မန္တလေးတိုင်း မတ္တရာအရှေ့ခြမ်း ဆည်တော်ကြီးရေလှောင်တမံအနီး အင်ကြင်းမြိုင်ရွာရှိ အမှတ် ၁၀၁၄ လေကြောင်းရန် ကာကွယ်ရေးတပ်ကို တော်လှန်ရေးတပ်များက ယမန်နေ့က တိုက်ခိုက်ခဲ့ပြီးနောက် မတ္တရာတွင် စစ်တပ်နှင့် ပျူစောထီး တို့ ပေါင်း၍ ခုခံရန် ပြင်ဆင်မှုများ လုပ်နေသည်ကို တွေ့ရကြောင်း ဒေသခံများထံက သိရသည်။
မတ္တရာမြို့တွင်းသို့ ဝင်ရောက်နိုင်သည့် မြို့အနောက်ဘက်၊ အရှေ့ဘက်၊ မြောက်ဘက်များတွင် လုံခြုံရေး တင်းကျပ်ကာ ကင်းအထပ်ထပ်ချထားပြီး မြို့တွင်း၌ ပတ်ကင်းလှည့်ခြင်းများကိုပါ အင်အား ၃၀၀ ခန့်ဖြင့် ပြုလုပ်နေသည်။
မတ္တရာမြို့ခံတဦးက “မနေ့ကလေကြောင်းရန်တပ်ကို တိုက်ခိုက်ခံခဲ့ရတာမို့ ဒီနေ့တော့ မြို့ထဲမှာ မနေ့ကလောက် လူသွားလူ လာ သိပ်မရှိဘူး၊ ငြိမ်နေတယ်၊ ဆိုင်အချို့လည်း ပိတ်ထားကြတယ်။ မတ္တရာကနေ မြောက်ထဲ ပင်းယျ-ရေနံ့သာ-တံငါ အဲဒီ လမ်းတလျှောက် ကင်းတွေ ချထားတယ်။ အရှေ့ ဆိုရင် ကျောက်တံတားဘက်ထိ ချထားတယ်၊ ပြီးတော့ မြို့ အနောက် ဘက်ခြမ်း ပျူတွေနဲ့ စစ်တပ်ပေါင်းပြီး မြို့ပေါ်ထိ ရောက်လာရင် ခုခံနိုင်အောင်လို့ ခံစစ်ပုံစံမျိုး ပြင်ဆင်နေကြတာတွေ ရှိ တယ်” ဟု ပြောသည်။
မြို့ခံများမှာ နေရပ်စွန့်ခွာမှုများ မရှိသေးသော်လည်း စိုးရိမ်ထိတ်လန့်လျက်ရှိကာ ယမန့်နေ့မှစ၍ စာသင်ကျောင်းများ ပိတ်လိုက်သလို မြို့အဝင်အထွက်များ၌ ပိတ်ဆို့ စစ်ဆေးခြင်းများပို၍ လုပ်ဆောင်နေကြောင်း သိရ သည်။
“ဒီနေ့ဆိုရင်လည်း ကားတွေကအစ အကုန်လုံးကို အစစ်အဆေးတွေ တော်တော်ကြမ်းတယ်၊ မြို့ရဲ့အနောက်ဘက်ခြမ်းက ပျူစောထီးရွာတွေများတော့ အားကိုးရှိနေတာ။ မြို့အနောက်ဘက် ခြံထဲက ရွာတွေတလျှောက်လုံးက ပျူစောထီး တွေချည်း ပဲ၊ မိန်းမတွေကအစ ပျူစောထီးတွေဖြစ်နေကြတာ၊ ရွှေချောင်းရွာက နာမည်အကြီးဆုံးပဲ၊ အနီတွေဆိုရင် ရွာမှာ အခုထိကို ပြန်မကပ်ရဲ မနေရဲကြဘူး၊ အကုန်လုံး ရှောင်တိမ်းနေကြရတာ” ဟု မတ္တရာမြို့ခံတဦးက ပြောသည်။
အင်ကြင်းမြိုင် လေကြောင်းရန်ကာကွယ်ရေးတပ်ကို ဇွန် ၂၅ ရက် နံနက် ၅ နာရီခန့်အချိန်မှစ၍ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY PDF နှင့် မတ္တရာမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ နံနက် ၈ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က အင်ကြင်းမြိုင်နှင့် ဆည်တော်ကြီးဘက်သို့ လေကြောင်းတိုက်ခိုက်မှုများကိုပါ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
ထိုတိုက်ခိုက်ခံရမှုကြောင့် လေကြောင်းရန်ကာကွယ်ရေးတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ စစ်သည် ၇၀ ကျော် အဆက် အသွယ် ပြတ်တောက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်များက လေကြောင်းရန်ကာကွယ်ရေးတပ်ကို သိမ်းပိုက်နိုင်ပြီ ဟု သတင်းများ ထွက်ပေါ်နေမှုကြောင့် ဧရာဝတီအနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “လေကြောင်းရန်တပ်ကို တိုက်ခိုက်ခဲ့တာ မှန်ပါတယ်။ စစ်ရေးအခြေ အနေမို့ အသေးစိတ်တော့ ပြောလို့ မရသေးပါဘူး။ လောလောဆယ် သူတို့လူတွေ မပျောက်ဘူး ရှိပါတယ်။ မတ္တရာမြို့ထဲ ဘောလုံးကွင်း တောင်ဘက်ဘုရင့်နောင်ခန်းမထဲ ခေါ် ထားတာရှိတယ်။ ဒီနေ့မနက်ပိုင်းထိ တိုက်ပွဲရှိတယ်၊ ဆည်တော် လမ်း ခွဲအရှေ့ ကိုရင်လေးတောင်ခြေကနေ ၈၁ မမတွေနဲ့ လှမ်းပစ်နေတာတွေလည်း ရှိနေတယ်” ဟု ပြောသည်။
ယခုအခါ မတ္တရာမြို့တွင်းရှိ ဘောလုံးကွင်းတောင်ဘက် ဘုရင့်နောင်ခန်းမတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ခန့်ထိ ရောက်ရှိနေရာ ယင်းစစ်သားများမှာ လေကြောင်းရန်ကာကွယ်ရေးတပ်မှ ဆုတ်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြစ်နိုင်သည်ဟု မတ္တရာမြို့ခံများက ဆိုသည်။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတဦးက “မတ္တရာက တိုင်းစစ်ဌာနချုပ်ရှိနေတဲ့ မန္တလေးမြို့ အတွက် အဓိကခံတပ်ဖြစ်တာကြောင့် အင်အားအလုံးအရင်းနဲ့ကာတဲ့ သဘောမျိုး အခုဆိုရင် အလယ်ပိုင်း တိုင်း စစ်ဌာ နချုပ် (လပခ) ကနေ အင်အားဖြည့်တာတွေရော မန္တလေးနန်းတွင်းက သင်တန်းဆင်းပြည်သူ့စစ်၊ ဌာနပြည်သူ့ စစ်တွေ အပါ အဝင် အင်အား ၈၀၀ ကျော်လောက်နဲ့ ကြိုပြီးကာထားတာ။ ပြီးတော့ တိုက်ပွဲဖြစ်နေတဲ့ မိုးကုတ်ဘက်ကို စစ်ကူ တွေပေးနိုင် အောင်နဲ့ မတ္တရာအရှေ့ခြမ်းနဲ့ ဆက်စပ်နေတဲ့ နောင်ချိုတို့ ပြင်ဦးလွင်တို့ ဘက်ကိုပါ စစ်ကျွံလို့ မရအောင် ကြိုကာချင်နေတယ်” ဟု ပြောသည်။
ယခုအခါ မတ္တရာမြို့နယ်အရှေ့ခြမ်းတွင် တိုက်ပွဲများပြင်းထန်နေ၍ ဒေသခံများအနေဖြင့် ဘေးကင်းလုံခြုံစွာနေထိုင်ရန် လို ကြောင်း တော်လှန်ရေးအင်အားစုများက သတိပေးထားသလို ယနေ့နံနက်ပိုင်းက မတ္တရာမြို့နယ် အရှေ့ခြမ်းဆည်တော် လမ်းခွဲအရှေ့ ကိုရင်လေးတောင်ခြေ၌ အထိုင်ချထားသော စစ်တပ်က အရှေ့ဘက်သို့ ၈၁ မမ လက်နက်ကြီးဖြင့် ပစ်ခတ် နေကြောင်း The Voice of Wetlet Madayar မှ ထုတ်ပြန်ထားသည်။
မြောက်ပိုင်းညီနောင် မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအား တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ဇန်နဝါရီ ၁၁ ရက်တွင် ဟိုင် ဂင်သဘောတူချက်ကို လက်မှတ်ထိုး၍ အပစ်အခတ် ယာယီရပ်စဲခဲ့ပြီး ၅ လကျော်အကြာ ဇွန်လ ၂၅ ရက်မှ စတင်ကာ မန္တလေးတိုင်း မိုးကုတ်၊ မတ္တရာမြို့နယ်များအပြင် ကျောက်မဲ၊ နောင်ချို၊ သီပေါမြို့နယ်တို့တွင်လည်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေခြင်း ဖြစ်သည်။
စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ် ချိုးဖောက်ကာ မကြာခဏ စစ်ကြောင်းထိုး ပစ်ခတ်တိုက်မှု များကြောင့် ခုခံစစ်အနေဖြင့် တိုက်ပွဲများ ပြန်လည်ဆင်နွှဲရခြင်းဖြစ်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နောက်ဆက်တွဲ တိုက်ပွဲများဖြစ်ကြောင်း TNLA က ကြေညာထားသည်။
စစ်ရေးသုံးသပ်သူတဦးက “စစ်ရေးဦးတည်ထားတာကတော့ မန္တလေးရဲ့မြောက်ဘက် မတ္တရာ၊ မိုးကုတ်ပေါ့၊ အဲဒီမှာ တိုက်နေတယ်၊ မန္တလေးရဲ့ ပြင်ဦးလွင်အရှေ့ဘက်ဆိုရင် နောင်ချို၊ ကျောက်မဲ၊ သီပေါနားထိ တိုက်နေတယ်၊ မတ္တရာ- မိုးကုတ် ဧရိယာ ဆိုရင်တော့ မန္တလေးတိုင်းကို ခြိမ်းခြောက်ပြီးသားဖြစ်သလို နောင်ချို ကျောက်မဲကလည်း ပြင်ဦးလွင်ကို တိုက်ရိုက် ထိ ရောက်တာဖြစ်တယ်။ အခု စစ်ဆင်ရေးရဲ့ရည်ရွယ်ချက်က လောလောဆယ် မန္တလေးနဲ့ ပြင်ဦးလွင်ကို တိုက်ရိုက် ခြိမ်းခြောက် နေပြီလို့ ပြောလို့ရတယ်” ဟုဧရာဝတီကို ပြောသည်။
ယခုတိုက်ပွဲများသည် အလုံးအရင်းနှင့် တိုက်ခိုက်နေသည့်အတွက်ကြောင့် လွယ်လွယ်နှင့် ရပ်မသွားဘဲ မြို့သိမ်းတိုက်ပွဲများ အထိ ဖော်ဆောင်နိုင်ကြောင်း၊ စစ်တပ်ဘက်ကလည်း ကျန်သည့် ညီနောင်အဖွဲ့များ ထွက်မလာသေးသည့်အတွက် စောင့် ကြည့်ကာ တုံ့ပြန် ခုခံရန် စစ်အင်အားအနေအထားကို ချင့်ချိန်နေသည့်သဘောရှိကြောင်း ၎င်းက သုံးသပ်ပြောဆိုသည်။
၎င်းက ဆက်လက်၍ “အခုစစ်ဆင်ရေးက ပြင်ဦးလွင်နဲ့ မန္တလေးကို တိုက်ရိုက်ခြိမ်းခြောက်တဲ့ စစ်ဆင်ရေးဖြစ်တယ်၊ လော လောဆယ် AA နဲ့ ကိုးကန့်တွဲနေတဲ့ BPLA, PLA မပါသေးတဲ့အတွက်ကြောင့်မို့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းလို့ ပီပီပြင်ပြင်တော့ ပြောလို့ မရသေးဘူး၊ ဟိုင်ဂင်သဘောတူညီချက် လုံးဝပျက်သွားပြီလို့လည်း ပြောဖို့ ခက်သေးတယ်” ဟု စစ်ရေး လေ့ လာသုံးသူက ဆိုသည်။
မတ္တရာမြို့နယ်သည် မန္တလေးမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြို့နယ်ဖြစ်သလို ရပ်ကွက် ၅ ခု၊ ကျေးရွာအုပ်စု ၈၃ စု၊ ၂၈၆ ရွာရှိပြီး အရှေ့ဘက်တွင် ပြင်ဦးလွင်မြို့နယ်၊ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ အနောက်ဘက်တွင် စစ်ကိုင်းတိုင်း ဝက်လက်၊ စစ်ကိုင်း၊ မြောက်ဘက်တွင် စဉ့်ကူး၊ တောင်ဘက်တွင် ပုသိမ်ကြီးမြို့နယ်တို့နှင့် နယ်နိမိတ် ထိစပ်ကာ မန္တလေးမှ ကား၊ ဆိုင်ကယ် ၁ နာရီခန့်သာ မောင်းနှင်ရသည့် အကွာအဝေး၌ တည်ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
အင်းတော်ကြီးမှ အရေးပါသော တပ်စခန်းများ KIA တို့ သိမ်း
မတူပီဗျူဟာနှင့် ခလရ ၁၄၀ ကို ချင်းညီနောင် အရှိန်မြှင့် ထိုးစစ်ဆင်