မွန်ပြည်နယ်တွင် လယ်ယာလုပ်သားရှားပါးမှု၊ အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်မှုတို့ကြောင့် စိုက်ပျိုးမှုလျော့ချလာရာ ယခုနှစ် စပါးအထွက်နှုန်း လျော့ကျနိုင်ကြောင်း လယ်သမားများကဆိုသည်။
လက်ရှိ လယ်ယာစိုက်ပျိုးရေးသုံး ပစ္စည်းများ ဈေးမြင့်လာသလို စစ်မှုထမ်း ဥပဒေနှင့် ပြည်နယ်အတွင်း တိုက်ပွဲများ အပါအဝင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းတိုကြောင့် ယခင် လာရောက်သည့် ဧရာဝတီတိုင်း ပဲခူးတိုင်းတို့မှ လုပ်သားများ ဝင်ရောက်မှုနည်းကြောင်း၊ ထို့အတွက် အလုပ်သမားရှားပါးလာသဖြင့် စိုက်ဧကများ လျော့ချလာသလို စိုက်ပျိုးနည်း စနစ်များကိုလည်း ပြောင်းလဲလိုက်ရကြောင်း သိရသည်။
သထုံမြို့ရှိ လယ်သမားတဦးက “ကျမတို့မှာက လယ်က ဧက ၅၀ ရှိတာပါ။ ဒီနှစ်တော့ ၁ ဧကမှကို မစိုက်ရသေးဘူး။ စိုက်ဖို့လည်း အဆင်ပြေတော့မယ်မထင်ဘူး။ ပျိုးနုတ်မယ့်သူလည်းမရှိဘူး။ ကောက်စိုက်မယ့်သူလည်း ငှားမရဘူး။ ရွာမှာ ကျန်တာဆိုလို့ သက်ကြီးရွယ်အိုတွေပဲ ကျန်တာ။ ရွာက လယ်သမားအများစုလည်း အဲဒီလိုပဲ။ မစိုက်တော့ တဲ့သူနဲ့ ဧကလျှော့တဲ့သူတွေ အများကြီးပဲ” ဟု လုပ်သားရှားပါးမှု ပြဿနာကို ပြောပြသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က အလုပ်သမား ၁ ဦးလျှင် ၁ သောင်းဝန်းကျင်ဖြင့် ငှားရမ်းနိုင်သော်လည်း ယခုနှစ်တွင် ၁ သောင်း ၅ ထောင်ကျပ်မှ ၂ သောင်းခွဲအထိ တိုးမြှင့်ပေးသည့်တိုင် လုပ်ကိုင်မည့်သူမရှိဖြစ်နေပြီးသထုံ၊ ဘီးလင်း၊ ရေး၊ သံဖြူဇရပ်၊ ကျိုက်မရောမြို့နှင့် ပေါင်မြို့မှ လယ်သမားအများစုမှာ ယခုနှစ်တွင် မိုးစပါး စိုက်ခင်းများကို လျှော့ချစိုက်ပျိုး နေကြကြောင်း ဒေသခံများထံက သိရသည်။
လုပ်သားရှားပါးမှုကို ကုစားနိုင်ရန် စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲစိုက်ပျိုးနေရသဖြင့် ၁ ဧက အထွက်နှုန်း လည်း လျော့ကျမည့်အခြေအနေရှိကြောင်း သိရသည်။
မွန်ပြည်နယ်တွင်း လယ်သမားအရေး လှုပ်ရှားနေသူတဦးက “အလုပ်သမားလည်း မရှိတော့ ဧကလျှော့တာလည်း ရှိ တယ်။ လယ်သမားတော်တော်များများက ဒီနှစ်ကို စိုက်ခင်းနဲ့ မလုပ်တော့ဘဲ ကြဲစနစ်နဲ့ လုပ်ကြတယ်။ ဒီနှစ်ဆို ကြဲစိုက် တာတောင် ၆၀ ရာနှုန်းလောက်က အခြောက်ကြဲခင်းနဲ့ စိုက်ကြတာ။ ကျန်တာတော့ အစိုကြဲခင်း၂၀ လောက်နဲ့ ပျိုးစိုက် တာက ၂၀ ပေါ့။ အဲဒီတော့ အထွက်နှုန်းက ကျမှာ သေချာတယ်” ဟု ပြောသည်။
