လွန်ခဲ့သော ကိုးလတာကာလအတွင်း ဗီယက်နမ်သည် သမ္မတ ဂျိုးဘိုင်ဒင်၊ သမ္မတ ရှီကျင့်ဖျင်နှင့် သမ္မတ ဗလာဒီမာ ပူတင်တို့ကို ဖိတ်ခေါ်ဧည့်ခံပြီး ပထဝီနိုင်ငံရေး ပြိုင်ဘက်များကို အခြားနိုင်ငံများတွင် မရှိသည့် ယုံကြည်မှုဖြင့် ချိန်ခွင်လျှာ ညှိလိုက်သည်။
ထိုသို့ တယောက်ပြီးတယောက် လာရောက်လည်ပတ်ခြင်းသည် ၎င်းတို့၏ ကုန်စည်ဖြန့်ချိရေး ကွင်းဆက်များကို ဖြန့်ခွဲထားလိုသည့် ကုမ္ပဏီများမှ ကုန်ထုတ်လုပ်ရေး ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရာတွင် ကျွမ်းကျင်သော နိုင်ငံတခုသည် နိုင်ငံတကာဆက်ဆံရေးကို မည်သို့ကျွမ်းကျင်စွာ စီမံနေသည်ကို ပြသနေသည်။
၂၀၁၇ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယခုအပတ်အတွင်း သမ္မတ ပူတင်ကို ဧည့်ခံခြင်းဖြင့် လွတ်လပ်ပြီး ခွဲဖြန့်သော နိုင်ငံခြားရေးမူဝါကို ကာလကြာရှည်စွာ ကျင့်သုံးသော ဗီယက်နမ်သည် ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် ကမ္ဘာက ပစ်ပယ်ထားသည့် ခေါင်းဆောင်ကို တံခါးဖွင့် ကြိုဆိုလိုက်သောကြောင့် မြောက်ကိုရီးယား၊ အီရန်၊ တရုတ်တို့နှင့် တန်းတူသွားသည်။ အမေရိကန်နှင့် ဗီယက်နမ်တို့ ဆက်ဆံရေးမြှင့်တင်ပြီး တနှစ်မပြည့်မီ မြောက်ကိုရီးယားသို့ သွားရောက်ပြီးနောက် သမ္မတ ပူတင်၏ ဗီယက်နမ်၏ ခရီးစဉ်သည် အမေရိကန်ကို ဒေါသထွက်စေသော်လည်း ဆက်ဆံရေး ပြတ်တောက်နိုင်ဖွယ် မရှိပေ။
“ဗီယက်နမ်က ဒီကစားနည်းကို ကောင်းကောင်း ကစားနေတယ်” ဟု စင်ကာပူရှိ Iseas-Yusof Ishak Institute မှ ဧည့်သုတေသီ ငုယင်ခက်ဂျီယန်က ပြောသည်။
ဗီယက်နမ်သည် အခြားငြိမ်သက်နေသော နိုင်ငံများနှင့် မတူဘဲ တက်တက်ကြွကြွ ကြားနေသည်ဟု ၎င်းက ပြောသည်။ “ဒီနည်းဟာ အင်အားကြီး သုံးနိုင်ငံဆီက ဗီယက်နမ် အကျိုးကျေးဇူးရမယ့် နည်းလမ်းဖြစ်လို့ အင်အားကြီးနိုင်ငံ အမျိုးမျိုးအကြားမှာ တက်တက်ကြွကြွ ချိန်ခွင်လျှာညှိရမယ်ဆိုတာ ဟနွိုင်းက ကောင်းကောင်းသိတယ်။ အဲဒီလိုမှ မဟုတ်ရင် ဗီယက်နမ်ဟာ ကစားပွဲကို ဦးတည်ဘက်ပြောင်းစေနိုင်တဲ့ စွမ်းရည်မရှိဘဲ နိုင်ငံရေးကစားပွဲထဲ ဆွဲသွင်းခံရမယ်” ဟု ငုယင်ခက်ဂျီယန်က ပြောသည်။
ကွန်မြူနစ်ပါတီ အုပ်ချုပ်သော ဗီယက်နမ်၏ လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒသည် စစ်အေးတိုက်ပွဲ အဆုံးမှ စတင်သည်။ စစ်အေးတိုက်ပွဲ ပြီးဆုံးသောအခါ ဗီယက်နမ်သည် နိုင်ငံအားလုံး၏ မိတ်ဆွေဖြစ်ရန် ဆုံးဖြတ်ခဲ့သည်။ ဗီယက်နမ်မှ ဝါအရင့်ဆုံး နိုင်ငံရေးခေါင်းဆောင် သက်တမ်းရှည် ပါတီခေါင်းဆောင် ငုယင်ဖူထရောင်က ထိုသံတမန်ရေးသည် အမြစ်ခိုင်၊ ပင်စည်သန်ပြီး အကိုင်းအခက်များ ပျော့ပျောင်းသည့် “ဝါးရုံပင် သံတမန်ရေး” ဟု ခေါ်သည်။
သူ၏ ခေါင်းဆောင်မှုအောက်တွင် ဗီယက်နမ်သည် အမေရိကန် ပြည်ထောင်စုနှင့် သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားစသည့် အမေရိကန် မဟာမိတ်များနှင့် ကျယ်ပြန့်သော သေနင်္ဂဗျူဟာမိတ်ဖက်အဆင့်သို့ မြှင့်တင်ခဲ့သည်။ ထိုဆက်ဆံရေးသည် ဗီယက်နမ်ဘက်က အမြင့်ဆုံး မြှင်တင်ပေးနိုင်သည့် ဆက်ဆံရေး အဆင့်ဖြစ်သည်။
လွန်ခဲ့သော စက်တင်ဘာလက ဟနွိုင်းသို့ သွားရောက်သောအခါ သမ္မတ ဘိုင်ဒင်က ရန်သူဟောင်း နှစ်နိုင်ငံအကြား နှစ် ၅၀ ကြာ ဆက်ဆံရေး တိုးတက်မှုစက်ဝန်း အစိတ်အပိုင်းအဖြစ် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းကို ချီးကျူးပြောကြားသည်။ မကြာသေးမီ နှစ်များအတွင်း Apple ကဲ့သို့သော ကုမ္ပဏီများ ၎င်းတို့ ကုန်စည်ကွင်းဆက်ကို တရုတ်မှ ဖြန့်ခွဲရန် ကြိုးစားသောအခါ ဗီယက်နမ်သည် စိတ်ကြိုက်နေရာတခု ဖြစ်လာသည်။
ဗီယက်နမ်တွင် လွန်ခဲ့သောနှစ်က နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃၆ ဒသမ ၆ ဘီလီယံဖိုး ရှိသည်။ သို့သော် ဗီယက်နမ်သည် ၎င်း၏ အကြီးမားဆုံး ကုန်သွယ်ဘက် တရုတ်၊ အကြီးမားဆုံး လက်နက်ရောင်းချသူ ရုရှားတို့နှင် ဆက်ဆံရေး မပြတ်တောက်ဘဲ ထိုအောင်မြင်မှုများ ရအောင် လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုနှစ်နိုင်ငံတို့သည် ၂၀၀၈ ခုနှစ်နှင့် ၂၀၁၂ ခုနှစ်တို့တွင် ဗီယက်နမ်နှင့် သေနင်္ဂဗျူဟာ မဟာမိတ်များ အသီးသီး ဖြစ်လာသည်။
သမ္မတ ဘိုင်ဒင် လာရောက်လည်ပတ်ပြီး သုံးလကြာသောအခါ သမ္မတ ရှီသည် ဘိုင်ဒင်၏ ခြေရာကိုနင်းပြီး အိမ်နီးချင်း နှစ်နိုင်ငံတို့သည် ပိုင်နက်အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်တွင် ၎င်းတို့သင်္ဘောများ ထိပ်တိုက်တွေ့မှုနှင့် သဘောထား ကွဲလွဲမှုများ ရှိသော်လည်း ဆက်ဆံရေး တောင့်တင်းစေရန် ဘုံအနာဂတ် တည်ဆောက်ရေး သဘောတူကြသည်။
ဗီယက်နမ်သည် “အာခံမှုနှင့် လေးစားမှုအကြား” ချိန်ခွင်လျှာမှန်အောင် ထားခြင်းဖြင့် တရုတ်နှင့် ဆက်ဆံရေးကို ထိန်းကြောင်းရာတွင် စူးရှထက်မြက်သည်ဟု လိုဝီအင်စတီကျုမှ အရှေ့တောင်အာရှ ဒါရိုက်တာ ဆူဆန်နာ ပက်တန်က ပြောသည်။
ဗီယက်နမ်သည် အမေရိကန် ပြည်ထောင်စု၊ ရုရှားတို့နှင့် ဆက်ဆံရေးကို တရုတ်နှင့် ချိန်ခွင်လျှာညှိရန် ထိန်းသိမ်းထားကြောင်း ၎င်းကပြောသည်။
“ဗီယက်နမ်ဟာ သူ့ရဲ့ ဦးတည်ဘက် အားလုံးထားတဲ့ နိုင်ငံခြားရေးမူဝါဒ ရပ်တည်မှုကနေ အကျိုးခံစားနေပြီး မိတ်ဖက်အများအပြားနဲ့ ပတ်သက်အောင် လုပ်ထားတယ်” ဟု ဆူဆန်နာ ပက်တန်က ပြောသည်။
ဗီယက်နမ်၏ နိုင်ငံခြားရေးမူဝါဒ ဦးတည်ချက်များသည် မကြာသေးမီက ကာလကြာမြင့်စွာ ဖြစ်နေသည့် အဂတိလိုက်စားမှုများကို တိုက်ဖျက်ရေးကြောင့် ဖြစ်လာသည့် ပြည်တွင်းနိုင်ငံရေး အုံကြွမှုကို ခံနိုင်ရည်ရှိပြီး ပထဝီနိုင်ငံရေး တင်းမာမှု မြင့်မားနေချိန်တွင်ပင် အပြောင်းအလဲဖြစ်ဖွယ် မရှိပေ။
ဗီယက်နမ် ကွန်မြူနစ်ပါတီသည် ၎င်း၏ နိုင်ငံတကာ ဆက်ဆံရေးနှင့် ပတ်သက်လျှင် လက်တွေ့ကျပြီး အနောက်နိုင်ငံ မဟာမိတ်များရှိခြင်း၏ အရေးပါမှု အထူးသဖြင့် အရေးပါသော ကုန်ထုတ်လုပ်ရေး အချက်အခြာအဖြစ် ၎င်း၏နေရာကို ခိုင်မာအောင်လုပ်ရန် အရေးပါမှုကို နားလည်သည်။
တချိန်တည်းတွင် သမ္မတ ပူတင်ကို ဧည့်ခံတွေ့ဆုံခြင်းသည် ချိန်ခွင်လျှာညှိခြင်းနှင့် ဖြန့်ခွဲခြင်းကို ပြသရန် ဗီယက်နမ်ဒမူဝါ ဖြစ်သည်ဟု Iseas-Yusof Ishak Institute မှ ဝါရင့်သုတေသီနှင့် ဗီယက်နမ် အစီအစဉ် ညှိနှိုင်းရေးမှူး လီဟောင်ဟစ်ပ်က ပြောသည်။ ထိုခရီးစဉ်ကို စိတ်ပျက်ကြောင်း အမေရိကန်က ပြောသော်လည်း ဗီယက်နမ်နှင့် ဆက်ဆံရေးသည် ဆက်လက် ခိုင်မာနေမည်ဖြစ်ကြောင်းလည်း ပြောသည်။
“ပူတင်အနေနဲ့ သူ့ကျူးကျော်စစ်ကို အမွမ်းတင်ဖို့ စင်မြင့် ဘယ်နိုင်ငံမှ မပေးသင့်သလို သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ သာမန်ပဲလို့ ခွင့်ပြုဖို့ မသင့်ဘူးလို့ ကျနော်တို့ ထပ်မံပြောကြားပါတယ်။ ရုရှားက ယူကရိန်းမှာ ကျူးလွန်နေတဲ့ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေကို ကျနော်တို့က ဘာမှမဖြစ်သလို လျစ်လျူရှု မနေနိုင်ဘူး” ဟု Financial Times သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူတဦးက ပြောသည်။
