တိုက်ပွဲများကြောင့် လူသူကင်းမဲ့သွားသည့် ငပလီကမ်းခြေမြို့ကို စစ်ကောင်စီက လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်မှုများ ယမန်နေ့ည သန်းခေါင်ကျော်အထိ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ငပလီကမ်းခြေမြို့တွင် ရပ်ကွက် ၈ခု ရှိပြီး ယခုအခါ မြပြင်၊ လင်းသာ၊ ဂျိတ္တော စသည်တို့တွင်သာ လူအနည်းငယ် ကျန်ခဲ့ သည်။
“လေယာဉ်နဲ့လည်း ကြဲတယ်၊ သင်္ဘောကလည်း ပစ်တယ်၊ ကွမ်းဝိုင်းဘက်ကလည်း ပစ်တယ်၊ ညက ဂျိတ္တောဘက်က ပစ်တာဆို ဆက်တိုက်၊ အိမ်က မှန်တံခါးတွေအကုန် လှုပ်သွားတယ်”ဟု မြပြင်ရပ်ကွက်မှ ဒေသခံတဦးက ပြောသည်။
အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေသည်မှာ ၂ရက်ရှိပြီဖြစ်ပြီး ယမန်နေ့ ညနေ အထိ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှတို့နှင့် အလွန်ရင်းနှီးသော ဦးအောင်မျိုးမင်းဒင် ပိုင် Amazing ဟိုတယ်နှင့် ၂ဖာလုံခန့်ဝေးသည့် ဇီးဖြူကုန်းရပ်ကွက်နောက်ကျောရှိ တောစပ်တဝိုက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ကြောင်း AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးထံမှ သိရသည်။
“မနေ့ညနေ လေယာဉ်နဲ့ကြဲတာက ဇီးဖြူကုန်းရပ်ကွက်နောက်ကျောက တိုက်ပွဲဖြစ်နေတဲ့ တောစပ်နဲ့ ခမရ ၅၆၆ ဘက် ကို ကြဲတယ်၊ ပြည်သူ့စစ်တချို့က လက်နက်မချဘဲ ခံပစ်နေလို့မနေ့က တိုက်ပွဲမှာ ပြည်သူ့စစ် တွေလည်း ကျတယ်လို့ သိထားတယ်”ဟု အထက်ပါ သတင်းရင်းမြစ်က ဧရာဝတီသို့ ပြောသည်။
ယနေ့ မွန်းလွဲပိုင်းတွင်မူ AA သိမ်းပိုက်ထားသည့် မဇင်လေဆိပ်အနီးဝန်းကျင်၌ မီးလောင်နေပြီး မည်သည့်နေရာဖြစ် ကြောင်းကို အတိအကျ ခန့်မှန်း၍ မရနိုင်ကြောင်း ငပလီကမ်းခြေမြို့ လင်းသာရပ်ကွက် မှ ဒေသခံတဦးက ပြောသည်။
ယနေ့တွင် ငပလီကမ်းခြေအနီး ပင်လယ်ပြင်တွင် စစ်သင်္ဘော ၃စီး ရပ်ထားပြီး၊ စစ်ကောင်စီ၏ Y-12 တိုက်လေယာဉ် ၂စီးနှင့် ကျန် ၁စီး၊ စုစုပေါင်း ၃စီး က ငပလီကမ်းခြေမြို့ ပေါ်တွင် အဆက်မပြတ် ဝဲနေကြောင်း မြင်တွေ့ရသည့် ဒေသခံများက ပြောသည်။
တိုက်ပွဲများပြင်းထန်နေသည့် လွန်ခဲ့သည့် ၃ရက်ခန့်က စတင်ကာ မဇင်၊ ဇီးဖြူကုန်းနှင့် ငပလီရပ်ကွက် များရှိ ဒေသခံများ နေရပ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
You may also like these stories:
ရဲနှင့် ဌာနာဆိုင်ရာဝန်ထမ်းများ သံတွဲမြို့ကို စွန့်ခွာ
သံတွဲလေဆိပ် AA သိမ်းပိုက် ဟုဆို