မွန်ပြည်နယ်တွင် မိုးစပါးကို နှစ်စဉ်မေလလယ်မှ ဇူလိုင်လဆန်းပိုင်းအထိ စိုက်ပျိုးကြပြီး၊ ယခုနှစ် မိုးစပါးစိုက်ပျိုးရာ၌ စိုက်ဧကများ၏ ၈၀ ရာခိုင်နှုန်းမှာ ကြဲခင်းများဖြစ်ကြောင်း လယ်သမား အရေး လှုပ်ရှားသူများက ဆိုသည်။
ရေးမြို့မှ လယ်သမားတဦးက” ကောက်စိုက်သူလည်းမရှိ၊ မျိုးနုတ်တဲ့သူတွေလည်းမရှိ၊ ထယ်ထိုးပြီးတာနဲ့ ကြဲထည့်။ သူက မိုးကြီးပြန်ရင်လည်း စပါးက ပျက်ဦးမယ်။ စနစ်တကျ စိုက်ပျိုးတာမဟုတ်တော့ ဒီနှစ်စပါးအထွက်နည်းရင် ဆန် ဈေးတက်မှာပေါ့။ ပြီးတော့ နောက်နှစ်တွေအတွက် မျိုးစပါး ဈေးတက်မှာလည်း စိုးရိမ်ရတာပေါ့” ဟု ပြောသည်။
စိုက်ခင်းစနစ်ဖြင့် စိုက်ပျိုးလျှင် ၁ ဧကလျှင် တင်း ၅၀ မှ ၇၀ အထိ စပါးထွက်နှုန်းရှိပြီး၊ ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးမှုမှာ ၁ ဧကလျှင် ၂၅ တင်းမှ တင်း ၃၀ လောက်သာ ထွက်သဖြင့် ယခုနှစ်တွင် စပါးအထွက်နှုန်းလျော့ကာ ဆန်ဈေးများ ပိုမိုမြင့်တက်လာမည်ကို စိုးရိမ်ကြောင်း လယ်သမားများက ဆိုသည်။

မွန်ပြည်နယ်တွင် နှစ်စဉ် စပါးစိုက်ဧက ၇ သိန်းနီးပါးရှိကြောင်း စိုက်ပျိုးရေး ဦးစီးဌာန၏ စာရင်းဇယားဟောင်းများ အရ သိရှိရပြီး ယခုနှစ်တွင် အဆိုပါ အခက်အခဲများကြောင့် ထိုထက် လျော့ကျနိုင်ကြောင်း လယ်သမားများက ဆိုကြသည်။
ထို့ပြင် ယမန်နှစ်၌ မွန်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုများကြောင့် မိုးစပါးများရေနစ်မြုပ်ခဲ့ပြီး စပါးအထွက်နှုန်း ကျ ဆင်းကာ စိုက်ပျိုးစရိတ် ကြွေးကျန်များကို ပြန်မဆပ်နိုင်သဖြင့် ယခုနှစ်အတွက် စိုက်ပျိုးစရိတ် မရရှိသည့် အခြေအနေ များလည်း ကြုံတွေ့နေရကြောင်း သိရသည်။
မြန်မာ့စီးပွားရေးဘဏ်က ၂၀၂၄ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများအား ယခင်ချေးငွေအရင်း၊ အတိုးများပါ အကျေ ဆပ်ပြီးသည့် တောင်သူများကို ပြီးခဲ့သည့် မေ ၂၀ ရက်မှ စတင်ကာ တနှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် သက်ဆိုင် ရာခရိုင်နှင့် မြို့နယ် ဘဏ်ခွဲများမှတဆင့် ထုတ်ချေးပေးနေကြောင်း ထုတ်ပြန်ထားသည်။
ပေါင်မြို့ရှိ လယ်သမားတဦးက “ပြန်မဆပ်နိုင်တဲ့သူတွေကိုကျ သူတို့က ထပ်ထုတ်မချေးဘူး။ စိုက်ချင်ပေမယ့်လည်း ချေးငွေက ထပ်မရတော့ အပြင်ကနေ ယူပြီး ချေးရမှာ။ အတိုးကလည်းများတယ်လေ။ ပြီးတော့ ခုခေတ် ဈေးနှုန်း တွေကလည်း တက်ပြီးရင်း တက်နေတဲ့အခါကျတော့ မရင်းရဲဘူး ဖြစ်နေတာပေါ့။ သူတို့ဆီကနေ ချေးငွေရရင်တော့ အနည်းနဲ့အများ ခံသာတာပေါ့” ဟု ပြောသည်။
