ချင်းပြည်နယ်ရှိ အရေးပါသော မတူပီကို သိမ်းမည့် တော်လှန်ရေးအဖွဲ့များကြား တိုက်ပွဲဖြစ်နေခြင်းအား ဖြေရှင်းရန် ချင်းလဲန်းကောင်စီ၏ ထိုးစစ်ကို ရပ်ရမည်ဟု ချင်းညီနောင် အဖွဲ့က ပြောသည်။
ထိုတော်လှန်ရေးအဖွဲ့များကြား ၂၀၂၃ ခုနှစ် ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်၍ ချင်းပြည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲကာ Chin Land Council ဖွဲ့စည်းရာမှ သဘောထားကွဲပြီး ဇိုမီးဖက်ဒရယ် အစည်းအရုံး၊ ချင်း အမျိုးသား အဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ မရာနယ်မြေ အုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်(ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ)တို့ ပူးပေါင်း၍ ချင်းညီနောင်အဖွဲ့ကို ထပ်မံဖွဲ့ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မတူပီမြို့ရှိ စစ်တပ်စခန်းများကို ချင်းညီနောင်အဖွဲ့က အာရက္ခတပ်တော် (AA)၊ ယောဒေသရှိ Yaw Army (YA) တို့ဖြင့် မဟာမိတ်ဖွဲ့ ထိုးစစ်ဆင်ခဲ့ရာ အမှတ် ၃၀၄ ခြေမြန်တပ်ရင်းကို သိမ်းပိုက်ပြီး ကျန် ခလရ ၁၄၀ကို ဆက်လက် တိုက် ခိုက်စဉ် ဇွန်လ ၁၈ ရက်တွင် ချင်းအမျိုးသားတပ်ဦး (CNA) ဦးဆောင်သည့် ချင်းလဲန်ကောင်စီတပ်၏ တိုက်ခိုက်မှုကို ကြုံရ ခြင်း ဖြစ်ကြောင်း ချင်းညီနောင်အဖွဲ့ က ထုတ်ပြန်သည်။
ချင်းညီနောင်အဖွဲ့ ပြောခွင့်ရ ချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ မတူပီ (တပ်မဟာ ၁)မှ ဆလိုင်းဗွေအုပ်က “စစ်ကောင်စီကို ပစ်ဖို့ ပဲ လက်နက်ခဲယမ်း စစ်ရေးဗျူဟာကအစ ပစ်ဖို့ပြင်ထားတာ၊ တဖက်က အချင်းချင်း စပစ်တဲ့အခါ ဘာမှပြင်ဆင်ချက် မရှိဘဲ အလစ်ငိုက်မိသွားတဲ့ သဘောပါ။ ကျနော်တို့က ဒီပစ်ခတ်မှုမှာ ခံရတဲ့သူတွေ ဖြစ်နေတယ်” ဟု ၎င်းကပြောသည်။
တိုက်ခိုက်မှုကြောင့် ချင်းညီနောင်နှင့် မဟာမိတ်တပ်မှ ရဲဘော်များ ကျဆုံးထိခိုက်မှု ရှိသော်လည်း ချင်းပြည်သူ အချင်းချင်း မလိုလားအပ်သည့် ပြဿနာ မဖြစ်လို၍ အကြောင်းအရာအချို့ကို မပြောဘဲ ချန်လှပ်ထားကြောင်း ဇွန်လ ၂၀ရက် သတင်း စာ ရှင်းလင်းပွဲ၌ ချင်းညီနောင်အဖွဲ့ တာဝန်ရှိသူများက ပြောသည်။
တိုက်ပွဲအတွင်း ချင်းအမျိုးသားတပ်ဦး (CNA ) ဒုဗိုလ်တဦးလည်း ကျဆုံးသဖြင့် နှစ်ဖက်ထိခိုက်မှုများ ရှိနေပြီး ဆုံးရှုံး နစ်နာ မှုကြီးသဖြင့် အချင်းချင်း ပစ်ခတ်မှုရပ်ရန် လိုသော်လည်း လတ်တလော CNA ဦးဆောင် သည့် ချင်းလဲန်းကောင်စီဘက်က ထိုးစစ်ဆင်ရန် ပြင်နေသဖြင့် ခက်ခဲကြောင်း ချင်းညီနောင်အဖွဲ့က ဆိုသည်။
သို့သော် ချန်းလဲန်းကောင်စီကမူ ၎င်းတို့ ခလရ ၁၄၀ စခန်းကို ထိုးစစ်ဆင်ရန် ပြင်နေချိန် ချင်းညီနောင်အဖွဲ့က ကြားဝင် လာသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
