ပဲခူးဝင်းနိမ္မိတာရုံ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စစ်တပ်က ပစ်၍ ပျံလွန်တော်မူခဲ့ရမှုအပေါ် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ (မဟန)နှင့် အမျိုးဘာသာ သာသနာစောင့် ရှောက်ရေးအဖွဲ့(မဘသ) များ နှုတ်ဆိတ်နေမှုအပေါ် သံဃာ များက ဝေဖန်ထောက်ပြကြသည်။
သက်တော် ၇၇နှစ်ရှိ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသသည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ နံနက်က မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် မြို့သာနှင့် ကံမရွာကြား စစ်တပ်မှ ပစ်ခတ်သဖြင့် ပျံလွန်တော်မူရခြင်းဖြစ်ကြောင်း ကားပေါ်အတူပါသည့် ကန်သုံးဆင့် ဆရာတော်က သံဃာတော်များကို မိန့်ကြားခဲ့ပြီးနောက် ဝင်းနိမ္မိတာရုံ ဆရာတော်၏ တပည့် သံဃာများနှင့် လူပုဂ္ဂိုလ်များ က စစ်ကောင်စီ မဟနနှင့် မဘသအဖွဲ့များအပေါ် ဝေဖန်မြင့်မှုများ မြင့်တက်လာခြင်းဖြစ်သည်။
ဆရာတော် ဦးကောဝိဒ (ဂျာမဏီ)က “သာသနာ့မဏ္ဍိုင်လို့တောင် ခေါ်ရလောက်တဲ့ ဆရာတော်ဘုရားကြီး ပစ်သတ်ခံရ တာကို မဘသ အဖွဲ့ကြီး ပြီးတော့ မဟနတွေရဲ့ နှုတ်ဆိတ်မှု၊ ဘာမှ ထုတ်ပြန် ချက် ပေါ်မလာတဲ့အတွက် တိုင်းသူပြည်သား တွေက အားမလို အားမရဖြစ်ကြသလို ဦးဇင်းတို့လည်းပဲ ဘယ်လိုမှကို အားမရဘူးလို့ ပြောလို့ရတယ်၊ ဟုတ်တာကို ဟုတ် တယ်၊ မဟုတ်တာကို မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောရဲတဲ့ အဖွဲ့အစည်း မဟုတ်ဘူးဆိုရင် ဓမ္မအတွက်နဲ့ မိမိတို့တွေဟာ စွန့်အ နေမယ် နှုတ်ဆိတ်နေမယ်ဆိုရင် တာဝန်မကျေရာ ရောက်မယ်၊ တာဝန်မဲ့ရာ ရောက်မယ်လို့ ဦးဇင်းအနေနဲ့ ပြောချင်ပါတယ်”ဟု မိန့်ကြားသည်။
ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော်သည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင်ဟောင်းတဦးဖြစ်သော်လည်း လက်ရှိ နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့အနေဖြင့် မည်သည့်ထုတ်ဖော်ပြောဆိုမှုမှ မတွေ့ရသလို ဆရာတော်အား ပစ်ခတ်ခဲ့ သည့် ကျည်ဆံသည် သံဃာထုတရပ်လုံးအား ထိမှန်ခဲ့ခြင်းဟုလည်း မိန့်ကြားမှုများ ရှိနေသည်။
“သံဃာထုတရပ်လုံးဆိုတဲ့နေရာမှာ ဦးဇင်းတို့ရဲ့ ထေရဝါဒ သံဃာထုတင်မဟုတ်ဘဲနဲ့ အားလုံး ဗုဒ္ဓဘာသာ သံဃာထုတရပ် လုံး ရဲ့ အသည်းနှလုံးကိုပါ ထိမှန်သွားသလို ခံစားရတယ်၊ ဒီလို ဆရာတော်ကြီးရဲ့ အသက်ကိုတောင်မှ မလုံခြုံနိုင်တော့ဘူး ဆိုရင် တခြား တခြားသော တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကတော့ ဆိုဖွယ်ရာ မရှိတော့ဘူး”ဟု ဆရာတော် ဦးကောဝိဒ (ဂျာမဏီ)က ဆက်လက်မိန့် မိန့်ကြားသည်။

ထို့အတူ မဟနနှင့် မဘသများသည် စစ်ကောင်စီ၏ ခိုင်းစေရာကိုသာ လုပ်ကိုင်နေကြရသော အဖွဲ့အစည်းများဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်လည်း ဘာသာရေးကို အကြောင်းပြ ဓမ္မမပါသော သူတော်ကောင်းအယောင်ဆောင်သူဟု ပြောဆိုမှုများလည်း ရှိသည်။
