ချင်းပြည်နယ်တောင်ပိုင်း စစ်ကောင်စီ၏ စစ်ဗျူဟာရှိရာ မတူပီမြို့ကို ထိုးစစ်ဆင်နေသည့် ချင်း တော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားရာ သေဆုံး ဒဏ်ရာရမှုများ ရှိကြောင်း သိရသည်။
ချင်းညီနောင်အဖွဲ့က အာရက္ခတပ်တော် (AA)၊ Yaw Army စသည့် မဟာမိတ်တပ်များနှင့် ပူးပေါင်း၍ ချင်းညီနောင်စစ် ဆင်ရေး (Operation CB) ကို ဇွန် ၉ ရက်က စတင်ခဲ့ခြင်းဖြစ်သည်။
ဇွန် ၁၃ ရက်က မတူပီမြို့မရဲစခန်းနှင့် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတို့ကို သိမ်းပိုက်လိုက်နိုင်ပြီး ဇွန် ၁၇ ရက်တွင် စစ် ကောင်စီ၏ ခမရ ၃၀၄ တပ်ရင်းကို ထပ်မံ သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် ခလရ ၁၄၀ ကို ဆက်လက် ထိုးစစ်ဆင်ရာ ချင်းညီနောင်တပ်များမှာ စစ်ကောင်စီတပ်သာမက ချင်း အမျိုး သားတပ်မတော် (CNA) ဦးဆောင်သည့် ချင်းလဲန်းကောင်စီတပ်များ၏ တိုက်ခိုက်ခြင်းကို ခံရသဖြင့် ရဲဘော် ၂ ဦး ကျ ဆုံး၍ ဒဏ်ရာရသူများလည်းရှိကြောင်း ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမာန်က ပြောသည်။
၎င်းက “စကစနဲ့ရော CNF/CNA ချင်းလဲန်းပူးပေါင်းတပ်နဲ့ရော ကျနော်တို့ ရင်ဆိုင်ရသလိုဖြစ်သွားတာပေါ့” ဟု ပြော သည်။
အဆိုပါ ပြဿနာ ဖြစ်စဥ်ကို ဇွန်လ ၁၈ ရက် ရက်စွဲဖြင့် ချင်းညီနောင်ကထုတ်ပြန်ရာ CNA တပ်ဖွဲ့ဝင်တဦးက ဇွန် ၁၇ ရက် ညနေစောင်းအချိန် ၎င်းတို့ထိုးစစ်ဆင်နေသည့် ခလရ ၁၄၀ စခန်းသို့ ကားဖြင့်လာရာ လုံခြုံရေးအရ ယာယီထိန်း သိမ်းစစ်ဆေး၍ နောက်နေ့မနက်၌ ပြန်လွှတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော် ဇွန်လ ၁၈ ရက် နံနက် ၅ နာရီခန့်တွင် CNA နှင့် ပူးပေါင်းတပ်များက ဒရုန်းများ၊ ၄၀ မမ၊ ၆၀ မမ လောင်ချာများ၊ လက်နက်ငယ်များဖြင့် အလစ်ငိုက်တိုက် ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဆလိုင်းယောမာန်က “သူတို့ကတော့ သူတို့ရဲ့ ကားမောင်းတဲ့ ရဲဘော် သေဆုံးတယ်လို့ ယူဆပြီးတော့မှ ဘာမပြော ညာ မပြော နောက်က ဝင်တိုက်တာပေါ့။ ၁၄၀ က စကစနဲ့ရော အနောက်က ဝင်တိုက်တဲ့ CNF/CNA ချင်းလဲန်းအဖွဲ့တွေနဲ့ ရော တိုက်ပွဲဖြစ်သွားတာပေါ့” ဟု ပြောသည်။
ထိုကိစ္စအပေါ် ချင်းလဲန်းကောင်စီမှ မတူပီစစ်ရှောင်အရပ်သားပြည်သူများကို အကြိုအပို့လုပ်နေသောရဲဘော်တဦးအား အကြောင်းမဲ့ ဖမ်းဆီးခဲ့သည့်အပြင် ၎င်းတို့ စစ်ရေးလှုပ်ရှားနေသည့် ဖနိုင်ရွာနှင့် ခလရ ၁၄၀ ကြား အဟန့်အတား ပြု လုပ်ခဲ့သောကြောင့် နှစ်ဖက်ထိတွေ့မှု ဖြစ်ခဲ့သည်ဟု ဆိုသည်။
CNF/CNA ပြောခွင့်ရ ဆလိုင်းထက်နီက “မတူပီအခြေအနေကတော့ ညှိထားတဲ့အတိုင်း ဖြစ်မလာဘူး။ AA အဖွဲ့က ၃၀၄၊ ကျနော်တို့အဖွဲ့က ၁၄၀ နဲ့ ဗျူဟာကုန်း။ အဲဒီမှာ ကျနော်တို့ စစ်ရေးပြင်ဆင်ပြီးတော့ ဝင်မယ့်စဲစဲမှာ AA က ကြားဖြတ်ပြီးတော့ ဝင်လာပြီး ကျနော်တို့ မဝင်နိုင်အောင် ကန့်လန့်ခံထားတော့ ဆုတ်ပေးဖို့ ကျနော်တို့ ညှိတယ်၊ မရ ဘူးပေါ့” ဟု ပြောသည်။
