မြန်မာနယ်စပ် အကျပ်အတည်းကို ဖြေရှင်းရာတွင် စစ်ဘက်သံတမန်ရေးသည် သော့ချက်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် ကြည်းတပ်အကြီးအကဲသစ်က အလေးထားပြီး စစ်တပ်နှစ်ခုအကြား ပဋိပက္ခဖြစ်နိုင်ခြေ မရှိကြောင်း ပြောသည်။
“စစ်တပ်နှစ်ခု တခုနဲ့တခု ဆက်သွယ်နေရင် တဖက်က စစ်ပွဲကို ရုတ်တရက် စတင်ဖို့ အရမ်းခက်ခဲတယ်။ ဒီလို ဖြစ်မှာ မဟုတ်ဘူး” ဟု ဗိုလ်ချုပ်ကြီး ဝါကာ အုဇ် ဇာမန်က ရာထူးလက်ခံပြီးနောက် ဒါကာရှိ ကြည်းတပ်ဌာနချုပ်တွင် သတင်းထောက်များကို ပြောသည်။
သို့သော် “ရန်စတာမျိုးကို ကျနော်တို့ မမြင်လိုဘူး။ ကျနော်တို့မှာ ရိုဟင်ဂျာကိစ္စကလွဲပြီး မြန်မာနဲ့ ဘာပြဿနာမှ မရှိဘူး။ ရိုဟင်ဂျာတွေကို သူတို့ဘက်က ပြန်ခေါ်စေချင်တယ်။ အဲဒီကိစ္စကလွဲပြီး သူတို့နဲ့ဘယ်လို အမုန်း သို့မဟုတ် ပြဿနာမှ ရှိတယ်လို့ ကျနော် မမြင်ဘူး” ဟု ပြောသည်။
စစ်တပ် နှစ်ခုသည် ပုံမှန်ဆက်သွယ်နေပြီး ရိုဟင်ဂျာပြဿနာကို ငြိမ်းချမ်းသောနည်းဖြင့်ဖြေရှင်းရန် ကြိုးစားနေကြောင်း ဗိုလ်ချုပ်ကြီး ဇာမန်က ပြောသည်။
သူ၏စကားများကို လူမှုကွန်ရက်တွင် အပြင်းအထန် ဝေဖန်ကြသည်။
ရိုဟင်ဂျာ ပြဿနာကို ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိသော စစ်တပ်နှင့် ဆွေးနွေးဖြေရှင်းနိုင်မည့်သဘော ပြောသောကြောင့် ကြည်းတပ်အကြီးအကဲသစ်ကို ဗြိတိန်အခြေစိုက် သတင်းသမားနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရှာဖီအာ ရာမန်က X လူမှုကွန်ရက်တွင် ဝေဖန်သည်။
သတင်းသမားနှင့် မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရာမန်ကို X လူမှုကွန်ရက်တွင် အမြဲတမ်းလေ့လာသူ ၉၆,၀၀၀ ကျော် ရှိသည်။ နိုင်ငံမဲ့ ရိုဟင်ဂျာ ၂၅,၀၀၀ ကျော်ကို သတ်ဖြတ်ပြီး နောက်ထပ် ၁ သန်းကျော်ကို ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းများသို့ မောင်းထုတ်သည့် မြန်မာစစ်တပ်၏ ဖြိုခွဲမှုကို သူက ရည်ညွှန်းပြောကြားခြင်း ဖြစ်သည်။
စစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့ နိုင်ငံတကာနယ်စပ်ကို ဖြတ်ကျော်ပစ်ခတ်ခြင်း မပြုရန် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အဆတ်ဒတ်ဇာမန် ခန်က သတိပေးပြီး ရက်ပိုင်းအတွင်း ကြည်းတပ်အကြီးအကဲက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။
“သူတို့ ပစ်ခတ်တာတွေကို ကျနော်တို့ တုံ့ပြန်မယ်။ ကျနော်တို့ တိုက်ခိုက်ခံရရင် ကျနော်တို့ တုံ့ပြန်မယ်” ဟု ပြည်ထဲရေးဝန်ကြီး အဆတ်ဒတ်ဇာမန် ခန်က ဇွန်လ ၂၀ ရက်နေ့တွင် ပြောကြောင်း နိုင်ငံပိုင် သတင်းဌာန Bangladesh Sangbad Sangstha က ကိုးကားဖော်ပြသည်။
လက်စားချေခြင်းသည် ရွေးချယ်စရာ နည်းလမ်းတခုဖြစ်ကြောင်းနှင့် နိုင်ငံ၏ ကြည်း၊ ရေ၊ လေတပ်များသည် အသင့် အနေအထားဖြစ်ကြောင်း အနားယူသွားသည့် ကြည်းတပ်အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး အက်စ်အမ် ရှဖူဒင် အာမက်က လွန်ခဲ့သော အပတ်တွင်ပြောသည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နှင့် ကမ်းခြေစောင့်တပ်သည် မြန်မာနှင့် ကုန်းတွင်နယ်စပ်နှင့် ရေပြင်နယ်စပ်တွင် ကင်းလှည့်မှုများ ပိုမိုလုပ်ဆောင်လာသည်။
စစ်ကောင်စီနှင့် AA အကြား တိုက်ပွဲများသည် ဘင်္ဂလားဒေ့ရှ် သင်္ဘောများသွားလာမှုကို အန္တရာယ် ကျရောက်စေသောကြောင့် ဘင်္ဂလားဒေ့ရှ်ရေတပ်သည် နယ်စပ်မှ စိန့်မာတင်ကျွန်းအနီးတွင် စစ်သင်္ဘောများ ဖြန့်ကြက်ထားသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များသည် ရိုဟင်ဂျာဒုက္ခသည် နောက်ထပ် ဝင်ရောက်ခြင်းကို ခွင့်ပြုမည် မဟုတ်သော်လည်း ရခိုင်မှ ရောက်လာသည့် ဒဏ်ရာရ ရိုဟင်ဂျာများကို လူသားချင်းစာနာမှု ကြားဝင်ဆောင်ရွက်ပေးမည်ဟု ဒါကာမှ အရာရှိများက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ New Bangladesh Army Chief Pushes ‘Defence Diplomacy’ as Myanmar Border Crisis Grows ကို ဘာသာပြန်သည်။)
You may also like these stories:
ရခိုင်တိုက်ပွဲများကြောင့် နယ်စပ်တွင် ဘင်္ဂလားဒေ့ရှ် စစ်သင်္ဘောများ ဖြန့်ကြက်ထား
ဘင်္ဂလားဒေ့ရှ် ဆေးဝါးကုမ္ပဏီများ မြန်မာဈေးကွက် ထိုးဖောက်ရန် သံအမတ် တိုက်တွန်း
၄၅ နှစ်ကျော်အကြာ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာများ
နယ်စပ်ဖြတ်ကျော် ပစ်ခတ်မှုအတွက် ဘင်္ဂလားဒေ့ရှ်က မြန်မာကို ပြစ်တင်ရှုတ်ချ
ဘင်္ဂလားဒေ့ရှ်က မြန်မာနယ်စပ်တွင် လုံခြုံရေး တိုးမြှင့်
ဘင်္ဂလားဒေ့ရှ် စစ်တပ်အကြီးအကဲ မြန်မာ ဗိုလ်ချုပ်ကြီးကို လက်ခံတွေ့