ထိုင်းနိုင်ငံရေးကို လှုပ်ခါစေသည့် တရားရုံးအမှုများအနက် တခုတွင် ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်သည် ဘုရင်စနစ်ကို အသရေဖျက်မှုဖြင့် ဇွန်လ ၁၈ ရက်နေ့တွင် တရားစွဲခံရပြီး ရုံးတင်ခံရသည်။ သူ့ကို အာမခံပေးထားသည်။
မစ္စတာ သက်ဆင်သည် လွန်ခဲ့သော ၁၈ နှစ်က စစ်အာဏာသိမ်းမှုတွင် ရာထူးမှ ဖြုတ်ချခံရသော်လည်း အစိုးရကို ဦးဆောင်သည့် ဖွေထိုင်းပါတီ၏ နောက်ကွယ်မှ သြဇာရှိသူဖြစ်သည်။
သူသည် ဇွန်လ ၁၈ ရက်နေ့နံနက်တွင် အစိုးရရှေ့နေများထံ သွားရောက်သတင်းပို့ပြီးနောက် တရားစွဲခံရသည်ဟု ရှေ့နေချုပ်ရုံး ပြောခွင့်ရသူ ပရာယွတ် ဘီဂျရာဂူနာက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
အသက် ၇၄ နှစ်အရွယ် မစ္စတာ သက်ဆင်သည် ပြည်ပတွင် သွားရောက်နေထိုင်ပြီးနောက် လွန်ခဲ့သောနှစ်တွင် ဆန္ဒအလျောက် ထိုင်းနိုင်ငံသို့ ပြန်လာပြီး အဂတိလိုက်စားမှုများနှင့် ပတ်သက်သည့် ထောင်ဒဏ်အားလုံးနီးပါးကို ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတွင် ကျခံလိုက်သည်။ သူ့ကို ဖေဖော်ဝါရီလတွင် ခံဝန်ဖြင့် ပြန်လွှတ်ပေးသည်။
ထိုအချိန်မှစတင်ပြီး မစ္စတာ သက်ဆင်သည် လူမြင်ကွင်းတွင် လှုပ်ရှားလာကာ တနိုင်ငံလုံး ခရီးသွားပြီး ၂၀၀၆ ခုနှစ်က သူ့ကိုဖြုတ်ချမှု နောက်ကွယ်မှ သြဇာကြီးမားသည့် ကွန်ဆာဗေးတစ်များကို တုန်လှုပ်စေမည့် အခမ်းအနားများ တက်ရောက်ခြင်းနှင့် နိုင်ငံရေးလေ့လာသုံးသပ်မှုများ ပြုလုပ်ခြင်းတို့ လုပ်သည်။
သက်ဆင်ကို အာဏာမှ ဖယ်ရှားခြင်းသည် ထိုင်းနိုင်ငံရေးတွင် နက်ရှိုင်းသော နိုင်ငံရေး သဘောထားကွဲမှု စတင်စေခဲ့သည်။ အမာခံ တော်ဝင်ဝါဒီများဖြစ်သည့် သူ၏အတိုက်အခံများက သူ့ကို အဂတိလိုက်စားမှု၊ အာဏာအလွဲသုံးမှုနှင့် ၂၀၁၆ ခုနှစ်တွင် ကွယ်လွန်သည့် ထိုစဉ်က ဘုရင် ဘူမိဘော အဒူရာဒက်ကို မလေးမစားလုပ်မှုများဖြင့် စွပ်စွဲသည်။
ဘုရင်စနစ်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာက အသရေဖျက်မှုဖြင့် သူ့ကို တရားစွဲခြင်းသည် သက်ဆင် အနေဖြင့် နိုင်ငံရေးလှုပ်ရှားမှုများ လျှော့ချသင့်ကြောင်း သူ၏ရန်သူများက သတိပေးခြင်း ဖြစ်သည်ဟု သုတေသီများက ယူဆသည်။
သက်ဆင်သည် တရားစီရင်ရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန်အသင့်ရှိကြောင်း ၎င်း၏ရှေ့နေ ဝင်းယက် ချက်မွန်ထရီက ပြောသည်။ တရားရုံးခွင့်ပြုချက် မပါဘဲ ထိုင်းနိုင်ငံပြင်ပသို့ မသွားရောက်ရန် စည်းကမ်းချက်နှင့် ဘတ် ၅ သိန်း (ဒေါ်လာ ၁၃,၀၀၀) အာမခံဖြင့် သက်ဆင်ကို လွှတ်ထားပေးရန် တရားရုံးက သဘောတူကြောင်း သူ့ကို တရားစွဲဆိုပြီးနောက် ရုံးတင်ခံရသည့် ရာဇဝတ်တရားရုံးက ပြောသည်။ သူ၏ နိုင်ငံကူးလက်မှတ်ကိုလည်း သိမ်းဆည်းထားလိုက်သည်။