ထိုင်းနိုင်ငံ၌ သီတင်းသုံးသည့် ဆရာတော် မင်းသုညက “ဘုရားတည်ပြ ကျောင်းဆောက်ပြ ဘုန်းကြီးတွေကို ဟန်ဆောင် ကားတွေ လှူပြတာ၊ ဒါတွေလုပ်နေတဲ့ ကြား အခုလိုမျိုး စစ်တပ်ကနေ တနိုင်လုံးက လေးစားရတဲ့ စာသင်သားအားလုံး လေးစားရတဲ့ ဆရာတော်ကြီးကို ပစ်သတ်လိုက်ပြီဟေ့ ဆိုတာကို သူတို့မှာ လိမ်ရုံမှတပါး အခြားမရှိဘူး၊ ဖြေရှင်းစရာ မရှိဘူး၊ သူတို့လုပ်ရပ်တွေဟာ သာသနာကို ဖျက်ဆီးနေတဲ့ လုပ်ရပ် အမှန် ဖြစ်နေတယ်”ဟု မိန့်ကြားသည်။
ဆရာတော်အား သတ်ဖြတ်ခဲ့မှုအပေါ် စစ်ကောင်စီအနေဖြင့် အပြစ်ကို ဝန်ခံကာ သံဃာတော်များ အား တောင်းပန်ရန် လိုအပ်ကြောင်း သံဃာများက မိန့်ကြားသည်။
သီတဂူစတား ဒေါက်တာဘဒ္ဒန္တ ကောဝိဒသိရီ “အပြစ်ကို ဝန်ခံခြင်းကလည်း သူတော်ကောင်း အလုပ်ပါပဲ၊ လွန်ကျူးခဲ့တဲ့ သူတွေအတွက်လည်း သနားမိပါတယ်၊ သူတို့လည်း ချမ်းသာစွာ အိပ်ပျော်နိုင်ကြမယ် မထင်ပါဘူး၊ အဖြစ်အမှန်ကို တာဝန်ယူလိုစိတ် သူတော်ကောင်းစိတ်လေး မွေးပြီး ဝန်ခံပြီး သံဃာအား တောင်းပန်သင့်ပါတယ်” ဟု သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် မိန့်ဆိုရေးသားထားသည်။
ထို့အပြင် တန်ဖိုးကြီးမားသည့် ဆရာတော်ကြီးကို ပစ်မှားမိသည်မို့ အကြံပေးခြင်းသာဖြစ်ကြောင်းကို အဇာတသတ်၊ ဒေဝဒတ်တို့ကို ပုံဆောင်ကာ ရေးသားထားကို တွေ့ရသည်။
သံဃသမဂ္ဂ(မန္တလေး)ကမူ ပစ်ခတ်မှုအပေါ် စစ်ကောင်စီက ပြည်သူလူထုအား လိမ်လည် လှည့်ဖြား၍ သတင်းအမှားများ ထုတ်ပြန်ခဲ့ခြင်းသည် ၎င်းတို့ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ဖုံးကွယ်ရန် ကြိုးစားနေသည်ခြင်းဖြစ်သလို လွန်စွာ စက်ဆုပ်ဖွယ်ရာကောင်းသော လုပ်ရပ်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။
မဟနနှင့် မဘသအဖွဲ့များအပြင် တခြားသော ဖြစ်ရပ်များတွင် စာထုတ် ကန့်ကွက်လေ့ရှိသည့် ဘာသာပေါင်းစုံအဖွဲ့များ၊ နိုင်ငံရေးပါတီများ အပါအဝင် အနုပညာရှင်များဆိုသူများ၏ ထုတ်ဖော်ကန့်ကွက်မှုကိုလည်း စစ်ကောင်စီ၏ သတင်းစာတွင် ယနေ့အထိ မတွေ့ရပေ။

မြန်မာ့ရုပ်မြင်သံကြား (MRTV)၊ မြဝတီရုပ်သံ၊ သတင်းစာအပါအဝင် စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်များတွင်မူ ဝင်းနိမ္မိတာရုံ ဆရာတော် စီးနင်းလာသည့် ကားကို PDF များ၏ ကျည်ထိမှန်ခဲ့ခြင်းဟု ကြေညာခဲ့သလို ဒဏ်ရာရထားသည့် ယာဉ်မောင်း၏ PDF များမှ ပစ်ခတ်သည်ဆိုသော ထွက်ဆိုချက်ကိုလည်း ထုတ်လွှင့်ခဲ့သည်။
“မြေပြင်က အထင်အရှားသတင်းကို မျက်ကွယ်ပြုပြီး ဗြောင်လိမ်နေတာကို ဦးဇင်းတို့ တွေ့ရပါတယ်၊ ဒါဟာ သံဃာကို ပစ် သတ်ပြီးတဲ့ အပြင်ကို တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ တခြားတွေကို လွဲချတယ်ဆိုတာ သာသနာတော်တခုလုံးကို စော်ကား သလို တတိုင်းပြည်လုံး ရှိနေကြတဲ့ ရဟန်းရှင်လူ ကျောင်းသား ပြည်သူတွေအားလုံးကိုလည်း စော်ကားရာကျပါ တယ်” ဟု ဆရာတော် မင်းသုည က မိန့်ကြားသည်။
ပစ်ခတ်ခံရသည့် ကားပေါ်တွင်ပါလာသည့် ကန်သုံးဆင့်ဆရာတော်က ပစ်ခတ်ခံရမှု ဖြစ်စဉ်အမှန် မိန့်ကြားချက် ထွက် လာပြီးနောက် ဇွန် ၁၉ ရက် သတင်းထုတ်ပြန်ခဲ့မှုနှင့် ကွဲလွဲမှုများဖြစ်နေသဖြင့် မြေပြင်ဖြစ်စဉ် အမှန်ပေါ်ပေါက်ရေး ဖော် ထုတ်လျက်ရှိကြောင်း စစ်ကောင်စီ သတင်းပြန်ကြားရေးက ယနေ့ ထုတ်ပြန်လာသည်။
ပျံလွန်သွားသည့် ဝင်းနိမ္မိတာရုံ ဆရာတော်သည် ဝိနယာဓိကပရိယတ္တိ ပထမကျော်၊ နိုင်ငံတော်အစိုးရ ပထမကျော် သကျသီဟ၊ စေတိယင်္ဂဏ၊ အစိုးရဓမ္မာစရိယ အင်္ဂုတ္တရနိကာယပါဠိပါရဂူ၊ ဒီဃဘာဏက အဂ္ဂမဟာဂန္ထဝါစက၊ အဂ္ဂမဟာ ပဏ္ဍိတ ဘွဲ့တံဆိပ် တော်များ ဆက်ကပ်ခံထားရသလို ဘက်လိုက်မှုမရှိဘဲ ဗုဒ္ဓစာပေများကို သင်ကြားပို့ချခဲ့သလို လေ့လာသင်ကြားနေသည့် စာသင်သားများအတွက် ရှင်းတမ်းကျမ်းများ ပြုစုရေးသားမှုကြောင့် ပရိယတ္တိနယ်ပယ်တွင် ပို၍ ထင်ရှားကြောင်း သိရသည်။
စစ်အာဏာရှင်အဆက်ဆက် သံဃာတော်များအား ဖမ်းဆီးနှိပ်စက် သတ်ဖြတ် ထောင်ချခြင်း ပြုလုပ်ခဲ့ရာ မန္တလေးမြို့မှ တိပိဋကဓရ ဦးသုမဂ်လ၊ မစိုးရိမ်တိုက်ဟောင်းမှ ဦးကောဝိဒဘိဝံသ၊ မစိုးရိမ်တိုက်သစ်၏ ပဓာန နာယကဆရာတော် ဦးရာဇဓမ္မဘိဝံသ တို့ကဲ့သို့ ဆရာတော်များ အပါ သံဃာတော်များ ကိုရင်များပါမကျန် ဖမ်းဆီးထောင်ချရာတချို့ ထောင်တွင်းမှာပင် ပျံလွန်တော်မူခဲ့ရသည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလတွင်း သံဃာတော်များ မေတ္တသုတ်ရွတ်ဖတ်ပြီး လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ရာ စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့ခြင်းကြောင့် သံဃာတော်များ ပျံလွန်တော်မူခဲ့ရသလို ညပိုင်းအချိန်၌ ကျောင်း တိုက်များအား ဝင်စီးကာ သံဃာအပါးရေ တထောင်ကျော်ထိ ဖမ်းဆီးပြီး ကျောင်းတိုက်ပေါင်း ၆၁ ကျောင်းကို ချိပ်ပိတ်ခဲ့ကြ သေးသည်။
ထို့အတူ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြဝတီမင်းကြီးဆရာတော်၊ ရွှေညဝါဆရာတော်၊ ဦးသောဘိတ(အလကာ်ကြယ်)၊ ဦးတေဇနိယ(မန်းတောင်ခြေ)စသည့် သံဃာတော်များကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်း ထောင်ချခြင်းများ ပြုလုပ်ခဲ့သလို ကျောင်းတိုက်ပေါင်း ၁၀၀ ကျော် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးခြင်းများ ပြုလုပ်ထားသည်။
You may also like these stories:
ကန်သုံးဆင့်ဆရာတော် ထွက်ဆိုချက် မြေပြင်နှင့် ကွဲလွဲဟု စစ်ကောင်စီပြော
ဝင်းနိမ္မိတာဆရာတော်အား စစ်တပ် ပစ်ခတ်ဟု အတူလိုက်ပါသည့် ဆရာတော် မိန့်
သူဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်
မဘသ ဆရာတော် ဦးဝါသ၀ ပျူစောထီးအဖွဲ့များ ဖွဲ့စည်းနေ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR