ချင်းပြည်နယ် တောင်ပိုင်းရှိ မတူပီကို အလုံးစုံသိမ်းရန် ကျန်နေသေးသည့် စစ်ဗျူဟာနှင့် ခလရ ၁၄၀ တပ်ရင်းတို့ကို အရှိန်မြှင့်၍ ထိုးစစ်ဆင်နေကြောင်း ချင်းညီနောင်အဖွဲ့ တာဝန်ရှိသူများကဆိုသည်။
စစ်ကောင်စီသည် ချင်းတောင်ပိုင်းအတွက် မတူပီစစ်ဗျူဟာကို ခြေမြန်တပ်ရင်း ခမရ ၃၀၄နှင့် ခြေလျင် တပ်ရင်း ခလရ ၁၄၀ အပြင် မင်းတပ်ရှိ ခလရ ၂၇၄ တို့ဖြင့် သုံးရင်း ၁ ဗျူဟာပုံစံဖြင့် စုဖွဲ့ထားခြင်းဖြစ်ပြီး ခြေမြန် တပ်ရင်း ခမရ ၃၀၄ ကို ချင်းညီနောင်အဖွဲ့က ဇွန် ၁၇ရက်က သိမ်းထားပြီးဖြစ်သည်။
ကျန်ဗျူဟာနှင့် ခလရ ၁၄၀ကို စစ်ဆင်နေချိန် ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်သောပူးပေါင်းတပ် စစ်ကြောင်းဝင်လာသဖြင့် ဇွန် ၁၈ ရက်မှစ၍ ချင်းနှစ်ဖွဲ့ကြား တိုက်ပွဲဖြစ်ရာ ဇွန်လ ၂၄ ရက်ညနေပိုင်းတွင် CNF/CNA ဦးဆောင်သော ပူးပေါင်းတပ်ကို မောင်းထုတ်နိုင်ခဲ့ကြောင်း ချင်းညီနောင်က ယမန်နေ့က ထုတ်ပြန်ထားသည်။
လက်ရှိတွင် ချင်းညီနောင်အနေဖြင့် မူလ စစ်ရေးရည်မှန်းချက်အတိုင်း မတူပီမြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေရာ ခလရ ၁၄၀ နှင့် မတူပီဗျူဟာကုန်းရှိ ကာကင်းတချို့ကို သိမ်းပိုက်နိုင်ပြီဖြစ်သည့်အပြင် မတူပီမြို့နယ်တခုလုံး စစ်တပ် ကင်း စင်သည့်နယ်မြေ ဖြစ်ရေး အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု ဆိုထားသည်။
ချင်းညီနောင်အဖွဲ့ပြောခွင့်ရ ဆလိုင်းဟာအွမ်က “ကျနော်တို့က စစ်ကောင်စီကို နောက်ကျောရှင်းရှင်းနဲ့ တိုက်နိုင်ဖို့အတွက် သူတို့လာတဲ့ လမ်းကြောင်းတွေကို ရှင်းလင်းနိုင်တယ်။ ကောင်းကောင်းမွန်မွန်နဲ့ ကျနော်တို့ လုပ်နိုင်ခဲ့တယ်။ မတူပီ စစ်ဆင် ရေးကို အရှိန်မြှင့် လုပ်သွားနိုင်ပြီ” ဟု ပြောသည်။
ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်နိုင်သော ခမရ ၃၀၄ တပ်စခန်းသည် မတူပီမြို့အပြင် ခလရ ၁၄၀ နှင့် ဗျူဟာကုန်း တို့ကိုထောက်သည့် အခြေအနေဖြစ်သောကြောင့် စစ်ရေးအရအချက်အချာကျသည့် စခန်းဖြစ်ပြီး ခမရ ၃၀၄ ကို သိမ်း ပိုက်လိုက်နိုင်သည့်အတွက် ကျန်တပ်များကို ဆက်လက်ထိုးစစ်ဆင်ရာ၌ အလားအလာ ကောင်းသွားပြီဖြစ်သည်ဟု CDM ဗိုလ်ကြီး ကောင်းသူဝင်းက ပြောသည်။
၎င်းက “၁၄၀ နဲ့ ဗျူဟာက တဆက်တည်းရှိပြီးတော့ မတူပီမြို့ကို ဟားခါး- မတူပီလမ်းဘက်ကနေ ပိတ်ထားတယ်ပေါ့နော်။ ထိုနည်းတူပဲ ၃၀၄ ကျတော့လည်း မတူပီ- ပလက်ဝ လမ်းမှာ တည်ဆောက်ထားပြီးတော့ စစ်ဗျူဟာအရ အရေးကြီးတဲ့ နေရာမှာရှိတာပေါ့နော်။ ၃၀၄ က မြို့တမြို့လုံးကို စိုးမိုးတဲ့အပြင် ဗျူဟာကုန်းတို့ကို လှမ်းပြီးတော့ ထောက်ထားတဲ့ အနေအထားရှိတယ်” ဟု ပြောသည်။

ဗျူဟာအတွက်စုဖွဲ့ထားသည့် တပ်ရင်းများအနက် စစ်ရေးအရ အချက်အချာကျ တပ်ရင်းများကို ၁၂၀ မမ လက်နက်ကြီး သာမက ဟောင်ဝစ်ဇာများပါ တပ်ဆင်ထားသည့်အခြေအနေရှိပြီး ခမရ ၃၀၄ အား ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ရရှိချိန်၌ ဟောင်ဝစ်ဇာ ၁ လက် သိမ်းပိုက်နိုင်ခဲ့သည်။
“၇၆ မမ ဟောင်ဝစ်ဇာက ဗျူဟာမှာက နှစ်လက်ရှိတယ်။ ၃၀၄ မှာက စစ်ဗျူဟာအရအရေးကြီးတော့ အဲဒီမှာ တလက် သွားဆင်ထားတဲ့ အနေအထားဖြစ်တယ်။ မင်းတပ်လိုမျိုး စစ်ဗျူဟာအရအရေးကြီးလို့ စစ်ဒေသမှူးလာထိုင်တဲ့ (မင်းတပ်) ခလရ ၂၇၄ မှာလည်း ၁၂၀ မမ ဆင်ထားတာရှိတာပေါ့နော်” ဟု CDM ဗိုလ်ကြီးကောင်းသူဝင်းက ပြောသည်။
ချင်းတောင်ပိုင်း မြို့နယ်များဖြစ်သည့် ကန်ပက်လက်၊ မင်းတပ်၊ မတူပီ၊ ပလက်ဝမြို့နယ်များအတွက် အခြေချဗျူဟာ ထိုင် ထားသည့် မတူပီကိုသိမ်းပိုက်နိုင်ပါက ချင်းတောင်ပိုင်းရှိ ကျန်မြို့များကိုလည်း ဆက်သိမ်းပိုက်နိုင်ရန် အလားအလာ ပို ကောင်းနိုင်ကြောင်း ချင်း စစ်ရေးလေ့လာစောင့်ကြည့်သူများက ပြောသည်။
မတူပီကျသွားပါက မင်းတပ်၊ ကန်ပက်တို့ကို ထိုးစစ်ဆင်ရာ၌ အနောက်ဘက်စစ်မျက်နှာအတွက် ပူပင်စရာမလိုတော့ဘဲ စစ်ကိုင်း၊ မကွေး စသည့်အရှေ့ဘက် စစ်မျက်နှာတခုတည်းကိုသာ ဦးတည်လှုပ်ရှားသွားနိုင်မည့် အခြေအနေဖြစ်သည်ဟု ချင်းစစ်ရေးလေ့လာစောင့်ကြည့်သူ မင်းတပ်မြို့ခံတဦးက ပြောသည်။
CNF/CNA ပူးပေါင်းတပ်များ၏ လက်ရှိမတူပီ စစ်ဆင်ရေးအခြေအနေနှင့်ပတ်သက်၍ CNF ပြောခွင့်ရ ဆလိုင်းထက်နီကို ဆက်သွယ်ရာ ဖုန်းလိုင်းအခက်အခဲကြောင့် လတ်တလောတွင် ဆက်သွယ်၍ မရသေးပေ။
သို့သော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်၌ ခလရ ၁၄၀ နှင့် ဗျူဟာကုန်းတို့ကို ထိုးစစ်ဆင်ရန်ပြင်နေချိန်တွင် အာရက္ခတပ် တော် AA ဦးဆောင်သော ချင်းညီနောင်တပ်များက ကြားဝင်လာသောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ရခြင်းဟု ဆလိုင်းထက် နီက ပြော ဆိုထားသည်။
လက်ရှိ၌ ချင်းညီနောင်အဖွဲ့က မတူပီရှိလက်ကျန် စစ်ကောင်စီတပ်များကို ဆက်လက်ထိုးစစ်ဆင်နေရာ CNF/CNA ပူးပေါင်း တပ်များ ပထမအကြိမ်ကဲ့သို့ ထပ်လာနိုင်ခြင်း ရှိ မရှိနှင့် ပတ်သက်၍ ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းဟာအွမ်က “သူတို့ ပြန် လာချင်ရင် ပြန်လာနိုင်ပါတယ်။ ကျနော်တို့က ထိုးစစ်ပုံစံမျိုး မဟုတ်ဘဲ ခံစစ်ပုံစံနဲ့ ရှင်းထားဖြစ်လို့ သူတို့ ထပ်ပြန်ရင်တော့ အရင်လို ထပ်ဖြစ်နိုင်တာပေါ့နော်” ဟု ပြောသည်။
မတူပီမြို့ရှိစစ်ကောင်စီတပ်များကို ထိုးစစ်ဆင်နေသည့်ကာလအတွင်း ချင်းတော်လှန်ရေး အဖွဲ့အစည်းအချင်းချင်း တိုက်ပွဲ ဖြစ်ပွားခဲ့သောကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့သလို မြို့သိမ်းစစ်ဆင်ရေးမှာလည်း နှောင့်နှေးခဲ့ရသည်။
ချင်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့ရှိ ဇိုမီးဖက်ဒရယ်အစည်းအရုံး၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသား ကောင် စီ(မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ (မတူပီ)တို့ဖြင့် ဖွဲ့စည်းထားသည့် ချင်းညီနောင်အဖွဲ့သည် AA အပါအဝင် ယောဒေသမှကာကွယ်ရေးတပ်များနှင့် မဟာမိတ် ဖွဲ့ထားပြီး မြို့သိမ်းတိုက်ပွဲများကိုဆင်နွှဲနေရာ ကန်ပက်လက်မြို့နယ်ရှိ ကျင်ဒွေးမြို့ကိုလည်း သိမ်းပိုက်ထားပြီး ဖြစ်သည်။
You may also like these stories:
မတူပီက ချင်းတပ်တို့ကြား အငြင်းပွားမှု အဖြေမရှာနိုင်သေး
ချင်းတပ်များ တောင်ပိုင်းကို စစ်ဆင်ချိန် မြောက်ပိုင်းစခန်း ၂ခု စစ်တပ်ပြန်သိမ်း
မတူပီကို စစ်ဆင်နေသည့် ချင်းနှစ်ဖွဲ့ တိုက်ပွဲဖြစ်