ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် မြစ်ကြီးနားမှ ကုန်စည်ဝင်ရောက်မှု မရှိသလို ဒေသတွင်း လက်ကျန်ဆန်လည်း နည်းပါးလာသဖြင့် ပူတာအိုမြို့နယ်တွင် ဆန်ပြတ်လပ်မည့် အခြေအနေနှင့် ကြုံနေရကြောင်း သိရသည်။
မြန်မာနိုင်ငံ မြောက်ဘက်စွန်းရှိ ပူတာအိုခရိုင်တွင် ပူတာအို၊ နောင်မွန်း၊ ဆွမ်ပရာဘွမ်၊ ခေါင်လန်ဖူး၊ မချမ်းဘောမြို့နယ်များ ပါဝင်ပြီး ပူတာအိုမြို့နယ်တွင် လူဦးရေ ၆ သောင်းခွဲခန့် နေထိုင်ကာ ၂၀၁၈- ၁၉ စာရင်းများအရ စပါးစိုက်ဧက ၂ သောင်း ကျော် ရှိ၍ အထွက်နှုန်းမှာ ၉၅၇,၃၅၇ တင်းထွက်သဖြင့် ဒေသတွင်း ဆန်ဖူလုံမှု ၉၄ ဒသမ ၃ရာခိုင်နှုန်း ဖူလုံမှုရှိခဲ့ကြောင်း ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ အချက်အလက်များအရ သိရသည်။
သို့သော် လက်ရှိအခြေအနေမှာ ဆန်တအိတ်လျှင် ၃သိန်းခွဲမှ ၄သိန်းအထိ ပေါက်ဈေးရှိပြီး ဒေသထွက် ဆန်များပါ ဝယ်ယူရ ခက်ခဲလာသည့်အပြင် ကောက်သစ်ပေါ်ရန်လည်း ၅လ နီးပါးခန့် လိုသေးသဖြင့် ထိုကြားကာလ ဆန်ပြတ်လပ်မည်ကို ဒေသခံများက စိုးရိမ်နေသည်။
ပူတာအိုဒေသခံတဦးက “ဒေသထွက်ဆန်ဆိုပေမယ့် ကုန်သည်တွေက နောင်မွန်းဘက်က လယ်လုပ်တဲ့ မိသားစုဆီကို သွားတယ်။ စပါး ၃ပုံးဖြစ်ဖြစ် ၅ပုံးဖြစ်ဖြစ် ရသလောက် ရောင်းပေးပါဆိုပြီး လိုက်ဝယ် ဆန်စက်မှာ သွားကြိတ်ပြီး ရောင်း တာ။ ဒါတောင်မှ ရှားနေပြီ။ တယောက်ကို နို့ဆီဗူး ၄ဗူးလောက်ပဲ ဝယ်လို့ရတယ်။ ၄ဗူး တသောင်းပေးရတယ်။ဒါက လူအကုန်ဝယ်လို့ရတဲ့အထိ မလောက်တော့ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် ဇွန်လ၈ရက်၌ KIAနှင့် စစ်ကောင်စီတို့ နှစ်ဖက်သဘောတူညီချက်ဖြင့် မြစ်ကြီးနားမှ ပူတာအိုသို့ ထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင်လာသည့် ကား ၁၄ စီးကို သွားလာခွင့်ပြုခဲ့ပြီး ထိုကားများမှာ ဇွန်လ ၁၀ရက်တွင် ပူတာအိုသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
ထိုကားများ ရောက်ရှိလာသော်လည်း စက်သုံးဆီများနှင့် ဆေးဝါးများ မပါဝင်သည့်အပြင် ယာဉ်ငယ်များသာ ဖြစ်သဖြင့် အခြေခံစားသောက်ကုန်၊ ဆေးဝါးနှင့် စက်သုံးဆီ လိုအပ်ချက် မြင့်မားနေသော ပူတာအိုမြို့အတွက် လုံလောက်ခြင်း မရှိကြောင်း၊ ရောက်ရှိလာသော ဆန်များမှာလည်း တအိတ်လျှင် ၂၅၃,၀၀၀ကျပ်မှ ၂၅၀,၀၀၀ကျပ် အကြားရှိကြောင်း သိရသည်။

တခြားသော ပူတာအို ဒေသခံတဦးက “အခြေခံစားသောက်ကုန်လည်း အနည်းငယ်လောက်ပဲပါတယ်။ ငွေတိုးဆန်ပေါ့ နော်၊ ဆန်အချောကြီးတော့ မဟုတ်ဘူး။ အဲဒီဆန်အိတ် ၂၀၀လောက်နဲ့ စားဆီ၊ ဆား၊ ကြက်သွန်နီ လောက်ပဲပေါ့။ အခု ပူတာအိုကိုရောက်လာတဲ့ ကား က နည်းနည်းလေးဆိုတော့ မြို့ပေါ်လောက်တောင် မလောက်ဘူး။ရွာဘက်မှာ ရှိတဲ့သူတွေ အများကြီးကျန်သေးတယ်။ သူတို့ ဆားတထုပ်တောင် ဝယ်မရဘူးပေါ့နော်၊ မလောက်ဘူး။ အခုကားဝင်လာတဲ့ဟာက ပူတာအိုမြို့ပေါ်ပဲရောက်တာ၊ ဘယ်မှ မရောက်ဘူး” ဟု ပြောသည်။