ဘုရင်စနစ်ကို အသရေဖျက်မှု ဥပဒေအရ ထောင် ၃ နှစ်မှ ၁၅ နှစ်အထိ ချမှတ်နိုင်သည်။ ထိုဥပဒေသည် ကမ္ဘာမှ အလားတူ ဥပဒေများတွင် အကြမ်းတမ်းဆုံးဖြစ်ပြီး ထိုင်းတွင် အစိုးရကို ဝေဖန်သူများအား အပြစ်ပေးရန် ပိုမိုအသုံးများလာသည်။
သူ၏အမှုသည်သည် စိုးရိမ်ပူပန်မှု မရှိကြောင်း၊ မည်သည့်အမှားမှ မကျူးလွန်ဟု အမြဲတမ်းပြောကြောင်းနှင့် အမှုကို ရင်ဆိုင်ရန် တရားရုံးသို့ ယုံကြည်ချက်အပြည့်ဖြင့် လာရောက်ကြောင်း ရှေ့နေ ဝင်းယက်က ပြောသည်။
တောင်ကိုရီးယားမှ သတင်းသမားများကို ပြောသည့် စကားများအတွက် ၂၀၁၆ ခုနှစ်တွင် ဘုရင်စနစ်ကို စော်ကားမှုဖြင့် သက်ဆင်ကို မူလက တရားစွဲခဲ့သည်။ သို့သော် သူသည် နိုင်ငံရေးပယောဂ မကင်းသည့် အမှုများဟု သူကခေါ်သည့် အမှုများအတွက် အပြစ်ရှောင်ရှားရန် ၂၀၀၈ ခုနှစ်တွင် ပြည်ပသို့ ထွက်ခွာသွားသောကြောင့် အမှုကို ထိုစဉ်က စစ်ဆေးခြင်း မပြုခဲ့ပေ။
သူ၏အမှုသည် ဖွေထိုင်းပါတီအစိုးရ အာဏာရလာပြီးနောက် ထိုင်းနိုင်ငံရေးကို ရှုပ်ထွေးစေသည့် အမှုအများအပြားအနက် တမှုဖြစ်သည်။ ကွန်ဆာဗေးတစ်များနှင့် စစ်တပ်က ခန့်ထားသည့် အထက်လွှတ်တော်က မဲအများဆုံးရသည့် တိုးတက်သော ရှေ့သို့ချီပါတီ (MFP) အစိုးရ မဖွဲ့နိုင်အောင် လွန်ခဲ့သောနှစ်က အောင်မြင်စွာ ပိတ်ဆို့ပြီးနောက် ဖွေထိုင်းပါတီ အာဏာရလာခြင်း ဖြစ်သည်။
ရှေ့သို့ချီပါတီသည် ဘုရင်စနစ်ကို ကာကွယ်သည့် ဥပဒေကို ပြင်ဆင်ရန် မဲဆွယ်ခြင်းဖြင့် စည်းမျဉ်းခံဘုရင်စနစ်ကို ဖျက်သိမ်းရန် ကြိုးစားမှု မြောက်၊ မမြောက် ဆုံးဖြတ်ရန် ရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသို့ တင်ပြထားသဖြင့် ရှေ့သို့ချီပါတီသည် ဖျက်သိမ်းခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ဖွေထိုင်းပါတီမှ ဝန်ကြီးချုပ် မစ္စတာ ဆက်ထာ ထာဝီဆင်သည်လည်း လာဘ်စားမှုဖြင့် ထောင်ချခံရဖူးသူတဦးကို အစိုးရအဖွဲ့တွင် ခန့်အပ်မှုဖြင့် စုံစမ်းစစ်ဆေးခံနေရသည်။ အပြစ်ရှိကြောင်း တွေ့ရှိပါက မစ္စတာ ဆက်ထာသည် ရာထူးမှ ဖြုတ်ချခံရမည် ဖြစ်သည်။
