တချို့သူတွေက ဘယ်တော့မှ လက်လျှော့ အရှုံးမပေးကြပါဘူး။ လုံခြုံရေးအန္တရာယ်ကို သိပြီး အတန်အသင့်ပဲ ရတဲ့ လုပ်အားခကို လက်ခံကာ အလုပ်ချိန် အကန့်အသတ်ကို ရင်ဆိုင်ရင်း လွတ်လပ်တဲ့ မြန်မာသတင်းသမား ဒါဇင်ပေါင်းများစွာဟာ ဧရာဝတီနဲ့အတူ နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ကြပြီး တချို့ဆိုရင် ဧရာဝတီနဲ့အတူ ရပ်တည်နေတာ ဆယ်စုနှစ်တခု မကတော့ပါဘူး။
လွန်ခဲ့တဲ့ သီတင်းပတ်မှာတော့ ဧရာဝတီသတင်းဌာနဟာ အခုလို စိန်ခေါ်မှုများတဲ့ ခေတ်တွေမှာ အတူဖြတ်သန်းခဲ့ပြီး ကာလကြာမြင့်စွာ အတူရပ်တည်ခဲ့တဲ့ ဝါရင့်အဖွဲ့ဝင်တွေ၊ မိတ်ဖက်တွေနဲ့ မိတ်ဆွေ ၂၁ ဦးရဲ့ သတ္တိကို နှလုံးသားက လာတဲ့ ကျေးဇူးအဖြစ် ဖော်ပြဖို့ ကျေးဇူးတင် အသိအမှတ်ပြုလွှာတွေ ချီးမြှင့်ခဲ့ပါတယ်။ ကျနော်တို့ဟာ အသင့်အတင့် အခမ်းအနားလေးတခု ကျင်းပပြီး အားလုံးကလည်း အဲဒီအခမ်းအနားမှာ ပျော်ရွှင်ခဲ့ပါတယ်။
ဧရာဝတီသတင်းဌာနဟာ လွန်ခဲ့တဲ့နှစ်မှာ သက်တမ်း နှစ်ပေါင်း ၃၀ ပြည့်ခဲ့ပြီး အဲဒီသမိုင်းမှတ်တိုင် အထိမ်းအမှတ် အခမ်းအနားကို ကျနော်တို့ ဝန်ထမ်းတွေ၊ ဘဝတူ သတင်းသမားတွေ၊ သံတမန်တွေနဲ့ မိတ်ဆွေတွေနဲ့အတူ ကျင်းပခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် သုံးခုကျော်အတွင်း မိတ်ဖက်အများအပြားက သတင်းလွတ်လပ်ခွင့် ထိန်းသိမ်းဖို့ ကျနော်တို့ လုပ်ငန်းနဲ့ တာဝန်ကို ဆက်လက်လုပ်ကိုင်နိုင်ရေး ကူညီရင်း ကျနော်တို့ကို ထောက်ခံမှုပေးခဲ့တယ်။ ရင်ထဲက လှိုက်လှဲစွာ ပြောရရင် ဧရာဝတီသတင်းဌာနက သူတိုရဲ့ ကူညီမှုတွေကို ကျေးဇူးတင် အသိအမှတ်ပြုပါတယ်။
ကျနော်တို့ကို ထောက်ခံတဲ့ မိတ်ဖက် အများအပြားအပြင် ဧရာဝတီသတင်းဌာနဟာ ချီးကျူးဂုဏ်ပြုခံရတဲ့ ဆောင်းပါး အများအပြားကို ချီးမြှင့်ရေးသားပေးတဲ့ ဝါရင့် သတင်းစာဆရာကြီး ဘာတေးလ်လစ်တနာ အပါအဝင် သစ္စာတရားကြီးမားတဲ့ မိတ်ဆွေတွေ အများကြီး ရှိနေတာဟာ ကံကောင်းခြင်းပဲ ဖြစ်ပါတယ်။ ဘာတေးလ်လစ်တနာနဲ့အတူ ကျနော်တို့ လမ်းခရီးမှာ ကူညီခဲ့တဲ့ မိတ်ဖက်နဲ့ မိတ်ဆွေ အများအပြားကိုလည်း ကျေးဇူးတင် အသိအမှတ်ပြုလွှာတွေ ပေးအပ်ခဲ့ပါတယ်။
ကျေးဇူးတင် အသိအမှတ်ပြုလွှာတွေ ပေးအပ်ခဲ့သူတွေထဲ ဧရာဝတီသတင်းဌာနမှာ အတူ နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်ခဲ့တဲ့ အယ်ဒီတာတွေ၊ သတင်းထောက်တွေ ပါဝင်ပါတယ်။ သူတို့ထဲမှာ အမှုဆောင်အယ်ဒီတာတွေဖြစ်တဲ့ ကိုရဲနည်နဲ့ ကိုကျော်စွာမိုးတို့ ပါဝင်ပြီး သူတို့ဟာ လွန်စွာ ကရိကထများတဲ့ မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာ သတင်းခန်းအသီးသီးရဲ့ ပဲ့ကိုင်ရှင်တွေ ဖြစ်ပါတယ်။