ပူတာအိုခရိုင်တွင် စပါးကို တင်ပို့ရောင်းချရန် မဟုတ်ဘဲ ဒေသတွင်း စားသုံးရန်သာ စိုက်ပျိုးကြပြီး၊ ၂၀၂၀ ကိုဗစ်ဖြစ်ပွားချိန် နှင့် ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်တွင် စက်သုံးဆီဈေးများ မြင့်တက်လာခြင်း၊ စိုက်ပျိုးရေးသွင်းအားစုများ ဈေးနှုန်း မြင့်တက်လာခြင်းနှင့် အလုပ်သမားရှားပါးမှု ပြဿနာများကြောင့် စိုက်ဧကများ လျှော့ချလာပြီး စပါးထွက် နှုန်းမှာလည်း ကျဆင်းလာသောကြောင့် မြစ်ကြီးနားမှ လာသော ဆန်များကို ပိုမိုအားထားရကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတဦးက “ပူတာအိုခရိုင်မှာ ပူတာအိုရယ်၊ မချမ်းဘောရယ်၊ နောင်မွန်းရယ်ပဲ လယ်ရှိတာ။ မိသားစုတွေ စားသောက် ဖို့လောက်ပဲ စိုက်ကြတယ် ။ ရောင်းဖို့အထိ မစိုက်ကြဘူး။ဆွမ်ပရာဘွမ်တို့ ခေါင်လန်ဖူးတို့က လယ်မရှိ ဘူး။အဓိက အောက်ပိုင်းက ဆန်ကိုပဲ ဝယ်စားကြရတာ အခုပူတာအိုမှာ အရမ်းခက်တာက ဒါတွေကြောင့်ပါ” ဟု ပြောသည်။
ပြီးခဲ့သည့် မတ်လ၉ရက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် KIAနှင့် စစ်ကောင်စီတပ်များ ဆွမ်ပရာဘွမ်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ပူတာအိုမြို့နှင့် ပြည်မသို့ ဆက်ထားသည့် ပူတာအို- မြစ်ကြီးနားလမ်းပိုင်း အသုံးပြုခွင့် မရတော့ဘဲ ပူတာအိုမြို့တွင်း၌ စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာများအပြင် စက်သုံးဆီနှင့် ဒီဇယ်များ ပြတ်လပ်နေခြင်း ဖြစ်သည်။
ပူတာအိုခရိုင်တွင် ၂၀၂၃ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး ဧက ၃၇,၂၈၈ ဧက စိုက်ပျိုးထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း ယခုနှစ်တွင် ထွန်ယက်စိုက်ပျိုးရန် ကျွဲနွားမရှိသကဲ့သို့ ထွန်စက်များ သုံးရန်လည်း ဆီမရှိသဖြင့် လူနှင့်သာ ထွန်ယက်နေရသည့် ရုပ်သံအပိုင်းအစများလည်း လူမှုကွန်ရက်တွင် တွေ့နေရပြီး လယ်သမား ၈၀ ရာခိုင်နှုန်း နီးပါး စပါးမစိုက်နိုင်သေးကြောင်း ဒေသခံများက ဆိုသည်။
ဒေသခံတဦးက “အရင်က လယ်လုပ်တဲ့သူတွေကျတော့ ကျွဲနွားကို အသုံးပြု ကြတယ်။ နောက်ပိုင်းလယ်ထွန်စက် တွေ ပေါ်လာတော့ ကျွဲနွားတွေရောင်းပြီး စက်ဝယ်ကြတယ်။ခု ဆီမရှိတော့ စက်က အသုံးပြုလို့ မရတော့ဘူး။ အများစုက ဒီဇယ် စောင့်နေကြတုန်းပဲ။ လယ်တွေ ဘာမှ မလုပ်ရသေးဘူး။ တချို့ကတော့ လူနဲ့ထွန်နေကြတာရှိတယ်။ ပူတာအို ခရိုင် ထဲက မြို့အကုန် ဆီပြတ်နေတာဆိုတော့ ဒီမိုးတွင်းလည်း မစိုက်နိုင်ဘူး။ အရင်ဆန်တွေကလည်း မလောက်တော့တဲ့အခါကျ လမ်းဆက်ပိတ်နေမယ်ဆိုရင်တော့ အဆင် မပြေတော့ဘူးပေါ့” ဟု ပြောသည်။