ထိုင်းတရားရုံးများ၊ အထူးသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသည် တော်ဝင်ဝါဒီ အသိုက်အဝန်း၏ ခံတပ်ဖြစ်သည်ဟု ယူဆကြသည်။ ထိုအသိုက်အဝန်းသည် တရားရုံးများနှင့် ရွေးကောက်ပွဲကော်မရှင်ကဲ့သို့ အမည်ခံအားဖြင့် လွတ်လပ်သော နိုင်ငံတော် အေဂျင်စီများကို အသုံးချကာ နိုင်ငံရေး အတိုက်အခံများ အင်အားချိနဲ့အောင် လုပ်တတ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးသည် ရှေ့သို့ချီပါတီ၊ ဆက်ထာနှင့် ပတ်သက်သည့်အမှုတို့ကို ဇွန်လ ၁၈ ရက်နေ့တွင် စတင်ကြားနာပြီး ပထမအမှုကို ဇူလိုင်လ ၃ ရက်နေ့နှင့် ဒုတိယအမှုကို ဇူလိုင်လ ၁၀ ရက်နေ့တွင် ဆက်လက် ကြားနာရန် စီစဉ်ထားသည်။
တစိတ်တပိုင်း ပြီးစီးပြီဖြစ်သည့် အဆင့်သုံးဆင့်ပါ အထက်လွှတ်တော်သစ် ရွေးချယ်ရေး လမ်းညွှန် လုပ်ထုံးလုပ်နည်းသည် ဥပဒေနှင့်ညီကြောင်းလည်း ထိုတရားရုံးက ဇွန်လ ၁၈ ရက်နေ့တွင် ဆုံးဖြတ်သည်။
၂၀၁၄ ခုနှစ်က ယခင် ဖွေထိုင်းအစိုးရကို ဖြုတ်ချသည့် စစ်အုပ်စုက ခန့်ထားသော လက်ရှိ အထက်လွှတ်တော် သက်တမ်းသည် လွန်ခဲ့သောလတွင် ကုန်ဆုံးသောကြောင့် အထက်လွှတ်တော် ဖွဲ့စည်းမှု ပိုမို ဒီမိုကရေစီကျစေမည့် အခွင့်အလမ်းကို ဖွင့်ပေးသည်။
ကြားဖြတ် အထက်လွှတ်တော် ကိုယ်စားလှယ် ၄၀ သည် မစ္စတာ ဆက်ထာကို တိုင်ကြားမှု နောက်ကွယ်တွင် ပါဝင်ပြီး ထိုလုပ်ရပ်သည် ညွန့်ပေါင်းအစိုးရအတွင်းမှ စစ်တပ်လိုလားသော ပါတီများကို မျက်နှာသာပေးသည့် လုပ်ရပ်ဖြစ်သည်ဟု မြင်ကြသည်။
ထိုအခြေအနေသည် ရန်သူဟောင်းများနှင့် မဟာမိတ်ဖွဲ့ခြင်းကြောင့် ဖွေထိုင်းပါတီ ရင်ဆိုင်ရသည့် စိန်ခေါ်မှုများကို သတိပေးနေခြင်းဖြစ်ကြောင်း စင်ကာပူရှိ ISEAS-Yusof Ishak Institute မှ ဧည့်သုတေသီ နာပွန် ဂျက်တူဆရီပီတက်က ပြောသည်။ ထိုကိစ္စသည် ထိုင်းမှ ရွေးကောက်ခံနှင့် ရွေးကောက်ခံ မဟုတ်သော အင်အားစုများအကြား ချိန်ခွင်လျှာ လွန်စွာ တဖက်စောင်းနင်းဖြစ်ခြင်းကိုလည်း ပြသသည်ဟု ၎င်းက ပြောသည်။
“ထိုင်းဒီမိုကရေစီဟာ ပြည်သူ့အကျိုးကို ဂရုမစိုက်တဲ့ အင်အားစုတွေရဲ့ ပြန်ပေးဆွဲမှု ထပ်မံခံနေရပြီ” ဟုလည်း ၎င်းက ပြောသည်။
ကိုးကား ။ ။ AP သတင်း Thailand’s former Prime Minister Thaksin is in trouble again as he’s indicted for royal defamation
You may also like these stories:
ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု သိကောင်းစရာ ၅ ချက်
ထိုင်းဘုရင်ကို စော်ကားမှုဖြင့် သက်ဆင် ရှင်နာဝပ်ကို တရားစွဲ
သက်ဆင်က ထိုင်းနိုင်ငံရေးအပေါ် အရိပ်မိုးနေဆဲ
ထိုင်းဝန်ကြီးချုပ်ဟောင်းနဲ့ လက်နက်ကိုင်တချို့ ဘာတွေဆွေးနွေးခဲ့လဲ (ရုပ်/သံ)
သက်ဆင်၏ မြန်မာဆွေးနွေးပွဲများကို နိုင်ငံရေးနှင့် ငွေကြေးက တွန်းအားပေး