မန္တလေးတိုင်း ငါန်းဇွန်မြို့နယ် မြို့သာနှင့် ကံမရွာကြား ယမန်နေ့ကဖြစ်ခဲ့သည့် ပဲခူး ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ (သက်တော် ၇၇ နှစ်)၏ ကားအား ပစ်ခတ်သူမှာ စစ်ကောင်စီ တပ်ဖွဲ့များဖြစ်ကြောင်း ကားပေါ်၌ အတူပါသည့် ကန်သုံးဆင့် ဆရာတော်က ယနေ့ သံဃာတော်များကို မိန့်ကြားသည်။
ကန်သုံးဆင့် ဆရာတော်၏ မိန့်ဆိုရှင်းလင်းချက်၌ “ဖောကားကြီးတွေ့လို့ ကားဆရာကနေ အတင်းမောင်းတော့ ဖောကားပေါ် ကနေ သေနတ်နဲ့ ဝိုင်းပစ်ပါတယ်။ ကားမှာ ၇ ချက်၊ ၈ ချက်လောက် မှန်ပါတယ်။ ဝင်းနိမ္မိတာ ဆရာ တော်က ခေါင်းငိုက်စိုက်ကျပြီး အသက် မရှိတော့ပါဘူး။ ဘုန်းကြီးက တံခါးဖွင့်ပြီး အပြင်ဘက်ရောက်တော့ ခင်ဗျားတို့ ဘုန်းကြီးတွေကို ရက်စက်လှချည်လား လို့ ပြောတဲ့အခါ ဖောကား ပေါ်ပါလာတဲ့ စစ်သား၊ စစ်ဗိုလ်တွေက ဘုန်းကြီးမှန်း မသိလို့ပါ၊ ကားတံခါးပိတ်ထားလို့ ရန်သူ ကားထင်လို့ ပစ်တာပါတဲ့ သူတို့ ကိုယ်တိုင် ဝန်ခံပါတယ်” ဟု ပါရှိသည်။
ထိုသို့ ပစ်ခတ်မှုကြောင့် ယာဉ်မောင်း၏ လက်ချောင်း ၃ ချောင်းမှာ ထိမှန်ပြတ်ရှခဲ့သလို၊ ကန်သုံးဆင့်ဆရာတော်၏ ဦးခေါင်းမှာလည်း ကားမှန်စထိမှန်ခဲ့ကြောင်း သိရသည်။
နံနက် ၁၀ နာရီခွဲက အခင်းဖြစ်သော်လည်း စစ်ကောင်စီတပ်ဖွဲ့များက ဆေးကုမပေးဘဲ ဖုန်းများကိုပါ သိမ်းသလို အတူ ပါလာသူများကို ယာဉ်နားမကပ်ရန် ပြောကြောင်း၊ ညနေ ၄ နာရီ ၅ နာရီခန့်မှသာ ဆရာတော်၏ ဇာတိရွာမှ ဒကာ၏ ကားများဖြင့် တံတားဦးဆေးရုံသို့ သွားရကြောင်း မိန့်ဆိုချက်တွင် ပါရှိသည်။
တံတားဦးဆေးရုံတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အကြိမ်ကြိမ်စစ်ဆေးခဲ့သလို မန္တလေး နန်းတွင်းသို့ပင့်၍ ထပ်မံမေးမြန်းခြင်းများလုပ်ဆောင်ကြောင်းနှင့် ဦးခေါင်းဒဏ်ရာကို ၃ ချက် ချုပ်ပေးခဲ့ကြောင်း ဆရာတော် ဆိုသည်။
“မှန်စထုတ်တယ်၊ ပတ်တီးစီးပေးတယ်၊ ည ၉ နာရီထိအောင် နန်းတွင်းထဲက မပြန်ရသေးပါဘူး။ ဘုန်းကြီးကို နန်းတွင်း ထဲမှာ ၅ ခါလောက် စစ်ပါတယ်။ ရှေ့က ပြောခဲ့တာတွေကိုပဲ ရှေ့နောက်ညီအောင် ထွက်ဆိုပါတယ်။ အဖြစ်အပျက်က တော့ ခရီးသွားလို့ မဟုတ်ပါဘူး။ ရွှေကျင်ဂိုဏ်းရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးသာ သွားခြင်း ဖြစ်ပါ တယ်။ ဘုန်းကြီးတို့က ရန်သူ မဟုတ်ပါဘူး။ ဒါပေမယ့် ဆုံးရှုံးမှုကတော့ ကြီးမားသွားပါတယ်” ကန်သုံးဆင့်ဆရာတော် က မိန့်ကြားသည်။
မြန်မာရုပ်မြင်သံကြား (MRTV)၊ မြဝတီရုပ်သံ၊ သတင်းစာအပါအဝင် စစ်ကောင်စီ၏ လော်ဘီများကမူ ဇွန် ၁၉ ရက် နေ့လယ် ၁ နာရီခွဲခန့်က မြို့ သာနှင့် မဂျီကံမရွာကြား နယ်မြေလုံခြုံရေးလုပ်နေသည့် စစ်ကောင်စီတပ်များကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက မိုင်းဆွဲတိုက်ခိုက်သဖြင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ ပစ်ခတ်မှုများ ဖြစ်ပွားနေစဉ် သားကျင်ကျေးရွာဘက်မှ မြို့သာမြို့ဘက်သို့ မောင်းနှင်လာသော ဝင်းနိမ္မိတာရုံကျောင်း တိုက် ဆရာတော် စီးနင်းလာသည့်ကားကို PDF များ၏ ကျည်ထိမှန်ခဲ့ခြင်းဟု ကြေညာခဲ့သည်။
ထို့အပြင် ဒဏ်ရာရထားသည့် ယာဉ်မောင်း၏ PDF များမှ ပစ်ခတ်သည်ဆိုသော ထွက်ဆိုချက်ကိုလည်း ထုတ်လွှင့်ခဲ့ သည်။
