နှစ်နိုင်ငံသဘောတူညီချက် MoU ဖြင့် ပြည်ပရောက်နေသည့် အလုပ်သမားများမှ ပြည်တွင်းနေ မိသားစုထံ ပေးပို့သည့် လွှဲ ငွေစာရင်းကို တင်ပြခိုင်းသဖြင့် အလုပ်အကိုင်အေဂျင်စီများ အခက်တွေ့နေသည်။
အလုပ်သမား ၅၀နှင့် အထက် ပို့ဆောင်ပေးသည့် အေဂျင်စီများ အနေဖြင့် အလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်း ကို တရားဝင်ဘဏ်များမှတဆင့် မိသားစုထံသို့ လွှဲသည့် အထောက်အထားများအား ယခုလ ၂၇ ရက် နောက်ဆုံး ထား၍ တင်ပြပေးရန် စစ်ကောင်စီက အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ညွှန်ကြားစာတွင် ၂၀၂၃ ခု စက်တင်ဘာမှ ဒီဇင်ဘာလအထိ အလုပ်သမားများ၏ ဝင်ငွေ ၄ လစာကို ဘဏ် များမှတဆင့် မိသားစုထံ လွှဲသည့် အထောက်အထားများအား ဇွန် ၂၈ ရက်တွင် အပြီးတင်ပြရမည်၊ ပျက်ကွက်ပါက ပြည်ပ အလုပ်အကိုင်အေဂျင်စီများကို လိုင်စင်ရုပ်သိမ်းသည့်အထိ အရေးယူသွားမည်ဟု ဆိုထားသည်။
အမည်မဖော်လိုသည့် အေဂျင်စီတခုက “စစ်ကောင်စီက ပိုက်ဆံလိုတယ်၊ အလုပ်သမားတွေဆီက လိုချင်တယ်၊ အလုပ် သမားတွေက သူတို့ဘာသာ မိသားစုကို လွှဲပြီးလို့ ဘဏ်ထဲရောက်သွားပြီးပြီ။ ဒါကို သေချာ မသေချာ အေဂျင်စီတွေကို ထပ်ကျပ်တော့ အေဂျင်စီတွေ ပြဿနာတက်တာပေါ့။ လွှဲတဲ့ပိုက်ဆံကလည်း အလုပ်သမားရဲ့ ပိုက်ဆံ အေဂျင်စီ ပိုက်ဆံ မဟုတ် စာရင်းပြန်တင်ဖို့ပြောတာတော့ နည်းနည်း ခက်ခဲတာပေါ့” ဟု ပြောသည်။
အလုပ်သမားနှင့် အေဂျင်စီတို့ စာချုပ်၌ လစဉ် လုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်းကို မိသားစုထံသို့ တရားဝင်လမ်းကြောင်း မှ လွှဲရမည်ဟု ထည့်သွင်းထားသော်လည်း ပြည်ပရောက်သည့်အခါ ထိုစာချုပ်မှာ အသက်မဝင်တော့သဖြင့် စာရင်းတင်ပြ ရန် ခက်ခဲကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် မှ သိရသည်။
ထိုင်းရောက်အလုပ်သမားတဦးက “အလုပ်သမားတွေအနေနဲ့က တကျပ်သက်သာ ၂ကျပ်သက်သာ အဆင်ပြေသလို လွှဲ နေကြတာ။ ကိုယ့်ပိုက်ဆံ ကိုယ်လွှဲတာ ချယ်လှယ်ပိုင်ခွင့်မှ မရှိတာ။ ဘဏ်ကငွေကြေးနှုန်းထားနဲ့ အပြင်နှုန်းထား တူမယ် ဆိုရင်တော့ တမျိုးပေါ့။ အဲဒီလို မသတ်မှတ်နိုင်ရင်တော့ အဆင်ပြေမှာမဟုတ်ဘူး” ဟု ပြောသည်။
ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်သည့် အလုပ်သမားစာရင်းများအရ လုပ်သား ၅၀ နှင့်အထက် စေလွှတ်ခဲ့သော အေဂျင်စီမှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် အေဂျင်စီ ၆၅ ခု၊ အောက်တိုဘာလအတွင်း ၇၈ ခု၊ နိုဝင်ဘာလတွင် ၈၃ ခုနှင့် ဒီဇင်ဘာလအတွင်း ၅၆ ခုရှိသည်ကို စိစစ်တွေ့ရှိရကြောင်း စစ်ကောင်စီ ထုတ်ပြန်ချက်၌ ပါရှိသည်။
ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်မှ တာဝန်ရှိသူက “အလုပ်သမားကလည်း သူ့ရဲ့ ကိုယ်ပိုင်အခွင့် အရေးဖြစ်တယ်။ ပို့ချင်ပို့မယ်။ မပို့ချင်မပို့ဘူး။ လက်မှတ်တော့ ထိုးသွားရတယ်။ ဒါပေမယ့် အေဂျင်စီတွေက ဆက်သွယ်ရင် မရတော့ဘူး။ တဖက်ကိုရောက်သွားရင်က ဘယ်လိုမှဆက်သွယ်လို့ မရတော့ဘူး။ လွှဲချင်တဲ့နေရာကနေ လွှဲကြမှာပေါ့။ အေဂျင်စီတွေကို ကြပ်မတ်ဖို့တို့ မရရင်ပိတ်မယ်တို့ ပြုမယ်တို့ဆိုတာ အဆင်မပြေဘူးပေါ့။ အေဂျင်စီကတော့ ဒီဘက်ကနေ စီစဉ်ပေးလိုက်တယ်။ ဘဏ်စနစ်နဲ့သွားကြပါ။ ငွေလွှဲဒိုင်တွေကနေ မလွှဲဘဲနဲ့ ဘဏ်တွေကနေ လွှဲဖို့ ညွှန်ကြားတဲ့အတိုင်း ပြောခဲ့တယ်” ဟု ပြောသည်။
ယင်းသို့ ငွေလွှဲရာ၌ ထိုင်းနိုင်ငံရောက် အလုပ်သမားတဦးအနေဖြင့် အခြေခံလုပ်ခလစာပေါ် မူတည်၍ လစာ ဘတ် ၇၅၀၀ ရသူဆိုလျှင် အခွန် ၂ ရာခိုင်နှုန်းအတွက် တလ ဘတ် ၁၅၀၊ လစာ၏ ၂၅ ရာခိုင်နှုန်း လွှဲငွေ တလလျှင် ၁၈၇၅ ဖြင့် ၄ လစာ ဘတ် ၇၅၀၀ လွှဲထားသည့် ချလံပြရမည်ဖြစ်သည်။
ရန်ကုန်မြို့မှ အလုပ်အကိုင် အေဂျင်စီတခုက “တဖက်မှာ အလုပ်သမားတွေရဲ့ လွတ်လပ်ပိုင်ခွင့် သူတို့ဘာသာကြိုက်တဲ့ နေရာမှာ ငွေလွှဲခွင့်ရှိတယ်။ အလုပ်သမားကတော့ သူတို့ ပင်ပင်ပန်းပန်း အလုပ်လုပ်ထားတဲ့ လုပ်ခလစာကို ငွေလဲနှုန်း ထားမြင့်တာနဲ့ပဲ လွှဲချင်မှာပေါ့။ အဓိကလုပ်ပေးရမှာက ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ အပြင်ပေါက်ဈေးနဲ့ တညီထဲဖြစ်ဖို့ အရေးကြီးတယ်။ အနည်းဆုံးတူနိုင်သမျှ တူအောင်လုပ်ပေးနိုင်မှ အဆင်ပြေမှာပေါ့။ ငွေကြေးကွာဟနေတော့ အလုပ်သမား တွေအနေနဲ့ ပို့လာမယ်မထင်ဘူး” ဟု ပြောသည်။
စစ်ကောင်စီသည် ပြည်ပရောက် MoU လုပ်သားများ တရားဝင်လမ်းကြောင်းမှ ငွေမလွှဲပါက ပြည်ပထွက် အလုပ်လုပ်ခွင့် ၃နှစ် ပိတ်မည်ဟု ထုတ်ပြန်ထားသော်လည်း MoU ဖြင့် ထိုင်းနိုင်ငံသို့ ရောက်လာသည့် အလုပ်သမားများ အလုပ်မရခြင်း စာချုပ်ပါ အလုပ်နှင့် မကိုက်ညီခြင်း၊ လစာခေါင်းပုံဖြတ်ခံရခြင်းနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရခြင်းတို့တွင် ကူညီပေးခြင်း နည်းပါးသည်ကိုတွေ့ရသည်။
ယခုနှစ် မတ်လက ထိုင်းနိုင်ငံ ချန်သဘူရီမြို့ရှိ သစ်သီးပါကင်ပိတ်စက်ရုံ၌ အလုပ်ရမည်ဆိုကာ ရန်ကုန်မြို့မှ ငွေစင်ပုလဲ အလုပ်အကိုင် အေဂျင်စီက MoU ဖြင့် စေလွှတ်လိုက်သူ ၉၈ ဦးမှာ အမှန်တကယ် အလုပ်မရသဖြင့် နေစရာမရှိဘဲ အခက်ကြုံနေရပြီး ဝန်ဆောင်ခ တဦးလျှင် ကျပ် ၄၁ သိန်း ၅ သောင်းပေးရန် ပြီးခဲ့သည့် ဒီဇင်ဘာက စာချုပ်ချုပ်ဆိုခဲ့ ကြောင်း အဆိုပါ အလုပ်သမားများထံမှ သိရသည်။
You may also like these stories:
ပြည်ပ၌ အလုပ်လုပ်သူများ လစာပြန်လွှဲသည့် အထောက်အထားပြရန် စစ်ကောင်စီ ကြပ်မတ်
ထိုင်းသို့ MoU ဖြင့်လာသူ ၉၈ ဦး အလုပ်မရ၍ အခက်ကြုံနေ
ထိုင်းရောက် MoU လုပ်သားတချို့ ပုံမှန်အလုပ်မရှိ၍ အလှည့်ကျဆင်းနေရ
အမျိုးသားများ ပြည်ပထွက်အလုပ်လုပ်ခွင့် စစ်ကောင်စီ ယာယီရပ်ဆိုင်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR