အာရက္ခတပ်တော်(AA)က မောင်တောမြို့ကို အပြီးသတ် စစ်ဆင်မည်ဖြစ်၍ မြေပြင်ရှိ ပြည်သူများ တိမ်းရှောင်နိုင်ရန် သတိပေးမှုများ လုပ်ဆောင်နေသလို ၎င်းတို့ ထိန်းချုပ်နယ်မြေသို့ တိမ်းရှောင်လာသူမည်သူ့ကိုမဆို အတတ်နိုင်ဆုံး ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က ဧရာဝတီသို့ ပြောသည်။
ဘင်္ဂလားဒေ့ရှ် နယ်စပ် မောင်တောမြို့နယ်ရှိ စစ်တပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ ဌာနချုပ်စခန်းအားလုံးနီးပါးကို AA က သိမ်းပိုက်ခဲ့ရာ အပြီးသတ်အနေဖြင့် စစ်ဆင်ရေးလုပ်ဆောင်တော့မည်ဖြစ်၍ ဇွန်လ ၁၆ ရက် ည ၉ နာရီ မှ စ၍ အရပ်သားများ မြို့မှ အမြန်ဆုံးထွက် ခွာရန် သတိပေးထုတ်ပြန်ထားခြင်း ဖြစ်သည်။
၎င်းက “သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကတဆင့် ပြည်သူတွေကို အသေအချာသိအောင်ဆိုပြီး လုပ်နေတာ ရှိပါတယ်။ ကျနော်တို့ တတ်နိုင်သလောက်ပေါ့နော်၊ ထိန်းချုပ်နယ်မြေထဲကို ရောက်လာတဲ့ ဘယ်သူ့ကိုမဆို တတ်နိုင်သ လောက် အကူအညီပေးသွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ထို့ပြင် မောင်တောမြို့ပေါ်ရှိ နေအိမ်၊ အဆောက်အဦများတွင် စစ်တပ် နေရာယူကာ အခိုင်အမာခံစစ်ပြင်ဆင်ထားသည့် အတွက် ပြည်သူများအနေဖြင့် စစ်တပ်တပ်ဖွဲ့များရှိရာနေရာများတွင် အတူတကွနေထိုင်ခြင်းများ မပြုလုပ်ကြရန်လည်း AA က သတိပေးထားသည်။
မြေပြင်စစ်ရေးအခြေအနေအရ AA နှင့် စစ်တပ် နှစ်ဖက်စလုံးမှ မောင်တောမြို့အား လမ်းကြောင်းများ ပိတ်ဆို့ဖြတ် တောက်ထားသည့်အတွက် အရပ်သားများ ပိတ်မိနေကြပြီး ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်ရန် အခက် အခဲရှိနေကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ထောက်ပြပြောဆိုသည်။
လက်ရှိအခြေအနေအရ စစ်ကောင်စီအား တိုက်ခိုက်ရမည်ဖြစ်သော်လည်း အရပ်သားပြည်သူများ ထွက်ပြေးတိမ်း ရှောင်နိုင်ရေးအတွက် တိကျသည့် လမ်းညွှန်သတိပေးမှုနှင့် လူသားချင်း စာနာထောက်ထားသည့် အကာအကွယ် အကူ အညီများလိုအပ်ကြောင်း အမျိုး သားညီညွတ်ရေး အစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော် မိုးက ထောက်ပြသည်။

၎င်းက “လောလောဆယ် AA ဘက်က ကြေညာချက် ထုတ်ထားတယ်။ ဘေးကင်းရာ ရှောင်ဖို့၊ ကျန်နေသေးတဲ့ စစ် ကောင်စီစခန်းတွေ သိမ်းဖို့။ စိန်ခေါ်မှုက ဘေးကင်းရာ ဘယ်လိုရှောင်မလဲဆိုတာ ခက်ခဲနေတယ်လို့ သိရတယ်။ တိုက် ပွဲရှိမှသာ စစ်ကောင်စီကို ရှင်းနိုင်မှာ ဖြစ်တယ်။ ဒါပေမယ့် အရပ်သားပြည်သူတွေ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အကောင်းဆုံး ဆောင်ရွက်ဖို့ လိုတယ်လို့ မြင်တယ်” ဟု ပြောသည်။
AA သည် မောင်တောမြို့ တောင်ပိုင်းရှိ စစ်တပ်စခန်းနှင့် နယ်ခြားစောင့်ရဲတပ်ရင်းဌာနချုပ်များကို ထိုးစစ်မဆင်မီ ကတည်းက မောင်တောမြို့နှင့် နယ်မြေထိစပ်နေသည့် ဘူးသီးတောင်မြို့၊ ရသေ့တောင်မြို့တို့အား သိမ်းပိုက်ထိန်း ချုပ်ထားနိုင်ပြီး ဖြစ်သည်။
AA ၏ မေလ ၂၄ ရက် ထုတ်ပြန်ကြေညာချက်၌ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့ရှိ ၎င်းတို့ထိန်းချုပ်နယ်မြေများ တွင် ခိုလှုံနေသည့်အရပ်သား ၂ သိန်းခန့်ရှိနေပြီး ၎င်းတို့ထဲက ၈၀ ရာခိုင်နှုန်းမှာ မွတ်စလင်များဖြစ်ကြောင်းနှင့် ရခိုင်နှင့် အခြားသော လူနည်းစုများမှာ ၂၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း ဖော်ပြထားသည်။