ယခင်ကြွေးကျန် အကြေဆပ်နိုင်မှ စိုက်ပျိုးစရိတ်ချေးငွေ ရမည်ဖြစ်သလို ထုတ်ချေးရာတွင်လည်း ၁၀ ဧကသာ အများ ဆုံးပေးသဖြင့် တက်လာသည့် စိုက်ပျိုးစရိတ် လုပ်အားခ၊ ဒီဇယ်ဖိုး၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဈေး၊ ပေါင်းသတ်ဈေး အစရှိသည့် ဈေးနှုန်းကြီးမြင့်မှုတို့ကြောင့်လည်း လယ်သမားများအတွက် အခက်အခဲကြုံနေရကြောင်း သိရသည်။
ယခင်နှစ်တွင် သုံးမျိုးစပ် ဓာတ်မြေဩဇာ ၁၅ ပတ်လည် ၁ အိတ်လျှင် ၁ သိန်း ၃ သောင်းရှိရာမှာ ယခုတွင် ၂ သိန်းထိ မြင့်တက်သွားကြောင်း၊ စက်သုံးဆီများမှာလည်း ယခင်နှစ်တွင် ၂ ထောင်ဝန်းကျင်ရှိရာမှ ယခု ၃ ထောင်အထိ မြင့် တက်လာကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် မိုးစပါးစိုက်ပျိုးရာ၌ စိုက်ခင်း ၁ ဧကလျှင် ကုန်ကျစရိတ် ၇ သိန်းနီးပါးရှိပြီး၊ ယခုနှစ်တွင် ၈ သိန်းမှ ၁၀ သိန်းဝန်းကျင်အထိ ရှိလာသောကြောင့် အကုန်ကျ သက်သာသည့် ကြဲခင်းကိုသာ အဓိကထား စိုက်ပျိုးနေကြကြောင်း လယ်သမားများထံမှ သိရသည်။
စိုက်ပျိုးကုန်ကျစရိတ်များ မြင့်တက်ပြီး အထွက်နှုန်းလျော့မည်ကို စိုးရိမ်နေရချိန်တွင် စစ်ကောင်စီက စပါးဈေးကို ထိန်းချုပ်မည်ကို စိုးရိမ်သဖြင့် လျော့ချ စိုက်ပျိုးမှုများလည်း ရှိနေကြောင်း သိရသည်။
ဘီးလင်းမြို့မှ လယ်သမား တဦးက “ဦးလေးတို့လို လက်ကြီးသမားတွေတောင် လျှော့ကြတယ်။ ဦးလေးတို့ဆို မျိုးရိုး စဉ်ဆက် လယ်သမားပဲလုပ်လာတာ။ ဒီနှစ်ကတော့ အိမ်နားနီးတဲ့ လယ်တွေလောက်ပဲ လုပ်ဖြစ်တော့တယ်။ လယ်က စိုက်လေရှုံးလေကြီးရာ။ ခုဆို စစ်တပ်က ရွှေတောင် ဟိုဈေးနဲ့ရောင်းတို့၊ ဒီဈေးနဲ့ရောင်းတို့ လုပ်နေတာ။ စပါးကိုလည်း အဲဒီလို ရောင်းလို့ လုပ်လာမှာလည်း စိုးရိမ်တာရှိတာပေါ့။ အဲဒါမို့ ဒီနှစ်တော့ လျှော့စိုက်လိုက်တာ” ဟု ပြောသည်။
နှစ်စဉ် စပါးစိုက်ခင်းဧက ၁၀၀ ကျော် စိုက်ပျိုးနေသော်လည်း ယခုနှစ်တွင် စိုက်ခင်းဧက ၂၀ အထိ လျော့ချ စိုက်ပျိုးခဲ့ ကြောင်း ၎င်းက ဆက်ပြောသည်။
You may also like these stories:
ရခိုင်တွင် စပါးစိုက်ဧက ထက်ဝက်ခန့်လျော့ကျ၍ ဆန်ပြတ်လပ်မှုနှင့် ကြုံနိုင်
မြဝတီမြို့တွင် ဆန်ကို အကန့်အသတ်ဖြင့် ဝယ်ယူနေရ