ချင်းပြည်နယ် တောင်ပိုင်း မတူပီ၌ ချင်းတော်လှန်ရေးတပ်များ စစ်ဆင်နေချိန် မြောက်ပိုင်း တီးတိန်နယ်ရှိ တပ်စခန်း ၂ခုကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်လိုက်သည်။
လက်လွှတ်ခဲ့ရသော စစ်တပ်စခန်း နှစ်ခုမှာ စစ်ရေးအရ အရေးပါသည့် ကလေး-တီးတိန် လမ်းပေါ်မှ သိမ်းထားသည့် ကနေဒီတောင် စခန်းနှင့် သိုင်းငင်း စခန်းတို့ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ချင်းပြည်သူ့ ကာကွယ်ရေးအဖွဲ့ (PDF Zoland) တို့သိမ်းထားသည့် ကနေဒီတောင်ထိပ်ရှိ စခန်းကို ယခုလ ၁၆ ရက်၌ တီးတိန်ရှိ ခလရ ၂၆၉ မှ အင်အား ၁၀၀ ခန့်ဖြင့် ဆိုဇန်ရွာသား တချို့ကို လူသားဒိုင်းလုပ်ကာ ဇွန် ၁၈ရက်က ပြန်လည်ရယူသွားခြင်းဖြစ်သည်။
PDF Zoland တပ်ဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဂောဘတ်က “အပြီးအပိုင် ဆုတ်ပေးတဲ့သဘော မဟုတ်ပါဘူး။ အခြေနေ တခုကြောင့် စစ်ရေးဗျူဟာအနေနဲ့ ကနေဒီကနေ ခေတ္တဆုတ်ခဲ့တာပါ။ ကျနော်တို့ အများကြီး ပြန် ပြင်ဆင်နေပါတယ်။ တောင်ပိုင်းကို အလုံးအရင်းတိုက်နေချိန်မှာ မြောက်ပိုင်းကို ဖိအားပေး ထိုးစစ်ဆင်တာကတော့ စစ်ကောင်စီတပ်ရဲ့ လုပ်နေကျ ပုံစံအတိုင်းပါပဲ” ဟု ဧရာဝတီသို့ ပြောသည်။
လူသားဒိုင်း ပြုလုပ်စဉ် စစ်တပ်မှ သေနတ်ဖြင့် ပစ်သဖြင့် အသက် ၆၀ အရွယ် ဆိုဇန်ရွာသားတဦး လက်မောင်းနှင့် ကျောတွင် ဒဏ်ရာရခဲ့သလို ရွာသားများထံမှ ငွေကျပ် သိန်းတရာကိုလည်း ခြိမ်းခြောက်လုယူခဲ့ကြောင်း သိရသည်။
ဆိုဇန်ရွာ ဒေသခံတစ်ဦးက “သူတို့ကို လမ်းပြရမယ်လို့ ခေါ်သွားတာ။ အမှန်တော့ လမ်းက ပြစရာမှ မလိုတာ၊ လမ်းမ တလျှောက် သွားရုံပဲလေ။ ရွာသားတွေပါရင် ဒေသကာကွယ်ရေးတွေက ပစ်မှာမဟုတ်ဘူးလေ။ သူတို့အကာအကွယ် ရအောင် ဒိုင်းလုပ်တဲ့သဘောပဲ။ ထိသွားတဲ့ ဦးလေးဆို သွေးထွက်လွန်နေပြီ။ အသက်တောင်မနည်း ကယ်ခဲ့ရတယ်” ဟု ပြောသည်။
အလားတူ ယခုနှစ် ဇန်နဝါရီ ၁၆ ရက်က ချင်းတပ်များ သိမ်းထားသည့် တီးတိန်မြို့နယ် သိုင်းငင်းရွာ တပ်စခန်းကို ဇွန် ၂၀ ရက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် CDF CDM Siyin အဖွဲ့က ဆုတ်ခွာခဲ့ရကြောင်း၊ စစ်တပ်က သိုင်းငင်းရွာ ဆုတောင်း တောင်၌ နေရာယူကာ ဇွန် ၂၁ရက်တွင် ရွာထဲရှိ နေအိမ်များကို ဝင်ရောက်မွှေနှောက်နေကြောင်း ဒေသခံများက ပြောသည်။
သိုင်းငင်းရွာ ဒေသခံတဦးက “တီးတိန်က ဆင်းလာတဲ့ စကစ က ၁၀၀ လောက်ရှိတယ်။ အင်အားမမျှတဲ့ အခြေအနေ ဖြစ်သွားတာ။ ၁၉ရက်နေ့မှာ ဆင်းလာတဲ့ စကစတွေ မိုင်းခွဲတယ်။ ၂၀ ရက်နေ့ တိုက်ပွဲ ဆက်ဖြစ်နေတယ်။ နောက်ကျတော့ နောက်ဆုတ်ပေးလိုက်ရတာ။ ကျွန်တော်တို့ သိုင်းငင်းဒေသခံတွေကတော့ အဲဒီစစ်ကြောင်း တီးတိန်က ထွက်လာကတည်းက ရှောင်နေကြတော့တာ” ဟု ပြောသည်။
လက်ရှိ ကလေး-သိုင်းငင်း-တီးတိန် လမ်းမတလျှောက်ရှိ ခွေနွဲ၊ ဆိုဇန်၊ အာလွယ်၊ သိုင်းငင်း၊ ဆွလိမ်၊ ဟိန်ဇိန် စသည့် ကျေးရွာများက ဒေသခံများသည် ကလေးမြို့နှင့် ဘေးလွတ်ရာ အနီးအနားကျေးရွာများတွင် တိမ်းရှောင်နေရသည်။
မတူပီမြို့တိုက်ပွဲတွင် ကနေဒီတောင်စခန်း လက်လွှတ်လိုက်ရသည့် PDF Zoland အဖွဲ့သည် ချင်းညီနောင်အဖွဲ့ဘက် ပါဝင်တိုက်ခိုက်နေပြီး သိုင်းငင်းတပ်စခန်းကို လက်လွှတ်လိုက်ရသည့် CDF CDM Siyin အဖွဲ့သည် CNA ဦးဆောင်သော ချင်းကောင်စီဘက်မှ ပါဝင်တိုက်ခိုက်နေပြီး စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်ရင်းကို သိမ်းထားသည်။
You may also like these stories:
မတူပီကို စစ်ဆင်နေသည့် ချင်းနှစ်ဖွဲ့ တိုက်ပွဲဖြစ်
မတူပီခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ချင်းတော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်
တွန်းဇံမြို့အထွက်၌ စစ်တပ်နှင့် ချင်းပူးပေါင်းတပ်တို့ တိုက်ပွဲဆက်ဖြစ်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR