လာမည့်နှစ် တချိန်ချိန်တွင် ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ကတိပေးပြီး တပတ်အကြာတွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးသူများသည် တရားဝင်ဟု ၎င်းတို့သတ်မှတ်သော နိုင်ငံရေးပါတီ လေးခုမှ ကိုယ်စားလှယ်များနှင့် အာဏာသိမ်းမှုအလွန် ရွေးကောက်ပွဲဆွေးနွေးရန် နေပြည်တော်တွင် တွေ့ဆုံသည်။
အလားအလာရှိသော မဲဆန္ဒရှင် အရေအတွက်ကို လျှော့ချရန် စစ်ကောင်စီက နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်နေစဉ် ထိုအစည်းအဝေးကို ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည်။
ထိုအစည်းအဝေးသည် အပြင်းအထန် အငြင်းပွားရသည့် အကြောင်းအရာတခုကိုလည်း စဉ်းစားသုံးသပ်သည်။ ထိုအကြောင်းအရာမှာ စစ်တပ်က ရေးဆွဲခဲ့သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဖြစ်သည်။
ထို နှစ်ရက်ကြာ အစည်းအဝေးတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ညှိနှိုင်းမှုကော်မတီသည် နိုင်ငံတွင် လူထုမထောက်ခံသော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကဲ့သို့သော ကိစ္စများကို ပြောဆိုသည်။ ထို ညှိနှိုင်းမှုကော်မတီမှာ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ ပိတ်ပင်တားမြစ်ထားခြင်း မခံရသေးသည့် နိုင်ငံရေးပါတီများနှင့် ဆက်ဆံရန် စစ်ကောင်စီက ဖွဲ့စည်းထားသည့် ကော်မတီဖြစ်သည်။
ထိုနိုင်ငံရေးပါတီများ အစုအဖွဲ့ကို စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် ပါတီ လေးခုက ဦးဆောင်သည်။ အဆိုပြုရွေးကောက်ပွဲအတွက် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ခဲ့သည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ပြည်သူ့ပါတီ (PP) နှင့် ရခိုင့်ဦးဆောင်ပါတီ (AFP) တို့လည်း ပါဝင်သည်။ သို့သော် ထို လေးပါတီလုံး၏ တူညီသော အချက်မှာ လူထုထောက်ခံမှု အလွန် နည်းပါးခြင်းပင်။
သို့သော် ထို လေးပါတီသည် စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၄၇ ခုကို ကိုယ်စားပြုသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကော်မတီ ဥက္ကဋ္ဌနှင့် နယ်စပ်ရေးရာ ဝန်ကြီးလည်းဖြစ်သော ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ထိုအစည်းအဝေးတွင် အဆင့်အမြင့်ဆုံး စစ်အရာရှိဖြစ်သည်။ ကော်မတီ အဖွဲ့ဝင် ဦးလှမောင်ရွှေလည်း အစည်းအဝေးသို့ တက်ရောက်သည်။ သူသည် ဦးသိန်းစိန် အရပ်သားအစိုးရအတု ခေတ်ကတည်းက စစ်တပ်၏ မအောင်မြင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သူဖြစ်သည်။
စစ်တပ်လက်ဝေခံ ကြံခိုင်ရေးပါတီ အဆင့်မြင့်အရာရှိ ဒေါက်တာ အောင်မြတ်ဦး၊ ဝါရင့် ၁၉၈၈ မျိုးဆက် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ ပြည်သူ့ပါတီ ခေါင်ဆောင် ဦးကိုကိုကြီး၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းနှင့် ရခိုင့်ဦးဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာ အေးမောင်တို့ အစည်းအဝေးသို့ တက်ရောက် ပူးပေါင်းကြသည်။
ဒေါက်တာ အောင်မြတ်ဦးသည် နိုင်ငံရေးပါတီများကိုယ်စား စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ဦးဆောင်သည်။
စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ကော်မတီအဖွဲ့ဝင်တဦးဖြစ်သူ ဒုဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက်များကို မိတ်ဆက်ပေးပြီး စစ်တပ်က ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အစည်းအဝေး ပထမနေ့တွင် အဆိုပြုသည်။
အဆိုပြုပြင်ဆင်ချက်များကို ဆွေးနွေးရန် စစ်ကောင်စီ ငြိမ်းချမ်းရေး ညှိနှိုင်းသူများနှင့် ပူးပေါင်းဆောင်ရွက်သည့် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ ဆွေးနွေးသည်ဟု စစ်ကောင်စီ မီဒီယာက သတင်းဖော်ပြသည်။
ဒုတိယနေ့ရောက်မှသာ ထိုကိစ္စများကို ဆွေးနွေးနိုင်ကြောင်း စစ်ကောင်စီမီဒီယာက ဖော်ပြသောကြောင့် ပါဝင်ဆွေးနွေးသူများသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး အရေးပါသည့် အသေးစိတ်များကို အာရုံစိုက်သည့် သဘောဖြစ်သည်။
ရွေးကောက်ပွဲ မည်သည့်အချိန်တွင် ကျင်းပမည်ကို မသိသော်လည်း နိုင်ငံရေးပါတီများသည် ယခင်က ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကို တားဆီးရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နှစ်ဖက်အကြား သဘောတူညီချက်ရပြီး ရွေးကောက်ပွဲတွင် ပါဝင်ရေးအတွက် စီစဉ်ရန် လိုအပ်ကြောင်း ဦးကိုကိုကြီးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

ဖြုတ်ချခံလိုက်ရပြီး ထိုစဉ်ကတည်းက ပိတ်ပင်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရသည် နိုင်ငံရေးကို စစ်တပ်ထိန်းချုပ်မှုအား အဆုံးသတ်ရန်နှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များတွင် စစ်တပ်ကို ပေးထားသည့် အခွင့်ထူးများကို ဖယ်ရှားရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များကို တွန်းအားပေးသည်။
စစ်တပ်နှင့် ၎င်း၏လက်ဝေခံပါတီက ထိုပြင်ဆင်ချက်များကို လွှတ်တော်တွင် ၂၀၂၀ ပြည့်နှစ်က ပိတ်ဆို့သောအခါ ထိုကိစ္စ မအောင်မြင်ပေ။ နောက်တနှစ်တွင် စစ်တပ်က အာဏာသိမ်းပြီး NLD အစိုးရကို ဖြုတ်ချကာ NLD အစိုးရ ဒုတိယ သက်တမ်းဖြစ်စေမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်းသည်။
အထက်ပါ နှစ်ရက်ကြာ အစည်းအဝေးနှင့် ပတ်သက်ပြီး ဦးကိုကိုကြီးက အကောင်းမြင်ပြီး “ပထမနေ့မှာတော့ တင်းမာကြပြီး နောက်ပိုင်းမှာတော့ တဖက်ရဲ့ခံစားချက်ကို တဖက်က နားလည်လာတယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးကြတယ်။ ဒုတိယနေ့မှာ အစည်းအဝေးက ည ၈ နာရီခွဲအထိ ကြာတယ်” ဟု ပြောသည်။
“အပြောင်းအလဲဖြစ်ဖို့ အခွင့်အလမ်း ပွင့်လာပြီလို့ ကျနော်ယုံကြည်တယ်” ဟု ဦးကိုကိုကြီးက ပြောသည်။
သို့သော် စစ်တပ်ကရေးဆွဲသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် နိုင်ငံရေးပါတီများကဖြစ်စေ၊ စစ်ကောင်စီ ငြိမ်းချမ်းရေး ညှိနှိုင်းသူများကဖြစ်စေ အဆိုပြုချက်များကို အသေးစိတ် ပြောကြားရန် ၎င်းက ငြင်းဆန်သည်။
စစ်ကောင်စီ ဝါဒဖြန့်ချိရေးသမားများကမူ မြန်မာ့အနာဂတ်အတွက် အားကြိုးမာန်တက် ဖြစ်နေသည်။ စစ်ကောင်စီ၊ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင် နိုင်ငံရေးပါတီများသည် လာမည့်နှစ်တွင် စီစဉ်ထားသည့် ရွေးကောက်ပွဲမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များအတွက် သဘောတူညီချက်ရပြီး ထိုပြင်ဆင်ချက်များကို လာမည့်အစိုးရက လွှတ်တော်သို့ တင်သွင်းကာ ဥပဒေအဖြစ် လက်မှတ်ရေးထိုးမည်ဟု ပြောနေကြသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Election Talks in Myanmar Are Touching on Amending The Constitution, Junta Says ကို ဘာသာပြန်သည်။)
You may also like these stories:
ဖက်ဒရယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရဲရဲရေးဆွဲဖို့လိုတယ်
“ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး အာဏာသိမ်းတာ” (ရုပ်/သံ)
တပ်ချုပ် အာဏာသိမ်းခြင်း အခြေခံဥပဒေ ချိုးဖောက်ဟု NLD ထုတ်ပြန်
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခြင်း သို့မဟုတ် ရှောင်လွှဲမရသော ပြဿနာ
အဖွင့်မလှတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