ဘူးသီးတောင်မြို့နယ် တိုက်ပွဲများအတွင်း ရိုဟင်ဂျာ မွတ်စလင်များအား AA တပ်ဖွဲ့ဝင်အချို့ သတ်ဖြတ်ခဲ့ကြောင်းနှင့် AA သိမ်းပိုက်ထိန်းချုပ်ထားသည့် နယ်မြေများ၌ ဒေသခံနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများအပေါ် AA အနေဖြင့် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုများပြုလုပ်ပေးရန်နှင့် အမှန်တကယ် ကျူးလွန်မှုများရှိပါက အပြစ်ပေးအရေးယူရန် အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်က မေလ ၂၂ ရက်တွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။
ထိုတောင်းဆိုချက်တွင် ဂျီနီဗာကွန်ဗန်းရှင်းနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားသည့်ဥပဒေ (IHL) တို့ကို လိုက်နာပြီး ပြည်သူများနေထိုင်ရာနေရာများ၌ တိုက်ပွဲမဖော်ဆောင်ရန်နှင့် ရိုဟင်ဂျာရွာများမှ ရွာသူ၊ ရွာသားများ အား အတင်းအဓမ္မပြောင်း ရွှေ့ခိုင်းခြင်းများ မပြုလုပ်ရန်လည်း လိုအပ်ကြောင်း သတိပေးထားသည်။
အရပ်ဘက် အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်ပါ အချက်အလက်များနှင့် ပတ်သက်ပြီး AA ဘက်က မြေပြင်ပကတိ အချက်အလက်များနှင့် ကွဲလွဲမှုများရှိနေကြောင်းနှင့် မဟုတ်မမှန် သတင်းများနှင့် အခြေအမြစ်မရှိသော စွပ်စွဲချက်များ၊ မိမိတို့အဖွဲ့အစည်းအပေါ် နိုင်ငံတကာမှ အထင်အမြင်လွဲမှားအောင် ပြုလုပ်သော အသုံးအနှုန်းများ ထည့်သွင်းရေးသား ထားခြင်းအား ပြင်းထန်စွာကန့်ကွက်ကြောင်း တုံ့ပြန်ခဲ့သည်။
AA က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် ပြင်ဆင်နေသည့် မောင်တောမြို့နယ်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်း အရ လူဦးရေ ၁၁၁၉၆၁ ဦး နေထိုင်ပြီး မြို့ပေါ်လူဦးရေ ၂၆၂၃၇ ဦးနှင့် ကျေးလက်နေထိုင်သူဦးရေ ၈၅၇၂၄ ဦး ရှိသည်။ လူဦးရေအများစုမှာ မွတ်စလင်များဖြစ်ပြီး ရခိုင်လူမျိုး ၃၄၅၃၇ ဦး၊ ဗမာ ၃၀၄ ဦးနှင့် ကရင်၊ ရှမ်းအချို့ နေထိုင်ကြောင်း လည်း သိရသည်။
လက်ရှိတွင် မောင်တောမြို့အား AA က ဝိုင်းရံပိတ်ဆို့ထားပြီး အဓိက စစ်တပ်စခန်းအနေဖြင့် မြို့သူကြီးရွာအခြေစိုက် နခခ- ၅ ဌာန ချုပ်တခုသာကျန်ရှိပြီး စစ်တပ်အဖွဲ့ဝင်များက မြို့အတွင်းရှိ တိုက်တာအမြင့်များပေါ် နေရာယူကာ ခံစစ် ပြင်ထားကြောင်း ဦးခိုင်သုခ က ပြောသည်။
၎င်းက “မောင်တောက မြို့သူကြီး နခခ- ၅ ကတော့ အဓိက စခန်းကျန်တာပေါ့။ တခြားဟာတော့ မကျန်သလောက်ပဲ။ မြို့ထဲဝင်ပြီး တော့ ပြည်သူကို လူသားဒိုင်းကာလုပ်ပြီး နေရာယူထားတာပေါ့။ ပြည်သူကို မြို့ထဲကနေ ထွက်သွားခွင့် မပေးဘူး၊ အဲဒီလိုမျိုးတွေ ရှိတယ်” ဟု ပြောသည်။
AA သည် မောင်တောမြို့သိမ်း တိုက်ပွဲပြင်ဆင်နေသကဲ့သို့ ရခိုင်ပြည်နယ် တောင်ပိုင်းရှိ အမ်း၊ သံတွဲ၊ တောင်ကုတ်မြို့ နယ်တို့တွင်လည်း စစ်တပ်စခန်းများအား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ပြင်းထန်နေသည်။
ဆက်စပ်ဖတ်ရှုရန်
မောရဝတီဗျူဟာနှင့် နယ်ခြားစောင့်တပ်ရင်း ၄ကို AA ဆက်လက် စစ်ဆင်
မောင်တောကို သိမ်းရန် AA စစ်ရှိန်မြှင့်