မြန်မာစစ်ကောင်စီသည် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်လာချိန်တွင် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေသည် အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် ကျင်းပသည့် ၁၉ ကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆွေးနွေးပွဲ (ACD) ဝန်ကြီးအဖွဲ့ အစည်းအဝေးသို့ တနင်္လာနေ့တွင် တက်ရောက်ပြီး နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန် အီရန်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အလီ ဘာဂါရီ ကန်နီနှင့် သီးခြားဆွေးနွေးသည်။
အီရန်သည် ဆီးရီးယားနှင့် ယီမင်မှ ပြည်တွင်းစစ်များတွင် ပါဝင်သည့် အုပ်စုများနှင့် ယူကရိန်းကျူးကျော်မှုနောက်ပိုင်း ရုရှားသို့ လက်နက်များရောင်းချသည်ဟု စွပ်စွဲခံရသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် အီရန်သည် မြန်မာစစ်ကောင်စီကိုလည်း လက်နက်ရောင်းခဲ့သည်ဟု ယူဆရသည်။
အီရန်ကိုယ်စားလှယ်အဖွဲ့တဖွဲ့သည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလတွင် မြန်မာသို့လာရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက် ဒုတိယ သို့မဟုတ် တတိယအကြိမ် လာရောက်ခြင်းဖြစ်သည်ဟု Asia Times က ဖေါ်ပြသည်။
အီရန် ကုန်တင်လေကြောင်းလိုင်း Qeshm Fars Air မှ ဘိုးရင်း ၇၄၇ တစီးသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း နေပြည်တော်နှင့် ရန်ကုန်တွင် ဆင်းသက်ခဲ့ဖူးသည်။
ဆီးရီးယား ပြည်တွင်းစစ်မှ တီဟီရန်ကျောထောက်နောက်ခံပြု အုပ်စုများသို့ လက်နက်ပို့ဆောင်ပေးသည်ဟုဆိုကာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက Qeshm Fars Air ကို ၂၀၁၉ ခုနှစ်တွင် အရေးယူပိတ်ဆို့မှု ချမှတ်သည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ပပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံးက Qeshm Fars Air ပိုင် လေယာဉ် ၂ စီးသည် စိုးရိမ်စရာဖြစ်ပြီး ၎င်းတို့အနက် EP-FAA ဟု မှတ်ပုံတင်ထားသည့် တစီးသည် မြန်မာသို့ ပျံသန်းခဲ့သောလေယာဉ် ဖြစ်ကြောင်း ပြောသည်။
ထိုလေယာဉ်ခရီးစဉ်များအနက် တခုသည် စစ်ဘက်ဒရုန်းနှင့် အင်ဂျင်များဟု ယူဆရသည့် သေတ္တာ ၂၁ လုံးကို ပို့ဆောင်ခဲ့သည်။
မြန်မာစစ်တပ်သည် အီရန် ဒရုန်းအင်ဂျင်များသုံးကြောင်းနှင့် ၎င်းတို့ကို မန္တလေးတိုင်း မိတ္ထီလာမြို့နယ်မှ မိတ္ထီလာလေတပ်တွင် တပ်ဆင်ကြောင်း စစ်တပ်မှ ဘက်ပြောင်းလာသူများပြောသည်။
အီရန်မှ လေယာဉ်များရောက်လာခြင်းသည် စစ်ကောင်စီနှင့် တီဟီရန်အကြား လျှို့ဝှက်စစ်ဘက်ဆက်ဆံရေးများရှိသည်ဆိုသည့် ခန့်မှန်းပြောဆိုမှုများဖြစ်စေသည်။ အတည်ပြုနိုင်ပါက ထိုဆက်ဆံရေးသည် မြန်မာနိုင်ငံအခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး ဒေသတွင်းတည်ငြိမ်မှုကို ထိခိုက်စေမည်ဖြစ်သည်။ သို့သော် ယခုအခါ စစ်ကောင်စီနှင့် တီဟီရန်တို့သည် ပိုမိုနီးကပ်သော ဆက်ဆံရေးကို လူသိရှင်ကြား တည်ထောင်ကြသည်။
အနောက်နိုင်ငံများမှ အရေးယူပိတ်ဆို့မှုများဖြင့် ရင်ဆိုင်ရပြီး စစ်ကောင်စီသည် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘယ်လာရုစ်၊ အီရန်တို့နှင့် ဆက်ဆံရေးကောင်းအောင် လုပ်သည်။ စစ်ကောင်စီသည် မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေးကိုလည်း ပြန်လည်ထူထောင်သည်။
တနင်္လာနေ့က ကျင်းပသည့် ဝန်ကြီးအဆင့်အစည်းအဝေးတွင် ဦးသန်းဆွေက မြန်မာစစ်ကောင်စီ၏ ငြိမ်းချမ်းရေး၊ တိုးတက်ရေးနှင့် ဒီမိုကရေစီရေး အားထုတ်မှုများကို ရှင်းပြသည်ဟု စစ်ကောင်စီ မီဒီယာဖေါ်ပြသည်။
ဦးသန်းဆွေက လက်ရှိ ACD ဥက္ကဌ အီရန်၏ ဦးဆောင်မှုကို ချီးကျူးပြောကြားပြီး ထိုင်းနိုင်ငံက ဥက္ကဌတာဝန် ဆက်လက်ယူမည်ကို ကြိုဆိုကြောင်းပြောသည်။ လွန်ခဲ့သောလက ရဟတ်ယာဉ်ပျက်ကျသောကြောင့် ကွယ်လွန်သွားသည့် အီရန် သမ္မတ ဆိုင်ယက် အီဘရာဟင် ရိုင်စီနှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဟော့စိန် အေမာ အဗ္ဗဒိုလာဟီရန် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်းလည်း ဖေါ်ပြသည်။
စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးသည် နှစ်နိုင်ငံဆက်ဆံရေးများ မြှင့်တင်ရန်နှင့် ACD အတွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာနယ်ပယ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆန်ဂျီယမ်ပွန်ဆာ၊ နီပေါ နိုင်ငံခြားရေးဝန်ကြီး နာရာယန် ကာဂျီ ဆရီသာ ပရာကက်ရှ်၊ ကာတာနိုင်ငံခြားရေးဝတ်ကြီး ဆူလတန် ဘင် ဆက် အယ် မူရိုင်ခီ တို့နှင့်လည်း သီးခြားတွေ့ဆုံခဲ့သည်ဟု စစ်ကောင်စီ မီဒီယာဖေါ်ပြသည်။
ACD ကို ထိုင်းနိုင်ငံ၏ ဦးဆောင်မှုဖြင့် ၂၀၀၂ ခုနှစ်က ဖွဲ့စည်းသည်။ မြန်မာသည် စတင်တည်ထောင်သည့်အဖွဲ့ဝင် ဖြစ်သည်။ အဖွဲ့ဝင် နိုင်ငံ ၃၁ နိုင်ငံနှင့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် တီဟီရန်တွင် ကျင်းပသည့် ဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Tehran Meeting Stokes Fears Iran Arming Myanmar Junta ကို ဘာသာပြန်သည်။)
You may also like these stories:
သမ္မတ ရိုင်စီ သေဆုံးပြီးနောက် အီရန်မှာ ဘာတွေ ဖြစ်နိုင်သလဲ
ငြိမ်းချမ်းရေးနိုဘယ်ဆုရ အကျဉ်းစံ အီရန်အမျိုးသမီး နာဂက်စ် မိုဟမ္မဒီ
ဒုံးကျည်နှင့်ဒရုန်း ရရှိရေး စစ်ကောင်စီက အီရန်ဘက် ခြေဦးလှည့်နေ
အီရန်စစ်တပ် မြန်မာတွင် ဘာလာလုပ်သနည်း
အစ္စရေးအကျပ်အတည်းတွင် ဝင်မပတ်သက်ရန် အီရန်ကို အမေရိကန် သတိပေး