အလွန်နှေးကွေးသွားကြောင်း လွန်ခဲ့သော ၂ ပတ်အတွင်း ညည်းညူကြပြီး ၎င်းတို့သည် ဗီဒီယိုများကို မကြည့်နိုင်သလို မတင်နိုင်တော့ဘဲ့ စာတိုများကိုလည်း အလွယ်တကူ မပို့နိုင်တော့ကြောင်း ပြောသည်။
ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန၏ အမိန့်အရ Facebook, Instagram, X, WhatsApp နှင့် VPN ဝန်ဆောင်မှုများကို တနိုင်ငံလုံးတွင် မေလကုန်တွင် ပိတ်ပင်လိုက်ကြောင်း မြန်မာ့ ထိပ်တန်းဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် MPT, Ooredoo, Atom နှင့် စစ်တပ်ကျောထောက် နောက်ခံပြု Mytel သာမကာ ဖိုက်ဘာအင်တာနက် ဝန်ဆောင်မှုများက AP သတင်းဌာနသို့ပြောသည်။
VPN များကို လတ်တလော အသုံးပြုခွင့်မရသော်လည်း အသုံးပြုသူများ အနေဖြင့် ဝန်ဆောင်မှု အမျိုးမျိုးကို အလုပ်ဖြစ်မဖြစ် အလှည့်ကျသုံးသင့်ကြောင်း အော်ပရေတာများက အကြံပြုသည်။
VPN အပလီကေးရှင်း ၂ ဒါဇင်ကျော်ကို AP သတင်းဌာန၏ စမ်းသပ်မှုအရ တခုသာ ဆက်သွယ်နိုင်သော်လည်း လွန်စွာ နှေးကွေးနေကြောင်း သိရသည်။
စစ်ကောင်စီသည် VPN များအား ပိတ်ပင်ကြောင်းကို လူသိရှင်ကြား မကြေညာသေးပေ။
၂၀၂၁ ခုနှစ်နှောင်းပိုင်းတွင် စစ်ကောင်စီသည် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်မရဘဲ VPN သုံးသူ မည်သူမဆိုကို ဆိုက်ဘာလုံခြုံရေး ဥပဒေအရ အပြစ်ပေးမည်ဟု မူကြမ်းရေးဆွဲခဲ့သော်လည်း ထိုဥပဒေကို မပြဋ္ဌာန်းသေးပေ။ ထိုဥပဒေကို ချိုးဖေါက်မှုအတွက် ထောင် ၃ နှစ်နှင့် ဒဏ်ငွေ သိန်း ၅၀ ဖြစ်စေ နှစ်ခုလုံးဖြစ်စေ အပြစ်ပေးရန် တောင်းဆိုသည်။
မြန်မာနည်းပညာ ကုမ္ပဏီတခုနှင့် တရုတ် ဆက်သွယ်ရေး ကျွမ်းကျင်သူများနှင့် ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ်များသည် VPN ပိတ်ပင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း တော်လှန်ရေး လှုပ်ရှားမှုကို ထောက်ခံသည့် အွန်လိုင်းသတင်းဌာန ခေတ်သစ်က ဖေါ်ပြသည်။
တရုတ်နိုင်ငံသည် အင်တာနက်ကို တင်းကျပ်စွာ ထိန်းချုပ်ခြင်းနှင့် စစ်ကောင်စီနှင့် ဆက်ဆံရေး နွေးထွေးခြင်းအတွက် အမည်ဆိုးကျော်ကြားသည်။
အဓိက အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူများ၏ အခြေခံအခွင့်အရေးကို ကန့်သတ်သည့် စစ်ကောင်စီ၏ ထိုလုပ်ရပ်သည် တရားမဝင်ကြောင်း၊ ပြစ်တင်ရှုတ်ချကြောင်းနှင့် စစ်တပ် ထိန်းချုပ်မှု ကင်းလွတ်နယ်မြေများတွင် လွတ်လပ်သော အင်တာနက် ကွန်ရက် ဆက်လက်တည်ဆောက်မည်ဖြစ်ကြောင်း ဇွန်လ ၈ ရက်နေ့တွင် ကြေညာချက်တစောင်ထုတ်ပြန်သည်။
( AP သတင်းဌာနမှ Grant Peck ရေးသားသော Myanmar’s embattled military government cracks down on free flow of news by blocking VPNs ကို ဘာသာပြန်သည်။)
You may also like these stories:
နည်းပညာမှန်သမျှ စစ်တပ်က ပိတ်နိုင်တဲ့ အနေထားမျိုး မမြင်ဘူး
စစ်ကောင်စီ၏ လူမှုကွန်ရက် MySpace MM
ဝါဒဖြန့် မီဒီယာကွန်ရက် ထူထောင်နိုင်ဖို့ စစ်ကောင်စီ ကြိုးပမ်းနေ
အင်တာနက် ဘယ်လိုပိတ်လဲ၊ ဘယ်လို ပြန်တိုက်ဖျက်သလဲ
အင်တာနက်ပိတ်ပင်မှုက နယ်စည်းမခြား ဖြစ်လာတဲ့အခါ