မတူပီမြို့သိမ်းစစ်ဆင်ရေးကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့- မတူပီ (တပ်မဟာ ၁ နှင့် တပ်မဟာ ၂) တို့လည်း စီစဉ် လျက်ရှိပြီး တပ်မဟာ ၂ အနေဖြင့် ခလရ ၁၄၀ နှင့် ဗျူဟာကုန်းတို့အား သိမ်းယူရန် မေလ ၆ ရက်ကစ၍ စစ်ရေးဖော် ဆောင်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ချင်းလဲန်းကောင်စီအနေဖြင့် မေလ ၁၉ ရက်တွင် ကျီခါးမြို့၊ မေလ ၂၃ ရက်တွင် တွန်းဇံမြို့နယ်နှင့် မေလ ၃၀ ရက်တွင် မတူပီမြို့နယ် ခရိုင်ရုံးများကို အပြီးသတ်သိမ်းထားပြီး စစ်ရေးကို အရှိန်မြှင့်နေကြောင်းလည်း ဆိုထားသည်။
ဆလိုင်းထက်နီက “ကျနော်တို့က ဆက်လုပ်စရာတော့ လုပ်သွားမယ်။ အဲဒီမှာ ကျနော်တို့က စစ်ကောင်စီစခန်းသိမ်းနိုင်ဖို့ ဆိုပြီးတော့ အကောင်းဆုံးတော့ မျှော်လင့်ထားတယ်။ ဆိုးရွားလာမယ့် အခြေအနေအတွက်တော့ ကျနော်တို့ အတတ် နိုင်ဆုံး ရှောင်ရှားပြီး ဆက်လက် လုပ်ရုံပဲ ရှိတယ်” ဟု ပြောသည်။
လက်ရှိ အာဏာသိမ်းကာလအတွင်း လက်နက်ကိုင် တော်လှန်ရေးအားကောင်းသော ချင်းပြည်နယ်၌ နယ်မြေအများ စုကို တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထိန်းချုပ်ထားနိုင်သည့် အခြေအနေတွင် ချင်းတော်လှန်ရေးအဖွဲ့အစည်းများ အပြန်အလှန် နားလည်မှုဖြင့် ပူးပေါင်းဆောင်ရွက်လျှင် လက်ကျန်စစ်ကောင်စီ စခန်းများနှင့် မြို့များကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်မည်ဟု ချင်းပြည်နယ်အရေး လေ့လာစောင့်ကြည့်နေသူများက ပြောဆိုသည်။
ထို့ကြောင့် ချင်းတော်လှန်းရေးတပ်များ အချင်းချင်းညှိနှိုင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့သည်ဟု India for Myanmar အဖွဲ့အစည်းတည်ထောင်သူ ဆလိုင်း ဒိုခွာက ပြောသည်။
၎င်းက “ဒီလို အချင်းချင်း ပစ်ခတ်မှုဖြစ်တာ စိတ်မကောင်းဘူး။ ဒီလို မဖြစ်လာဖို့လည်း အချင်းချင်းညှိနှိုင်းဖို့ ကျနော် တိုက်တွန်းလာတာ ကြာပါပြီ။ ဒီတော့ ဒီကနေတဆင့် ဆွေးနွေးတဲ့လမ်းကြောင်းကို ဦးတည်ကြဖို့ မေတ္တာ ရပ်ခံပါတယ်” ဟု ပြောသည်။
လက်ရှိ ချင်းတော်လှန်ရေးအဖွဲ့အစည်းများတွင် ချင်းညီနောင်နှင့် ချင်းလဲန်းကောင်စီဟူ၍ အဓိက အဖွဲ့ကြီးနှစ်ခု ကွဲပြား နေခြင်းဖြစ်ပြီး အဆိုပါ နှစ်ဖွဲ့လုံးသည် မြို့သိမ်းတိုက်ပွဲများကို အရှိန်မြှင့်ထိုးစစ်ဆင်နေရာ ချင်းညီနောင်သည် ကျင်ဒွေး မြို့ကို သိမ်းပိုက်ပြီးနောက် တီးတိန်နှင့် မတူပီမြို့တို့ကို ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
မတူပီခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ချင်းတော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်
ဖြတ်လေးဖြတ်အောက် အမှောင်ချခံထားရတဲ့ မတူပီ
AA နှင့် စစ်တပ်တိုက်ပွဲ တောင်ကုတ်အထိပျံ့လာ