စစ်ကောင်စီက ပူတာအိုလယ်သမားများ စပါးစိုက်ပျိုးနိုင်ရန် မေလ ၁ရက်တွင် မန္တလေးမှ ပူတာအိုသို့ ဒီဇယ်ပေပါ၄၀ကို လေယာဉ်ဖြင့် ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသော်လည်း ပူတာအိုခရိုင်အတွင်းရှိ တောင်သူလယ်သမားအားလုံး မရရှိကြောင်းနှင့် ရရှိသူများအတွက်လည်း လုံလောက်မှု မရှိကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတဦးက” ဧပြီလလောက်က ဒီဇယ်တွေ ပို့ပေးထားတယ်။ လယ်ပြေစာပြပြီး ထုတ်လို့ရတာရှိတယ်။ တချို့တွေ ကလည်း မရကြဘူးလို့ သိရတယ်။ ရတဲ့သူတွေကလည်း၁ဧကကို ၃ပုလင်းရတယ်။ ပုံမှန်ဆို ၁ ဧကကို ၃ဂါလံလောက် ကုန်တော့ မလောက်ဘူးပေါ့”ဟု ပြောသည်။
ပူတာအို ဒေသခံတချို့က တရုတ်နှင့် အိန္ဒိယနယ်စပ်အထိ သွားရောက်ပြီး စက်သုံးဆီ ဝယ်ယူ ရောင်းချခြင်းများ ရှိသော် လည်း တရုတ်ယွမ်ငွေနှင့် ဝယ်ယူရသည့်အပြင် တောလမ်းဖြစ်သောကြောင့် လမ်းခရီး အခက်အခဲများရှိနေပြီး အဆင်ပြေ မှုမရှိကြောင်း သိရသည်။
လက်ရှိပူတာအိုတွင် ဗလာစာအုပ် တဒါဇင်လျှင် ၄သောင်း၅ထောင်ကျပ်မှ ၆သောင်း၊ စားဆီတပိဿာ ၅သောင်းကျပ်၊ ဓာတ်ဆီ 92 (0.7လီတာ)ကို ၃သောင်းခွဲကျပ် ပေးဝယ်နေရသောကြောင့် ကုန်စည်စီးဆင်းမှု လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ပေးစေလိုကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတဦးက” ပူတာအိုဒေသတခုလုံး အရမ်းခက်ခဲနေကြတာမို့ ကားလမ်းကို အပြီးမဖွင့်တောင် ၁လဆို ၁လပေါ့။ လယ်တွေလုပ်ဖို့ ဒီဇယ်တွေလိုနေတယ်။ ကုန်ဈေးနှုန်းတွေ ကျစေချင်တယ်။ အပြီးမဟုတ်တောင် ၁လဖြစ်ဖြစ် ၂လဖြစ်ဖြစ် ဖွင့်ပေးစေချင်တယ်”ဟု ပြောသည်။
ထို့ပြင် လက်ရှိတွင် ဆေးဝါးပြတ်လပ်မှုများ ဖြစ်ပေါ်နေပြီး ပူတာအိုမြို့ပေါ်ရှိ ဆေးပေးခန်း၂ခုနှင့် ဆေးဆိုင်များလည်း ပိတ်ထားရသလို ဆေးရုံများတွင်လည်း ဆေးဝါးလုံလောက်မှုမရှိတော့ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံတဦးက” ဆေးဝါးကတော့ ဒိတ်ကုန်တာတွေတော့ ရှိတယ်။ဆေးခန်းတွေ ဆေးဆိုင်တွေ ပိတ် ဆေးခန်းကတော့ အများကြီးမရှိ ဆေးတော့ ဝယ်မရ။ဆေးရုံတော့ ဖွင့်တယ်။ဆေးတော့ ပြတ်နေတယ်လို့ပြောတယ်။ကျန်းမာရေးတွေကတော့ တော်တော်လေး ခက်ခဲနေကြတယ်။ ပူတာအိုနားက ရွာတွေဘက်က ကလေးတွေလည်း တော်တော်များများ အာဟာရပြတ်တဲ့ လက္ခဏာတွေပြနေကြပြီ။ရုပ်တွေလည်း ပိန်လှီပြီး ပုံတွေအတော်ပျက်နေကြပြီ”ဟု ပြောသည်။
ထိုကဲ့သို့ ပူတာအိုမြို့တွင်း အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ စက်သုံးဆီပြတ်လပ်မှုများနှင့် ပက်သက်ပြီး မည်ကဲ့သို့ ဆောင်ရွက်ဖြေရှင်းပေးနေသေည်ကို သိရှိရန် ဧရာဝတီက ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်း မရှိပေ။
You may also like these stories:
တိုက်ပွဲကြောင့် ပူတာအိုခရိုင်၌ စက်သုံးဆီနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်နေ
ပူတာအိုက စစ်ကောင်စီ တပ်စခန်း KIA နှင့် PDF ပူးပေါင်း သိမ်းပိုက်
ကန်ပိုက်တီ ကုန်သွယ်ရေးလမ်း KIA စစ်ဆင်၊ စခန်း ၃ခု ရရှိ
ကချင်စစ်မျက်နှာတွင် ဗျူဟာမြောက် စစ်ဆင်နေသည်
မံစီနှင့်မိုးမောက်ကို KIA ထိုးစစ်ဆင်ကာ ဗန်းမော်သို့ ဦးတည်လာ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR