မန္တလေးမြို့သို့ ရွှေကျင်နိကာယ သံဃအဖွဲ့အစည်းအဝေးတက်ရန် ပဲခူးမြို့မှ ကြွလာသည့် နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ပဲခူး ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ(သက်တော် ၇၇နှစ်) စီးနင်းလာသည့်ကားကို ငါန်းဇွန်မြို့နယ်အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်သဖြင့် ယနေ့နံနက်က ပျံလွန်တော်မူသွားကြောင်း သိရသည်။
ဆရာတော်နှင့် နီးစပ်သူတဦးက “ကားဒရိုင်ဘာက မောင်းနေကျသူမဟုတ်ဘူး၊ ဒရိုင်ဘာက နေမကောင်းလို့ဆိုပြီး ကျန်ခဲ့ တာမှာ မန္တလေးက ဒရိုင်ဘာက ကြိုပြီး ကားမောင်းပေးတာ၊ စစ်ဖို့အတွက် ကားရပ်ခိုင်းတာကို မရပ်ဘဲ မောင်းသွားလို့ နောက်က လိုက်ပြီး ရပ်ခိုင်းတာကို ဆက်မောင်းပြေးလို့ ပစ်တာမှာ ဆရာတော်ကို ထိသွားတာလို့ သိရတယ်”ဟု ပြောသည်။
ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်သည် ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသနှင့်အတူ ဇွန်လ ၂၀ ရက်နေ့တွင် မန္တလေးမြို့၊ မဟာဝိသုဒ္ဓါရုံတိုက်သစ် (ရွှေကျင်နိကာယဗဟိုဌာန)၌ ပြုလုပ်မည့် ရွှေကျင်နိကာယဗဟိုဌာန၏ အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့မှ လေယာဉ်ဖြင့် တံတားဦးလေဆိပ်သို့ ကြွရောက်ခဲ့ကြောင်း၊ တံတားဦးလေဆိပ်သို့ရောက်ရှိပြီး ကံသုံးဆင့်ဆရာတော်၏ ဇာတိဖြစ်သော ငါန်းဇွန်မြို့နယ်၊ ပန်းချီကံမရွာသို့ ကားဖြင့် သွားရောက်စဉ် မြို့သာနှင့် ပန်းချီကံမရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တားသည်ကို ရပ်တန့်မပေးဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် ဝင်းနိမ္မိတာရုံကျောင်း ဆရာတော်သည် အခင်းဖြစ်ရာ နေရာတွင် ပျံလွန်တော်မူခဲ့ကြောင်း၊ ကန်သုံးဆင့်ဆရာတော်နှင့် ကားသမားတို့လည်း မစိုးရိမ်ရ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထိုပစ်ခတ်မှုကြောင် ဆရာတော် စီးနင်းလိုက်ပါလာသော ကားအား ၆ ချက်ထိမှန်ပြီး ပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။
ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့် ပြုလိုက်ကြောင်း သိရသည်။
ပဲခူးမြို့ခံ ကလျာဏ မိတ္တလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတဦးက “မန္တလေးဘက်ကို သူ့ဒကာတွေက ပင့်လို့ ကြွရင်း ဖြစ်သွားတာ၊ အခုတော့ ရုပ်ကလာပ်တော်ကို မန္တလေးကနေ ပြန်သယ်လာနေပြီလို့ သိရတယ်၊ ည ၈ နာရီခွဲလောက်တော့ ရောက်မယ်လို့ သိရတယ်၊ ဘယ်လိုဖြစ်တယ် ဆိုတာတွေ မသိရသေးဘူး၊ ကျနော်တို့ဆီကို အကူအညီတောင်းလာလို့ ဆရာတော် ဈာပနလာရင် ထားဖို့အတွက် ပြင်ဆင်နေကြပြီ”ဟု ပြောသည်။
လက်ရှိတွင် ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်မှ တာဝန်ရှိ သံဃာတော်များနှင့် ဒါယကာများက ဈာပနအခမ်းအနား ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဆရာတော်သည် ဝိနည်းကို အမှန်တကယ် လေးစားလိုက်နာပြီး မှန်မှန်ကန်ကန် ဆုံးဖြတ် ဆောင်ရွက်လေ့ရှိကြောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ရောက်နေသည့် ဆရာတော်မင်းသုညက ဆိုသည်။
ဆရာတော်သည် ဝိနယာဓိကပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော် သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက အဂ္ဂမဟာဂန္ထဝါစက၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်များ ဆပ်ကပ်ခံထားရကြောင်း သိရသည်။