အမှုဆောင် အယ်ဒီတာ မငြိမ်းငြိမ်း၊ ဗီဒီယိုအဖွဲ့အယ်ဒီတာ ကိုကျော်ခ၊ မြန်မာပိုင်း အယ်ဒီတာ ကိုရန်ပိုင်နဲ့ အခြား အယ်ဒီတာတွေဟာလည်း ဧရာဝတီသတင်းဌာနနဲ့အတူ ဆယ်စုနှစ်တခုမက ရပ်တည်ခဲ့ပြီး မနားမနေ အလုပ်လုပ်နေကြပါတယ်။
အလားတူစွာပဲ ဧရာဝတီသတင်းဌာနကို ပူးတွဲတည်ထောင်သူ ကိုဝင်းသူဟာ နှစ်ပေါင်း ၃၀ ကျော်တဲ့တိုင် အတူရပ်တည်ပြီး သတင်းဌာနအတွက် အဖိုးမဖြတ်နိုင်တဲ့ ရတနာဖြစ်တယ်။ သူဟာ သတင်းသမား မဟုတ်ပေမယ့် သတင်းလုပ်ငန်းလည်ပတ်မှုတွေကို မိုးလင်းမိုးချုပ် စီမံလုပ်ကိုင်နေသူ ဖြစ်ပါတယ်။ သူနဲ့အတူ စီမံအုပ်ချုပ်ရေးဝန်ထမ်းတွေက ဧရာဝတီသတင်းဌာနကို မြန်မာ့သတင်းလွတ်လပ်ခွင့် မြှင့်တင်ရေး တပ်ဦးရောက်ဖို့ နှစ်ပေါင်းများစွာ အကြီးအကျယ် အကျိုးဆောင်ကြခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ စစ်အာဏာသိမ်းပြီး ရန်ကုန်က ဧရာဝတီရုံးခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်း သိမ်းဆည်းတဲ့အခါ အဲဒီရုံးဝန်ထမ်းတွေလည်း အယ်ဒီတာတွေ၊ သတင်းထောက်တွေနဲ့အတူ သတင်းလုပ်ငန်း ဆက်လက်လုပ်ကိုင်ဖို့ နိုင်ငံကို စွန့်ခွာခဲ့ရပါတယ်။
ကျေးဇူးကမ္ဘာပါလို့ သူတို့ကို ပြောချင်ပါတယ်။
မြန်မာသတင်းသမားတွေဟာ မြင့်မားတဲ့ရာထူးနဲ့ များပြားတဲ့ လစာ အလားအလာကို မမျှော်လင့်နိုင်ဘဲ ထောင်ထဲပို့မယ့်၊ စစ်ကြောရေးစခန်းပို့မယ့်၊ အမှုရင်ဆိုင်ရရုံမက အသက်ပါ သေနိုင်တဲ့ အန္တရာယ်ကိုသာ ရင်ဆိုင်နေရပါတယ်။ ကျနော်တို့ အလုပ်အကိုင်ဆိုတာ “ဂျာနယ်လစ်” သို့မဟုတ် “အယ်ဒီတာ” သို့မဟုတ် မြန်မာလို ဂုဏ်ယူတကြီး ပြောတဲ့ “သတင်းစာဆရာ” ဆိုတဲ့ ဂုဏ်ပုဒ်မှာပဲ ရိုးရှင်းစွာ အဆုံးသတ်သွားပါတယ်။
ဒါပေမယ့် ဧရာဝတီရဲ့ အမာခံအဖွဲ့ဝင်တွေဟာ ဧရာဝတီနဲ့ အတူရပ်တည်ကြတယ်။ ကျနော်တို့က သူတို့ကျေးဇူးကို အမြဲတမ်း အသိအမှတ်ပြုတယ်။ ဒီလောက်တောင် ထိရောက်မှုရှိတဲ့ အလုပ်တွေကို လုပ်ခဲ့ကြတဲ့အတွက် ဧရာဝတီက သူတို့ကို ကျေးဇူးတင်တယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ The Irrawaddy Honors Long-Serving Staff, Contributors ကို ဘာသာပြန်သည်။)
You may also like these stories:
ဧရာဝတီ ထုတ်ဝေသူ နာမည်ခံပေးသူကို ထောင်ဒဏ် ၅ နှစ်ချ
ဧရာဝတီသတင်းဌာနအပေါ် စစ်ကောင်စီ ခြိမ်းခြောက်မှု CPJ ရှုတ်ချ
ဧရာဝတီနှင့် ဘီဘီစီကို အရေးယူမည့် နောက်ကွယ် ဒုစစ်ခေါင်းဆောင် ပါဝင်