စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်ရှိ လေကြောင်းတိုက်ခိုက်ခံရသည့် ရွာများမှ ဒဏ်ရာရသူများ ကုသရန် ဆေးဝါး လိုအပ် နေကြောင်းသိရသည်။
ပြီးခဲ့သည့် ဇွန်လ ၃ ရက်က မတောရွာ မင်္ဂလာပွဲ ဗုံးကြဲခံရမှုတွင် ကလေးအပါအဝင် ၂၉ ဦး သေဆုံးခဲ့သလို ၅၉ ဦး ဒဏ်ရာရခဲ့ရာ ကိုယ်အင်္ဂါအစိတ်အပိုင်း ထိခိုက်သွားသူ ၂၀ထက်မနည်းရှိသော်လည်း ဆေးဝါးမလုံလောက်သည့် အတွက် ဖြစ်သလိုကုသနေရကြောင်း မတောရွာခံတဦးက ပြောသည်။
“လောလောဆယ် ဆေးရုံဆေးခန်း ပို့ထားတဲ့သူတွေရှိသလို လက်နက်ကြီးနဲ့ ဆက်တိုက်ပစ်နေလို့ ဆေးရုံဆေးခန်း မသွားနိုင်ဘဲ ကုနေရတဲ့သူတွေလည်း ရှိပါတယ်။ ဗုံးထိထားတာဆိုတော့ ဒဏ်ရာအတွက် အနာကျက်မယ့် ဆေးတို့၊ ပတ်တီးတို့ အနာဆေးတဲ့ဆေးတို့ လိုအပ်တယ်။ ဒါပေမယ့် ဝယ်ဖို့ရော သယ်ယူရေးမှာရော အခက်အခဲရှိတော့ လူနာ တွေ အနေနဲ့ တော်တော် မဖြစ်သင့်တာတွေ ဖြစ်သွားနိုင်တယ်” ဟု ၎င်းက ပြောသည်။
အလားတူ ဇွန်လ ၄ ရက်က ပျဉ်းကိုင်းရွာကို ဗုံးကြဲရာ ကလေးတဦးအပါအဝင် ၄ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ဒဏ်ရာရသူများကို မင်းကင်းမြို့နယ် ပရဟိတအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဆေးဝါး ကုသမှု လုပ်ပေးနေ ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးလျက်ရှိ ကြောင်း မင်းကင်း ပြည်သူ့ ကာကွယ်ရေး အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဌေးက ပြောသည်။
၎င်းက “ပရဟိတအဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေ တာဝန်ယူပြီး ဆေးဝါးကုသမှုတွေ ပေးနေတယ်။ NUG အစိုးရအနေနဲ့ကတော့ သက်ဆိုင်ရာကနေ ပံ့ပိုးကူညီမှုတွေပေးနေပါတယ်။ ဒါပေမယ့် ဒေသရဲ့အခြေအနေအရ သွားရ လာရခက်ခဲလို့ ကူညီပေးပေမယ့်လည်း လိုအပ်ချက်ထက် ပြည့်စုံမှုတော့ မရှိသေးပါဘူး” ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် မတောရွာအား လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေမှုကြောင့် လေကြောင်းတိုက်ခိုက်မှု ဖြစ်ခဲ့သည့်နေ့မှ စတင်ကာ ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေရဆဲဖြစ်ကြောင်း သိရသည်။
မတောရွာခံတဦးက “ဒီဖြစ်စဉ်က လူမဆန်ဘူး။ အစုလိုက် အပြုံလိုက် သေတယ်။ ကလေးသူငယ် ကျောင်းသား အရွယ်တွေပါမယ်။ လက်နက်ကိုင် အချင်းချင်း မတိုက်ဘဲနဲ့ ပြည်သူကို ဦးတည်ပြီး တိုက်တာဖြစ်လို့ နိုင်ငံတကာ ကပဲဖြစ်ဖြစ် ပြည်သူတွေထပ်ပြီး အသေအပျောက်မရှိအောင် ကူညီကြပါလို့ ပြောချင်ပါတယ်” ဟု ပြောသည်။
ထိုဖြစ်စဉ်များအပြင် ဇွန် ၈ ရက်က မင်းကင်းမြို့နယ် သပြေသာရွာ ဘုန်းကြီးကျောင်းတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ အစည်းအဝေးလုပ်နေစဉ်လေကြောင်းမှ ဗုံးကြဲမှုကြောင့် သံဃာ ၂ ပါးနှင့်၊ ဘုန်းကြီးကျောင်း သို့ လာရောက်သည့် ဒေသခံ ၄ ဦး၊ PDF ၃ ဦး သေဆုံးခဲ့သလို ဒဏ်ရာရသူများလည်း ရှိခဲ့သည်။
စစ်တပ်ထောက်ခံသူ လော်ဘီများကမူ ထိုသို့ မင်းကင်းမြို့နယ်အတွင်း ဗုံးကြဲမှုများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များရှိနေသည့်နေရာများအား ဗုံးကြဲခြင်းသာဖြစ်ကြောင်း ရေးသားဖြန့်ဝေထားကြသလို မည်သည့်နေရာတွင် PDF များ ရောက်နေသည်၊ မည်သည့်ရွာတွင် လူစုနေသည် စသည်ဖြင့် ရေးသားကာ ဗုံးကြဲရန် တောင်းဆိုမှုများလည်း ရှိသည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်ကမူ တစုံတရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
မင်းကင်းမြို့နယ်၌ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ပွဲလမ်းသဘင်၊ လူစုလူဝေးများ မပြုလုပ်ကြရန်နှင့် ကျောင်းများပိတ်ထားရန် မင်းကင်း ပကဖက ဇွန် ၆ ရက်တွင် ထုတ်ပြန် သတိပေးထားသည်။
You may also like these stories:
မင်းကင်း မတောရွာမင်္ဂလာဆောင် ဗုံးကြဲခံရ၊ သေဆုံးသူ ၂၇ ဦးထိ ရှိလာ
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို လက်ယဉ်နေသော စစ်ကောင်စီ