ငါန်းဇွန်မြို့နယ်ရှိ တော်လှန်ရေးအင်အားစုများကမူ ထိုနေ့က တိုက်ပွဲဖြစ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း မရှိကြောင်း၊
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပတ်ကင်း လှည့်ကင်းလုပ်ဆောင်ခြင်းများသာ ရှိခဲ့ကြောင်း ဧရာဝတီသို့ပြောသည်။
“ကျနော်တို့နဲ့ စကစ မနေ့က ထိတွေ့တိုက်ပွဲ မရှိဘူး၊ မစ်ရှင်ဖော်ဆောင်တာမျိုး၊ မိုင်းဆွဲတိုက်ခိုက်တာမျိုးလည်း မရှိခဲ့ ဘူးဗျ၊ ပဲခူးက ဆရာတော်ပျံလွန်တော်မူသွားနဲ့ ပတ်သက်ပြီးတော့မှ စွပ်စွဲပြောဆိုတာတွေကတော့ သူတို့လုပ်တဲ့ လုပ် ရပ်ကို ကာကွယ်ရေးအဖွဲ့တွေအပေါ် အပြစ်ပုံ ချတာကတော့ သူတို့ရဲ့လုပ်နေကျပါ” ဟု ငါန်းဇွန်မြို့နယ် ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ သတင်းပြန်ကြားရေးတာဝန်ခံတဦးက ဖြေဆိုသည်။
အခင်းဖြစ်ပွားရာနေရာသည် PDF စိုးမိုးနယ်မြေမဟုတ်ဘဲ စစ်ကောင်စီ စိုးမိုးနယ်မြေဖြစ်ကြောင်း ဒေသခံ များက ဧရာဝတီကို ပြောသည်။
ပဲခူး ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ အသတ်ခံရမှုနှင့် ပတ်သက်၍ သာသနာရေးဦးစီးဌာန ထုတ်ပြန်သည့် စာတွင်လည်း ပစ်ခတ်သူမှာ လုံခြုံရေးတပ်ဖွဲ့များဟု ဖော်ပြထားသလို ထိုညနေပိုင်းတွင် လက်ရှိ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ကို မန္တလေးတိုင်း ဝန်ကြီးချုပ်က သွားရောက် တွေ့ဆုံခဲ့သည်ကို စစ်ကောင်စီ သတင်းစာတွင် တွေ့ရသည်။
လက်ရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အနေဖြင့် ၎င်းတို့၏ အဖွဲ့ဝင်ဟောင်း ပဲခူး ဝင်းနိမ္မိတာရုံ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာ ဘိဝံသအား စစ်ကောင်စီတပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းနှင့် ပတ်သက်၍ မည်သို့မျှ တုံ့ပြန် ပြောဆိုမှု မတွေ့ရပေ။
ထို့အပြင် တခြားသော ဖြစ်ရပ်များတွင် စာထုတ် ကန့်ကွက်လေ့ရှိသည့် ဘာသာပေါင်းစုံအဖွဲ့များအပါအဝင် အနုပညာ ရှင်များဆို သူများ၏ ထုတ်ဖော်ကန့်ကွက်မှုကိုလည်း စစ်ကောင်စီ၏ သတင်းစာတွင် မတွေ့ရပေ။
ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ရောက်နေသည့် ဆရာတော် မင်းသုညက ပျံလွန်တော်မူခဲ့သည့် ဝင်းနိမ္မိတာရုံ ဆရာတော်မှာ ဝိနည်းကို အမှန်တကယ်လေးစားလိုက်နာပြီး မှန်မှန်ကန်ကန် ဆုံးဖြတ်ဆောင်ရွက်လေ့ ရှိကြောင်း ဆိုသည်။
ဝင်းနိမ္မိတာရုံ ဆရာတော်မှာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဟောင်းတဦးဖြစ်သလို ဝိနယာဓိကပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော် သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက အဂ္ဂမဟာဂန္ထဝါစက၊ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ခံထားရကြောင်း သိရသည်။
ပဲခူး ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်၏ ရုပ်ကလာပ်မှာ ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ရှိ ကျောင်းတိုက်သို့ ပြန်လည် ရောက်ရှိပြီဖြစ်ကာ ဈာပနအခမ်းအနားအတွက် ပြင်ဆင်နေကြကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ
သူဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်