လွန်ခဲ့သော ၃ နှစ်ကျော် ထောင်သွင်းအကျဉ်းချထားပြီးနောက် အဆက်အသွယ်မရတော့ကြောင်း မတရား ချုပ်နှောင်မှုကို ခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ သားက ပြောသည်ဟု တနင်္ဂနွေနေ့က သတင်းတပုဒ်အရ သိရသည်။
“သုံးနှစ်ခွဲအတွင်း လွန်ခဲ့တဲ့ ဇန်နဝါရီလက အမေ့ဆီက စာတစောင်ပဲ ရတယ်” ဟု သားဖြစ်သူ ကင်အဲရစ်က အီတလီ သတင်းစာ La Repubblica နှင့် တနင်္ဂနွေနေ့ တွေ့ဆုံမေးမြန်းခန်းတွင်ပြောသည်။
ထိုနောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလတွင် ထောင်မှ ပြောင်းရွှေ့သည့်တိုင် သူနှင့် သူ့အကိုသည် မိခင်ထံမှ မည်သည့်သတင်းမျှ မရတော့ကြောင်း အဲရစ် ပြောသည်။
ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ ခေါင်းဆောင်ကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်တပ်က ဖမ်းဆီးထောင်ချထားသည်။ ထိုနောက် စစ်တပ်က ထိန်းချုပ်ထားသည့် တရားရုံးတခုက သူ့ကို ရာဇဝတ်မှု စွပ်စွဲချက်အမျိုးမျိုးဖြင့် ထောင်စုစုပေါင်း ၃၃ နှစ်ချထားသည်။
၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို ချထားသည့် ထောင်ကာလကို ၆ လ လျှော့ပေးသည်။ ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိထောင်မှ အခြားနေရာသို့ ရွှေ့ပြောင်းသည်။ မိသားစုသည် သူ မည်သည့်နေရာတွင် ရှိသည်ကို မသိရကြောင်း သူ၏သားပြောသည်။
မိခင်ဖြစ်သူ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် နေမကောင်းကြောင်း ပြင်းထန်သော သွားကိုက်ရောဂါ ခံစားနေရပြီး အစာမစားနိုင်ကြောင်း သူ၏ သား ၂ ဦး ကြားသိခဲ့သည်။ ထို့နောက် ၎င်းတို့သည် ဆေးဝါးများ ပေးပို့ခဲ့ကြောင်း ပြောသည်။
“ဇန်နဝါရီလတုန်းက သူ လက်မှတ်ထိုးထားတဲ့ စာတစောင်ရလို့ မယုံကြည်နိုင်လောက်အောင်ဖြစ်ရတယ်” ဟု အဲရစ် ပြောသည်။
ထိုစာတွင် ဒေါ်အောင်ဆန်းစုကြည်က ဆေးဝါးများအတွက် ကျေးဇူးတင်ကြောင်းပြောသော်လည်း ဆက်လက်ဖျားနာနေကြောင်း ပြောသည်။ ထို့နောက် သားများသည် နောက်ထပ်ဆေးဝါးများ ပေးပို့သော်လည်း အကြောင်း ပြန်စာမရကြောင်းပြောသည်။
စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့် ပတ်သက်ပြီး တစုံတရာ ပြောကြားခြင်းမပြုပေ။ ၂၀၂၂ ခုနှစ်တွင် ထိုထောင်သို့ ပြောင်းရွှေ့ချိန်မှ စတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အခြားသူများနှင့် တွေ့ခွင့်မပေးဘဲ ဖမ်းထားသည်။ သူ၏သားနှင့် ရှေ့နေများက သူ့တို့တွေ့ဆုံရန် တောင်းဆိုမှုများကိုလည်း ပယ်ချထားခဲ့သည်။
ကိုးကား။ ။ DPA သတင်း Myanmar’s Aung San Suu Kyi has been incommunicado for over 3 years, family says
You may also like these stories:
ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့
ဒေါ်အောင်ဆန်းစုကြည်ကို ခုတုံးလုပ်သော်လည်း စစ်ကောင်စီ ထင်တိုင်းမပေါက်
ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာနဲ့ စစ်ကောင်စီ ဘယ်လို အဆက်အသွယ် ဖြတ်ထားလဲ
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လေလံ မအောင်မြင်သည့် နောက်ကွယ်
ဒီပဲယင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုလွတ်မြောက်ခဲ့လဲ (ရုပ်/သံ)