ရန်ကုန်အပါအဝင် ဒေသတချို့၌ စားအုန်းဆီ ပြတ်လပ်မှုများ ရှိနေပြီး ပြင်ပဈေး ၁ ပိဿာလျှင် ကျပ် ၁သောင်း ၃ထောင်အထိ မြင့်တက်နေကြောင်း စားသုံးသူများထံက သိရသည်။
ပြည်တွင်းလိုအပ်ချက်အရ စားအုန်းဆီကို ယခင်အကန့်အသတ်မရှိ ဈေးကွက်စီးပွားရေးအတိုင်း တင်သွင်းခွင့် ပြုထားသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့က ကြီးကြပ်ဆောင်ရွက်ခဲ့သည်။
ယခုတဖန် ဇွန် ၁ ရက်မှစ၍ ဆီသွင်းသည့် ကုမ္ပဏီများမှ တိုက်ရိုက် ဖြန့်ဖြူး ရောင်းချသည့်စနစ်သို့ ပြောင်းလိုက်ရာ ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်သည်။
စားအုန်းဆီ လုပ်ငန်းရှင်တဦးက “အခုက ကုမ္ပဏီတွေကနေ သက်ဆိုင်ရာကိုယ်စားလှယ်တွေကို ဖြန့်တယ်၊ နိုင်ငံခြားကနေ တင်သွင်းရတဲ့အခါ အကန့်အသတ်ရှိတယ်။ သွင်းချင်သလောက် သွင်းမရဘူး၊ ဒါကြောင့် တချို့ နေရာတွေမှာ ဆီပြတ်တာတွေ ဖြစ်တယ်။ ဝယ်လိုအားနဲ့ ရောင်းလိုအားကတော့ စားသုံးသူကပဲ ဆုံးဖြတ်တာဆိုတော့ ဒီလောက်ပဲ သွင်းရင် လောက်တယ်ဆိုပြီး ကိုတာတို့၊ ခွဲတမ်းတို့တွေ ပါလာတော့ ဖြစ်တာပါ။ ပစ္စည်းရှားပြီး လုံးဝပြတ်တာမျိုးတော့ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ သွင်းလို့ရမယ်ဆိုတဲ့ အကန့်အသတ်ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထို့ကြောင့် ရန်ကုန်မြို့ရှိ မြို့နယ်တချို့ နှင့် မန္တလေးတိုင်း၊ ပဲခူး၊ တနင်္သာရီအစရှိသည့် မြို့နယ်တချို့ တွင် လိုသလောက် ဝယ်ယူ၍ မရသည့် ပြဿနာများ ဖြစ်ပေါ်နေသည်။
စစ်ကောင်စီက စားအုန်းဆီကို ဒုတိယဦးစားပေးကုန်စည်အဖြစ် တင်သွင်းခွင့်ပေးထားသော်လည်း မပြတ်လပ်ရေးအတွက် ဦးစားပေးအဖြစ် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီးများကိုသာ သတ်မှတ်ထားကြောင်း သိရသည်။
စားအုန်းဆီဈေးကို စစ်ကောင်စီက တပိဿာ ၅၇၀၀ကျပ် သတ်မှတ်သော်လည်း ဒေသလိုက်၍ မန္တလေးတိုင်း မိုးကုတ်မြို့ တွင် ၆၃၀၀ ကျပ်၊ တချို့နေရာများတွင် သယ်ယူစရိတ် ပေါင်းထည့်ရသဖြင့် ၁သောင်း ၃ထောင်ကျပ်အထိပင် ပြင်ပဈေး မြင့်တက်နေသည်။
လက်လီဆိုင်များမှာ ယခင် တရက်လျှင် ၅၅ ပိဿာ ခွဲတမ်းရသော်လည်း ယခု ပိဿာ ၅၀ သာ ရတော့ကြောင်း ရန်ကုန်မြို့ ရှိ စားအုန်းဆီ လက်လီရောင်းချသည့် ဆိုင်ပိုင်ရှင်တဦးထံမှ သိရသည်။
၎င်းက “အရင်က ကျနော်တို့ ခွဲတမ်းရရင်ရောင်း၊ ရောင်းပြီးရင် ဓာတ်ပုံရိုက်ပို့ရတယ်။ အခုကျတော့ တိုကင်တွေ ဘာတွေနဲ့ ရောင်းရတယ်။ တချို့က တိုးပြီး ပြန်ရောင်းလို့။ အရင်က ခွဲတမ်းက ၅၅ ပိဿာ ရတယ်။ အဲဒါက ထွေအုပ်လက်ထက်က အခု ကုမ္ပဏီ ပြောင်းသွားတော့ ၅ ပိဿာ လျော့သွားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းအခြေအနေများကြောင့်လည်း စားအုန်းဆီ ခွဲတမ်း လျော့နည်းလာပြီး ဈေးကွက်တွင် ဆီပြတ်လပ်ခြင်း၊ ဈေးနှုန်း အဆမတန်မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။
ဆီခွဲတမ်းရဆိုင်များမှ စားသုံးသူထံ ဖြန့်ဖြူးရာတွင် မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စု (သန်းခေါင်စာရင်း)နှင့် ဖုန်းနံပါတ် ပေးမှ ရောင်းချပေးသလို၊ အုပ်ချုပ်ရေးမှူးရုံးတံဆိပ်ပါမှ ရောင်းချသည့် ဆိုင်များလည်း ရှိကြောင်း၊ တချို့ကမူ တိုကင်နံပါတ် ဖြင့် ရောင်းချခြင်းများ ရှိကြောင်း သိရသည်။
ထို့ကြောင့် စားအုန်းဆီ တန်းစီ၍ ဝယ်နေသည့် ပုံများကို ယခုရက်ပိုင်းတွင် ထပ်မံ တွေ့လာရပြီး ဈေးကွက်အတွင်း ဆီလို သလောက် ဝယ်ယူ၍ မရသည့် အခက်အခဲများ ဖြစ်ပေါ်နေသလို တန်းစီဝယ်ယူပါကလည်း တဦးလျှင် အများဆုံး တပိဿာ ထိသာ ဝယ်ယူ၍ ရကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ အိမ်ရှင်မတဦးက “ဆီက အပြင်မှာ ဝယ်လို့မရဘူး။ ရောင်းသူက သတ်မှတ်နေရာမှာပဲ ကုန်အောင်ရောင်းရ မယ်ဆိုတော့ ဆီသုံးရတဲ့ အကြော်သမားတွေ ကိုယ်ဝယ်ချင်သလောက် အပြင်မှာ ဝယ်မရတော့ မှောင်ခိုဈေးကွက်က ပြန်ဝယ်ရတယ်။ ဒီတော့ စားဖို့ တိုးသူ ရှိသလို ပြန်ရောင်းဖို့ တိုးတဲ့သူလည်း ရှိတယ်။ အခု တန်းစီတဲ့နေရာတောင် တနေရာ ကို ကျပ် ၁၀၀၀ နဲ့ ပြန်ရောင်းစားကြတာတွေ ဖြစ်လာတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုကြောင့် ပြင်ပမှောင်ခိုဈေးကွက်ဖြစ်လာပြီး လုပ်ငန်းသုံးရန် လိုအပ်ပါက ခွဲတမ်းရသောဆိုင်များနှင့် ချိတ်ဆက်၍ ဝယ်ယူနေရကြောင်း တောင်ငူမြို့ရှိ စားသောက်ကုန် လုပ်ငန်းလုပ်ကိုင်သူ တဦးက ပြောသည်။
လတ်တလော တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်၌ စစ်ကောင်စီက ၎င်းတို့၏ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာများကို တအိမ်ထောင်လျှင် ၃ ပိဿာ၊ ၄ ပိဿာနှုန်း သတ်မှတ်ဈေးဖြင့် ရောင်းချ ပေးနေကြောင်း၊ ထိုစားအုန်းဆီမှာလည်းပြည်နယ် အတွက် မေလ ခွဲတမ်းသာဖြစ်ပြီး ယခုလအတွက် အခြေအနေကို မသိရသေးကြောင်း ဆီလုပ်ငန်းရှင်များက ပြောသည်။
သံတွဲမြို့နယ် ဒေသခံ တဦးက “စားနပ်ရိက္ခာကတော့ ဒီမှာ မိုးကလည်း ရွာ၊ အလုပ်အကိုင်ကလည်းမရှိ၊ ဈေးတွေကလည်း တက်တော့ ဒုက္ခရောက်တာပေါ့။ အခုက လမ်းတွေလည်း ပိတ်ထားတော့ ဆေးဝါးတွေ ဘာတွေ ဝယ်လို့မရဘူး။ အဲဒီတော့ ရတဲ့ ဈေးကျတော့လည်း ကြီးတာပေါ့၊ အခု စားဆီ ၅၀ သားကို ကျပ် ၁၂,၀၀၀ လောက်ပေးရတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တနင်္သာရီတိုင်း ထားဝယ်ခရိုင်တွင်လည်း ယခု စားအုန်းဆီမှာ တပတ်လျှင် ပေပါအလုံးရေ ၄၀ မှ ၆၀ အထိသာ ရရှိသောကြောင့် ယခင်ထက် ၂ ဆ၊ သုံးဆခန့် ရရှိမှု လျော့နည်းသွားကြောင်း အမည်မဖော်လိုသည့် စားအုန်းဆီ လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။
ပြည်တွင်လိုအပ်ချက်မှာ နှစ်စဉ် တန်ချိန် ၁ သန်း ခန့်ရှိပြီး မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ တန်ချိန် ၆ သိန်းမှ ၇ သိန်း ကြား နှစ်စဉ် တင်သွင်းသော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားငွေ ရှားပါးလာမှုကြောင့် ဆီတင်သွင်းခြင်း ကို အကန့်အသတ်ဖြင့်သာ ခွင့်ပြုထားသည်။
စစ်ကောင်စီကတော့ စားအုန်းဆီအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀၀ ခန့် သုံးစွဲနေရသည်ပြောဆိုထားပြီး နိုင်ငံခြားငွေ သုံးစွဲမှုလျှော့ချနိုင်ရေး စားဆီ အပါအဝင် အခြားသွင်းကုန်ပစ္စည်းများ လျှော့ချရန် ပြောဆိုနေ သော်လည်း စစ်အသုံးစရိတ်ကိုမူ ငွေလုံးငွေရင်းဖြင့် သုံးစွဲနေသည်။
ထိုအခြေအနေတွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာပါက ဝိသမ လောဘသားများကြောင့်ဆိုကာ ဈေးနှုန်းများ လုပ်ငန်းရှင်နှင့် ကုန်သည်များကို ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်သည့် နည်းဖြင့် ဖြေရှင်းနေသည်။
You may also like these stories:
စစ်ကောင်စီ ထိန်းချုပ်ဖြန့်ဖြူးမှုကြောင့် စားအုန်းဆီဈေး ဆက်လက်မြင့်တက်နေ
စားအုန်းဆီကို ခွဲတမ်းဖြင့်သာ ရောင်းချနိုင်တော့
စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီအချို့ကို စစ်ကောင်စီ တရားစွဲ
စစ်ကောင်စီက ဆန်ဈေးသတ်မှတ်လိုက်ပြီးနောက် မှောင်ခိုဈေးကွက်ပေါ်လာ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR