ထိုင်းနိုင်ငံခြားရေး ဝန်ကြီးသစ် မစ္စတာ မာရစ် ဆန်ဂျီယန်ပွန်ဆာက မြန်မာပဋိပက္ခ ကူညီဖြေရှင်းရေးအတွက် ငြိမ်းချမ်းသော ဆွေးနွေးပွဲများ ပေါ်ပေါက်ရေးတွင် ထိုင်းနိုင်ငံ၏ အခန်းကဏ္ဍကို အလေးထား ပြောကြားလိုက်သည်။
ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနသည် ၎င်း၏မူဝါဒများကို ရှင်းလင်းရန် ပထမဆုံးအစည်းအဝေး “Meet the Press#1” ကို ဇွန်လ ၁၄ ရက်နေ့တွင် ကျင်းပသည်။ ထိုအစည်းအဝေးတွင် မစ္စတာ မာရစ်က “ထိုင်းနိုင်ငံကို ပြန်လည် အသက်သွင်းရေး၊ ထိုင်း သံတမန်ရေးကို ပြန်လည် အသက်သွင်းရေး” အကြောင်းအရာအောက်မှ ထိုင်းနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်ကို မျှဝေသည်။
ထိုင်းနိုင်ငံ နယ်စပ်လုံခြုံရေးကို ထိခိုက်စေသည့် မြန်မာအကျပ်အတည်းကို ဥပမာပေးပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သောဆက်ဆံရေး ထိန်းသိမ်းခြင်းသည် နိုင်ငံတည်ငြိမ်မှုကို တောင့်တင်းကြံ့ခိုင်ရေးတွင် အရေးပါကြောင်း ၎င်းကထောက်ပြသည်။
“ကျနော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပတ်သက်တဲ့ နိုင်ငံခြားရေးမူဝါဒဟာ အပြန်အလှန် အကျိုးစီးပွားအတွက် ပူးပေါင်း ဆောင်ရွက် အားထုတ်တဲ့ အပြန်အလှန် ငြိမ်းချမ်းရေးကို အာရုံစိုက်သင့်တယ်လို့ ကျနော် ထင်တယ်” ဟု ၎င်းက ပြောသည်။
မြန်မာမှ စစ်ပွဲသည် ထိုင်း-မြန်မာနယ်စပ်ကို ထိခိုက်စေပြီး ထိုင်းနိုင်ငံသည် မြန်မာတွင် ငြိမ်းချမ်းရေး ပြန်လည် ထိန်းသိမ်းသည်ကို မြင်လိုကြောင်း၊ ထိုသို့ လုပ်ဆောင်ခြင်းသည် နယ်စပ်လုံခြုံရေး ပြန်လည် ထိန်းသိမ်းရေးကို အထောက်အကူပြုပြီး ထိုင်းနယ်စပ်များသို့ ထိခိုက်မှု သက်သာစေကြောင်း မစ္စတာ မာရစ်က ပြောသည်။
“လုံခြုံရေးနယ်ပယ်မှာ ကျနော်တို့က မြန်မာကို ဦးစားပေးတယ်။ အဲဒီအပြင် မြန်မာက ပြဿနာတွေကို ထိထိရောက်ရောက် ဖြေရှင်းဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတခု ဖြစ်မြောက်ရေးမှာ အဓိကအခန်းက ပါဝင်ချင်တယ်” ဟု ၎င်းကပြောသည်။
“လူသားချင်းစာနာမှု အကူအညီပေးရေးဟာလည်း အရေးပါပြီး အဲဒီနယ်ပယ်မှာ ကျနော်တို့ ဆက်လက် တွန်းအားပေးမှာ ဖြစ်ပေမယ့် ဒါကို အားလုံးက လက်ခံဖို့လိုတယ်။ တိုက်ခိုက်မှုတွေ ရပ်ဖို့နဲ့ ဒါဟာ ကျနော်တို့ အစိုးရိမ်ဆုံးကိစ္စ ဖြစ်တယ်။ ဒါပေမယ့် ဒီကိစ္စဟာ ထိခိုက်လွယ်ပြီး တဖြည်းဖြည်း လုပ်ရမယ့်ကိစ္စဖြစ်တယ်” ဟုလည်း ပြောသည်။
ထို့ပြင် ထိုင်းနိုင်ငံသည် တရားမဝင် စီးပွားရေးလုပ်ငန်းများ၊ ငွေကြေးလိမ်လည်မှု လုပ်ငန်းများနှင့် မူးယစ်မှောင်ခို လုပ်ငန်းများ တိုက်ဖျက်ရေးတွင်လည်း မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံသည် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအတွက် “နိုင်ငံ ခြောက်နိုင်ငံ၊ ရည်မှန်းချက်တခု” ဟုခေါ်သည့် အစီအစဉ်ကိုလည်း အာရုံစိုက်ကြောင်း ပြောသည်။
ထို့ကြောင့် ထိုင်းနိုင်ငံသည် ၎င်း၏ နိုင်ငံတကာဆက်ဆံရေးတွင် စည်းရုံးနိုင်သည့် သြဇာကိုသုံးကာ အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေး အားထုတ်မှုတွင် ပေါင်းစည်းခြင်းနှင့် တီထွင်ဖန်တီးမှုကို အသုံးချနိုင်ကြေင်း မစ္စတာ မာရစ်က ပြောသည်။
ဥပမာအားဖြင့် လာအိုသည် (လျှပ်စစ်ရောင်းချမှုကြောင့်) အာရှ၏ ဘက္ထရီအိုး ဖြစ်သော်လည်း ထိုင်းသည် လာအိုနှင့် လေအား၊ နေအားနှင့် ရေအားစသည့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်တွင် ပူးပေါင်းဆောင်ရွက်နိုင်ကြောင်း ၎င်းပြောသည်။
ရှည်ကြာသော ထိုင်းနိုင်ငံတောင်ပိုင်း ပုန်ကန်မှုနှင့် ထိုင်း-မလေးရှား နယ်စပ်တလျှောက်တွင် ငြိမ်းချမ်းရေး ရရှိရေး မလေးရှားသည် အဓိက မိတ်ဖက်ဖြစ်သည်ဟု ပြောသည်။
ပြတ်သားသော တွေ့ဆုံဆွေးနွေးမှုအပြင် တောင်ပိုင်း အထူးစီးပွားရေးဇုန်တွင် မလေးရှားနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံကို ပိုမိုနီးကပ်စေပြီး စီးပွားတိုးတက်စေမည်ဟု ၎င်းက ပြောသည်။
ကမ္ဘောဒီးယားနှင့်ပတ်သက်ပြီး မစ္စတာ မာရစ်က ထိုင်းနိုင်ငံသည် ဆီရမ်ယိတွင် တော်ဝင် ထိုင်းကောင်စစ်ဝန်ချုပ်ရုံး ဖွင့်တော့မည်ဖြစ်ပြီး စနစ်တကျ ကုန်စည်ပို့ဆောင်ရေး စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်မည်ဟု ပြောသည်။
ထိုင်းနိုင်ငံကို ယုံကြည်မှု ပြန်လည်ရရေးအတွက် နိုင်ငံတကာ အသိုက်အဝန်းနှင့် ဆက်ဆံရေးတွင် စီးပွားရေးဦးဆောင်သည့်ပုံစံကို အသုံးပြုရန် ရည်ရွယ်ကြောင်းလည်း သိရသည်။
“ထိုင်းနိုင်ငံဟာ ကျနော်တို့ ပြည်တွင်း ပဋိပက္ခကြောင့် ကမ္ဘာ့အာရုံစိုက်မှုက ပျောက်ကွယ်နေပြီး နိုင်ငံတကာ အသိုက်အဝန်းရဲ့ ယုံကြည်မှု ပြန်ရဖို့လိုနေတယ်” ဟု ၎င်းက ပြောသည်။
“ကျနော်တို့ဟာ အခွင့်အလမ်း အများကြီး၊ အချိန်နဲ့ နိုင်ငံရဲ့အလားအလာကို ဖြုန်းတီးတယ်” ဟုလည်း ပြောသည်။
“ဒါကြောင့် ကျနော်တို့ဟာ ထိုင်းနိုင်ငံရဲ့ပုံရိပ်ကို ပြန်လည် ထိန်းသိမ်းပြီး နိုင်ငံတကာနဲ့ ဒေသတွင်းအဆင့်မှာ အဓိက အခန်းက ပါဝင်ကာ အဲဒီကိစ္စကို ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကနေ လုပ်နိုင်တယ်” ဟုလည်း မစ္စတာ မာရစ်က ပြောသည်။
ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးသည် နိုင်ငံတကာ အသိုက်အဝန်းတွင် ယုံကြည်မှု ပြန်လည် ရရှိရေးအတွက် အဓိက အာရုံစိုက်သည့် နယ်ပယ်များဖြစ်ကြောင်း ၎င်းက ပြောသည်။
ထိုင်းနိုင်ငံ တက်ခ်ခရိုင် မဲဆောက်တဘက်ကမ်း အဓိက ကုန်သွယ်ရေးမြို့ မြဝတီတွင် ဧပြီလအတွင်း တိုက်ပွဲများ ပြင်းထန်လာစဉ် မြန်မာစစ်ကောင်စီနှင့် တော်လှန်တိုက်ခိုက်ရေးသမားများအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကြားဝင်ဆောင်ရွက်ပေးရန် ထိုင်းနိုင်ငံက အသင့်ရှိနေကြောင်း ပြောဆိုခဲ့သည်။
ကိုးကား ။ ။ Bangkok Post သတင်း New Thai Foreign Minister Says Solving Myanmar Conflict a Top Priority
You may also like these stories:
မြန်မာပြည်တွင်းစစ်ကြောင့် ထိုင်းအကူအညီ နှောင့်နှေး
မြန်မာငြိမ်းချမ်းရေး ထိုင်းအဆိုပြု အစီအစဉ် လာအိုထောက်ခံ
မြန်မာ့ငြိမ်းချမ်းရေး ကြားဝင်ဆောင်ရွက်ရန် ထိုင်း ကမ်းလှမ်း
ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော် ကျဆင်း
ထိုင်း-မြန်မာ ပူးတွဲလုပ်ငန်းအဖွဲ့က စစ်ကောင်စီကိုသာ အကျိုးရှိစေမည်