ဟနွိုင်းသို့ ရေငုပ်သင်္ဘော အပါအဝင် စစ်လက်နက်ပစ္စည်း ကိရိယာများကို အကြီးမားဆုံး တင်ပို့သည့် ရုရှားသည် စစ်အေးကာလက စတင်ပြီး ဗီယက်နမ်၏ နီးကပ်သောမဟာမိတ် ဖြစ်သည်။ ထို နှစ်နိုင်ငံတို့သည် တောင်တရုတ် ပင်လယ်တွင် ပူးပေါင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေးလည်း လုပ်နေကြသည်။
သမ္မတ ပူတင်သည် ဗီယက်နမ် သမ္မတ တိုလမ်ကို ကြာသပတေးနေ့တွင် တွေ့ဆုံပြီး ငုယင်နှင့် အခြား ဝါရင့် ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသည်။ နှစ်နိုင်ငံတို့သည် ၎င်းတို့အကြား သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် သဘောတူကြပြီး ပညာရေး၊ စွမ်းအင်နှင့် ရုရှားအကူအညီဖြင့် ဗီယက်နမ်တွင် နျူကလီးယားသိပ္ပံနှင့် နည်းပညာစင်တာ ထူထောင်ရေး ဖြစ်နိုင်ခြေများကို သဘောတူ လက်မှတ်ရေးထိုးကြသည်။
Iseas-Yusof Ishak Institute မှ လီက ယခုအပတ် မစ္စတာ ပူတင်၏ ခရီးစဉ်သည် ပူတင်အတွက် ဖွင့်ထားသည့် တံခါးများ ရှိသေးကြောင်း ပြသသည့်အတွက် ဗီယက်နမ်ထက် ပူတင်ကို ပိုမို အကျိုးပြုသည်ဟု ပြောသည်။ ဗီယက်နမ်သည် အမေရိကန်၊ မဟာမိတ်များနှင့် ဆက်ဆံရေး ဆက်လက် ကောင်းမွန်ရန် ရည်မှန်းသောကြောင့် ရုရှားနှင့် အဓိကကျသည့် သဘောတူညီချက်များကို ထုတ်ပြန်ရန် သတိထားမည် ဖြစ်နိုင်သည်။
“ပူတင်ရဲ့ အခုခရီးစဉ်က ဗီယက်နမ်နဲ့ အမေရိကန်၊ အနောက်မဟာမိတ်တွေနဲ့ ဆက်ဆံရေးကို မထိခိုက်အောင် ဗီယက်နမ်က ဂရုစိုက်မှာ သေချာတယ်” ဟု လီက ပြောသည်။ “ဗီယက်နမ်ဟာ အဓိက အင်အားကြီး နိုင်ငံအားလုံးနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေး ထိန်းသိမ်းနိုင်နေပြီး ဗီယက်နမ်က မိတ်ဖက် အမျိုးမျိုးဆီက ရင်းနှီးမြှုပ်နှံမှုတွေ ဆွဲဆောင်ရာမှ အဲဒါက အဓိကအခန်းက ပါဝင်တယ်” ဟုလည်း ၎င်းက ပြောသည်။
ကိုးကား ။ ။ Financial Times သတင်း Vietnam”s “bamboo diplomacy” triumphs with visits from Biden, Xi and now Putin
You may also like these stories:
ရုရှား၏ “ကမ္ဘာ့တရားမျှတမှု” စကားဝိုင်းတွင် ဦးခင်ရီလည်း ဝင်ဆွေးနွေး
မြန်မာကတဆင့် အာရှမှာ ရုရှားခြေကုပ်ရနိုင်သလား
ယူကရိန်းကို ရုရှားကျူးကျော်မှု ဂယက် အာဆီယံလည်း မလွတ်
ဗီယက်နမ်ရေတပ် ရုရှားလုပ် ဖရီးဂိတ်စစ်သင်္ဘော ၂စီး ထပ်မံဖြည့်တင်း