ချင်းအမျိုးသားတပ်ဦး CNA ပြောခွင့်ရ ဆလိုင်းထက်နီက “စစ်ကောင်စီရဲ့ ၁၄၀ တပ်ကုန်းကို တိုက်ဖို့ ပြင်ထားပြီး ဖြစ်လို့ ထိုးစစ်ရပ်ဖို့က မဖြစ်နိုင်ဘူး။ ကျနော်တို့ လေး၊ ငါး၊ ခြောက်လ ပြင်ဆင်ထားတဲ့ စစ်ဆင်ရေးကို အဲဒီလိုလွယ်လွယ် ဆုတ် လို့မရဘူး။ ငွေကုန်ကြေးကျ အများကြီးနဲ့ ပြင်ဆင်ပြီး ဖြစ်လို့ နောက်ဆုတ်လို့ရမဘူး။ ကျနော်တို့ ဦးတည်ချက်အတိုင်းပဲ သွားမယ်။သူတို့ ဆုတ်ပေးဖို့ပဲ လိုပါတယ် ။ သူတို့ကို ကျနော်မေတ္တာရပ်ခံပါတယ်” ဟု ဇွန်လ ၂၂ ရက်တွင် ဧရာဝတီကို ပြောသည်။

လက်ရှိတွင် ချင်းလဲန်းကောင်စီအဖွဲ့ဝင် ဖြစ်သောချင်းလဲန်ကာကွယ်ရေးတပ်ဖွဲ့ – မတူပီ (တပ်မဟာ ၂)က မတူပီမြို့နှင့် ချိတ်ဆက်ထားသည့် ပလက်ဝလမ်း၊ ကန်တောင်လမ်း၊ ဟားခါးလမ်းနှင့် လိုင်လဲန်းပီ လမ်းတို့အား အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း ဇွန်လ ၂၀ ရက်တွင်ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင် CNAနှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ CDFs တို့ ပူးပေါင်းစစ်မျက်နှာ တိုးမြှင့်ထားသဖြင့် လမ်းများ ပိတ်ထားခြင်းဖြစ်ကြောင်း၊ လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် ခွင့်ပြုချက် မယူဘဲ အဆိုပါလမ်းများမှ ဖြတ်သန်း သွားလာ ပါက ပစ်မိန့်ပေးထားကြောင်း ပြောထားသည်။
အဆိုပါထုတ်ပြန်ချက်သည် စစ်ကောင်စီကို ထိုးစစ်ဆင်နေချိန်ကာလအတွင်း အရေးကြီးသည့် ထောက်ပို့လမ်းကြောင်း များကို ကန့်သတ်သလို ဖြစ်သောကြောင့် များစွာ အခက်အခဲ ဖြစ်ကြောင်းနှင့် မလိုလားအပ်သည့် ပြဿနာများကို ပိုမိုတိုးပွားစေသည်ဟု ချင်းညီနောင်အဖွဲ့က ပြောသည်။
မင်းတပ် CDF စစ်ဦးစီးချုပ် ထန်ချွန်းဖေက “အထူးသဖြင့် CNA ရဲ့လက်အောက်ခံတပ်တွေက ကျနော်တို့ကို ထိုးစစ် ဆင် နေတဲ့ တိုက်ခိုက်မှုတွေ ရပ်သွားတယ်သွားဆိုရင် ဒီတိုက်ပွဲက အလိုလိုရပ်သွားပါမယ်။ ကျနော်တို့ဘက်က ထိုးစစ်ဆင် တာ မရှိပါဘူး။ အခုချိန်ထိပေါ့ ၃ ရက်မြောက်နေ့အထိ တောက်လျောက်ထိုးစစ်ဆင်ပြီးတော့ လိုက်တိုက်နေတယ်။ ကျနော်တို့ နေရာကပဲ ပြန်ပြီးတော့ တုံ့ပြန်တာတချို့ ရှိပေမယ့် ပြင်းပြင်းထန်ထန်ပြန်ပြီးတော့ ထိုးစစ်ဆင်တာမျိုး မရှိပါဘူး။ အဲဒါကြောင့် ဒီအပစ်အခတ်ရပ်ဖို့ဆိုရင် ရှင်းရှင်းလေးပါပဲ။ သူတို့ ကျနော်တို့ကို မပစ်တော့ဘူးဆိုရင် အဲဒီအပစ်က ရပ်ပြီးသားပါပဲ “ဟု ဆိုသည်။
လက်ရှိ ချင်းတို့ အကြား ပြဿနာဖြစ်နေသော မတူပီမြို့တွင် ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၁ နှင့် တပ်မဟာ ၂တို့ရှိပြီး မတူပီ တပ်မဟာ ၁ မှာ ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်လုပ်သလို တပ်မဟာ ၂ မှာ ချင်းလဲန်းကောင်စီ နှင့် ပူးပေါင်း၍ တိုက်ပွဲများ ဖော်ဆောင်နေခြင်းဖြစ်သည်။
မတူပီတွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၀၄ ၊ ခြေလျင်တပ်ရင်း ခလရ ၁၄၀ နှင့် စစ်ဗျူဟာတို့ရှိနေပြီး လက်ရှိ ချင်းညီနောင်က ခမရ ၃၀၄ နှင့် မြို့တွင်းကို သိမ်းပိုက်ထားသဖြင့် စစ်ဗျူဟာကို ဆက်လက် ထိုးစစ်ဆင်ရန် ပို၍ လမ်းကြောင်းသင့်ကြောင်း၊ ထိုသို့ထိုးစစ်ဆင်ပါက ချင်းလဲန်းကောင်စီတပ်ဖွဲ့များနှင့် ထိတွေ့မှုလည်း နည်းနိုင်ကြောင်း ချင်းပြည်နယ်မှ CDM ပြုလုပ်လာသည့် ဗိုလ်ကြီးကောင်းသူဝင်းကပြောသည်။
၎င်းက “၃၀၄ ကတမြို့လုံးကို စိုးမိုးတယ်ပေါ့နော်။ ဗျူဟာနဲ့ ၁၄၀ ဘက်နဲ့ဆို ၃ မိုင်၊ ၄ မိုင်လောက်ပဲ ဝေးတယ်၊ ပလက်ဝ-မတူပီ လမ်းဘက်ခြမ်းကို အကုန်လုံးထိန်းပြီးသား ဖြစ်သလို မြို့ထဲကလည်း ရဲစခန်းတို့ ထွေအုပ် တို့ ကလည်း သိမ်းပြီးသား ဆိုတော့ မြို့ကို ၉၀ ရာခိုင်နှုန်းလောက်ထိ သိမ်းထားနိုင်သလိုဖြစ်သွားတယ်ပေါ့။ ဗျူဟာကုန်းနဲ့ ၁၄၀ က မြို့နဲ့ ဖနိုင်ရွာကြား ထဲရှိတာ”ဟု ပြောသည်။
မတူပီမြို့သည် လက်တလော အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော ပလက်ဝမြို့နယ် အရှေ့မြောက်ဘက်တွင်ရှိပြီး AA ပါဝင်သော ချင်းညီနောင်အဖွဲ့အနေဖြင့် မတူပီအား အလုံးစုံသိမ်းပိုက်သွားနိုင်ပါက မတူပီနှင့်ပလက်ဝဒေသသည် ဆက်စပ်သွားနိုင်သည့် အခြေအနေရှိသည်။
ဆလိုင်းထက်နီက “အခုတိုက်ပွဲမှာ အဓိကနယ်မြေခံ မတူပီ CDF ကလွဲလို့ တခြားညီနောင်အဖွဲ့ဆိုတဲ့ဟာတွေ မပါကြပါဘူး။ အဓိက AA ပါပဲ ။ ဆိုတော့ ကျနော်တို့မှာ ညှိထားတဲ့အတိုင်းဖြစ်မလာတော့ ပွတ်တိုက်မှုတွေ ဖြစ်နေတာဖြစ်တယ်။ ဘာမှ ထွေထွေထူးထူး ဆက်လက်ပြီးတော့ ညှိစရာတို့ နှိုင်းစရာတို့ဆိုတာ သိပ်တော့ ပြောစရာမရှိဘူးလို့ ပြောရမှာပေါ့” ဟု ပြောသည်။
ချင်းတော်လှန်ရေးအဖွဲ့များအနေဖြင့် ချင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီစခန်းများ ထိုးစစ်ဆင် နိုင်စွမ်းရှိသောကြောင့် လက်ရှိမတူပီတိုက်ပွဲကို ဦးဆောင်နေသည့် AA အနေဖြင့် လာရာ ပလက်ဝလမ်း အတိုင်း ပြန်ဆုတ်သွားပြီး ရခိုင်ပြည်နယ် အတွင်းရှိ ကျန်ရှိနေသည့် စစ်ကောင်စီစခန်းများကို ပို အာရုံစိုက်ရန် လိုသည်ဟုလည်း ၎င်းက ဆိုသည်။
ထိုသို့ တောင်ပိုင်းတွင် ချင်းတော်လှန်ရေးတပ်များကြား အငြင်းပွားမှု ဖြစ်နေစဉ် စစ်ကောင်စီက မြောက်ပိုင်း တီးတိန်ရှိ ကနေဒီတောင် စခန်းနှင့် သိုင်းငင်းစခန်းကို ပြန်လည် သိမ်းပိုက်လိုက်သည်။
You may also like these stories:
မတူပီကို စစ်ဆင်နေသည့် ချင်းနှစ်ဖွဲ့ တိုက်ပွဲဖြစ်
မတူပီခရိုင်အုပ်ချုပ်ရေးမှူးရုံးကို ချင်းတော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်
ချင်းတပ်များ တောင်ပိုင်းကို စစ်ဆင်ချိန် မြောက်ပိုင်းစခန်း ၂ခု စစ်တပ်ပြန်သိမ်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR