ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား ဇွန်၂၅ ရက်ကစခဲ့သော တိုက်ပွဲများအတွင်း အရပ်သားအများ အပြား ပိတ်မိကာ ထိခိုက်သေဆုံးများလည်းရှိနေကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံက သိရသည်။
တိုက်ပွဲများမှာ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့နယ်တို့၌ ဖြစ်နေခြင်းဖြစ်ပြီး စစ်ကောင်စီက ရပ်ကွက်များပေါ်သို့ ဗုံးကြဲခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခြင်းတို့ကြောင့် ဇွန် ၂၅မှ ၂၉ ရက်အထိ ကျောက်မဲမြို့တွင် ၁၂ ဦး၊ မိုးကုတ်မြို့တွင် ၅ ဦးနှင့် နောင်ချို မြို့တွင် ၂ ဦး စုစုပေါင်း ၁၉ ဦးသေဆုံးခဲ့ပြီး ၂၃ ဦးခန့် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း၊ သေဆုံးသူအများစုမှာ ကျောက်မဲမြို့ မှဖြစ်ပြီး TNLA နှင့် ဒေသလူမှုကယ်ဆယ်ရေးအဖွဲ့များ၏ စာရင်းများက ဖော်ပြသည်။
အလားတူ ကျောက်မဲလူမှုကူညီရေး အဖွဲ့များ အဆို အရ ဇွန်လ ၂၈ ရက်ညပိုင်းအထိ အရပ်သားနှင့် နှစ်ဖက်တပ်ဖွဲ့ဝင်များ အပါအဝင် ၂၇ ဦးကို သဂြိုလ်ပေးပြီးကြောင်း သိရသည်။
ထိုးစစ် ၄ ရက်မြောက်ရှိလာသည့် ဇွန်လ ၂၈ ရက်တွင် ကျောက်မဲနှင့် နောင်ချိုမြို့တို့ကို TNLA နှင့်ပူးပေါင်းတပ်များက ထိန်းချုပ်ထားပြီး မိုးကုတ်မြို့၌ အနောက်ပိုင်းမြို့တွင်းအထိ ထိုးဖောက်ဝင်ရောက်နေပြီ ဖြစ်သည်။
ကျောက်မဲ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ တာဝန်ရှိသူတဦးက “လေယာဉ်က ဒီနေ့ တနေကုန် ဝဲနေတာ။ မနက် ၆ နာရီ ကတည်းက၊ ပြီးတော့ အတွဲလိုက်ကို ချနေတာ။ ဗုံးချတာ တခါချရင် ၁၀ လုံးလောက်။ ထိခိုက်တာက တမြို့လုံးပါပဲ၊ အနည်းနဲ့ အများပဲ ကွာမယ်။ မြို့ထဲပိတ်မိနေကြတော့ ဗုံးခိုကျင်းထဲမှာပဲ နေရတယ်။ ကျနော်တို့လည်း ထွက်မရဘူး”ဟု ပြောသည်။

အချင်းချင်း သတင်းဖလှယ်သည့် ကျောက်မဲမြို့သူ မြို့သားများ၏ လူမှုကွန်ရက်များတွင် လူနေရပ်ကွက်များအပေါ် ဗုံးများ ကြဲချနေသဖြင့် သာသနိက အဆောက်အအုံများ ပျက်စီးကြောင်း၊ မြို့လူထု ကြောက်ရွံတုန်လှုပ်၍ ပုန်းအောင်း နေရ ကြောင်း၊ မြို့မှ ထွက်ခွာရန် မလွယ်ကူသည့် အခြေအနေကြောင့် ပိတ်မိနေပြီး ထွက်ပြေးရန် မရသည့် အခြေအနေတွင် လက်လျော့လိုက်ရသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ အကြောင်းကို အချိန်နှင့် အမျှ ဖော်ပြထားသည်ကို တွေ့ရသည်။
ယနေ့ လတ်တလောတွင်ပင် ကျောက်မဲမြို့ ၈ ရပ်ကွက် အမှတ် ၁ အထက်တန်းကျောင်းရှေ့ လမ်းအတွင်း လက်နက်ကြီး ကျသဖြင့် သေဆုံးမှုများရှိသည့် အတွက် နာရေးကူညီမှုကားကို အကူအညီပေးရန် တောင်းခံမှု တွေ့ နေရသည်။
ကျောက်မဲမြို့ခံ အမျိုးသားတဦးက “ထိခိုက်သေဆုံးတဲ့သတင်းက နေ့တိုင်း ကြားနေရတယ်။ မြို့ပေါ်မှာ တထိတ်ထိတ် တလန့်လန့်ပဲ။ ဘယ်အချိန် ကိုယ်ခေါင်းပေါ်ကျမလဲ၊ ထမင်းစားတောင် မဖြောင့်တော့ဘူးလေ။ မနေ့ညက ပိုဆိုးတယ် ဒရုန်း တွေနဲ့ဗုံးလာကြဲတာ။ မှောင်မဲနေပြီဗျာ၊ သူတို့ပစ်မှတ်ဘယ်လိုရှာပြီး ဘယ်လိုကြဲလဲတော့မသိဘူး။ အုံးခနဲ့ကျလိုက်တာ ကိုယ်နားလေး တုန်သွားတာ။ ဗုံးတွေရော ဘယ်လိုလက်နက်တွေလဲ မသိဘူး တဒုန်းဒုန်းနဲ့ကျနေတာ “ဟု ပြောသည်။
တိုက်ပွဲစသည့် ဇွန် ၂၅ရက် နံနက်မှာပင် မြို့ပေါ် ရပ်ကွက်များဖြစ်သည့် ၁၊ ၇၊ ၉နှင့် ဇောတိက ရပ်ကွက်၊ အခွန်လွတ်ဈေး အနီး လက်နက်ကြီးကျကာ အမျိုးသား ၂ဦး အမျိုးသမီး ၁ဦး သေဆုံးခဲ့ရသည်။

ကျောက်မဲမြို့ ဇီဝိတလူမှုကူညီမှုအသင်းမှ တာဝန်ရှိသူတဦးက “ကျနော်တို့ ကျောက်မဲက လူမှုရေးအသင်းတွေ မနေ့ကထိ ၂၁ လောင်း သဂြိုလ်ပေးထားတယ်။ တပ်ဖွဲ့ဝင်တွေလည်းပါတာပေါ့။ သေဆုံးစာရင်းတွေက တိတိကျကျ မရသေးဘူး။ ကျန်တဲ့နေရာတွေလည်း ကျန်သေးတယ်” ဟု ပြောသည်။
တအာင်းအမျိုးသမီးအဖွဲ့အစည်းကလည်း တိုက်ပွဲ ၃ရက်မြောက်နေ့အထိ အရပ်ဘက်၊ စစ်ဘက်အပါအဝင် သေဆုံးသူ ၂၁ ဦးရှိကြောင်း ဇွန်လ ၂၇ ရက်တွင် ဖော်ပြထားသည်။
မြိ့ခံများ၏ အဆိုအရ TNLA ပူးပေါင်းတပ်ဖွဲ့ဝင်များက ကျောက်မဲမြို့ထဲ နေရာယူထားသလို စစ်ကောင်စီတပ်ကလည်း မြို့၏ နေရာစုံအား ပစ်မှတ်ထား တိုက်ခိုက်နေသည်ဟု သိရသည်။
၂၀၁၉ သန်းခေါင်စာရင်းအရ ကျောက်မဲမြို့နယ်တွင် လူဦးရေ ၁၇၁,၉၃၀ ရှိပြီး မြို့ပေါ်၌ ရပ်ကွက် ၂၀၊ ကျေးရွာ ၃၇၀ ရှိကာ ရှမ်းလူမျိုးများနှင့် ပလောင်လူမျိုး အများဆုံးနေကြသည်။ အလားတူနောင်ချိုမြို့နယ်တွင် လူဦးရေ ၁၂၈,၄၀၀ ရှိပြီး ရှမ်း၊ ဓနုနှင့် ဗမာလူမျိုူများ အများဆုံးနေထိုင်ကြပြီး မြို့ပေါ်ရပ်ကွက် ၆ ခုရှိကာ အိမ်ခြေ ၃၃၀၈ ရှိသည်။
ကျောက်မဲနှင့် နောင်ချိုမြို့တွင် အရပ်သားအများစု တိုက်ပွဲအတွင်း ပိတ်မိနေပြီး နီးစပ်ရာသို့ ကြိုတင်ရှောင်နိုင်သူမှာ ထောင်ထောင်ဂဏန်းမျှသာ ရှိနိုင်သည်ဟု ဒေသခံများနှင့် ကူညီပေးနေသူများထံက သိရသည်။
မန္တလေး၊ သီပေါလမ်းဘက်သို့ ထွက်မရ၍ ဒေသခံတချို့က တောလမ်း၊ ရွာလမ်းများမှတဆင့် နီးစပ်ရာနေရာများသို့ ရှောင်နေကြသလို အင်တော၊ ကျောက်ဂူလမ်းဘက်သို့ ထွက်ပြေးသူတို့အပြင် မန္တလေးသို့ နည်းလမ်း အသွယ်သွယ်ဖြင့် ထွက်ပြေးရန် ကြိုးစားနေသူများလည်း ရှိသည်။
အလားတူ ကျောက်မဲနှင့် ၇၈ မိုင်ဝေးသည့် မိုးကုတ်မြို့တွင်လည်း ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေရာ ဒေသခံအများစု မြို့တွင်း ပိတ်မိနေပြီး ထိခိုက်သေဆုံးမှုများလည်း ရှိနေသည်။
ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၈၅၀ ရှိသည့် မိုးကုတ်မြို့သည် မန္တလေးတိုင်း ပြင်ဦးလွင် ခရိုင်တွင် ပါဝင်ပြီး ၁၃၈မိုင် ရှိသည့် ကျောက်မဲ- မိုးကုတ်- မိုးမိတ်- သပိတ်ကျင်း လမ်းကိုသုံးနိုင်သလို ပြင်ဦးလွင်မှလည်း သွားရောက်နိုင်သည်။
မိုးကုတ်မြို့မှ ဒေသခံအမျိုးသမီးတဦးက “ဒေသခံတွေ ရှောင်မရကြဘူး။ မိုးကုတ်ကနေထွက်ဖို့ ၃ လမ်းပဲရှိတာ မိုးမိတ် ဘက် သွားတဲ့ လမ်းလည်း သွားမရဘူး။ တဘက်က မိုင်းလုံသွားတဲ့လမ်းကြောင်းကလည်း စကစဘက်က တောက်လျှောက် ဗုံးကြဲထားတာ။ မန်းလေးဘက်သွားတဲ့ လမ်းကလည်းတိုက်ပွဲတွေ ဖြစ်နေတာ “ဟု ပြောသည်။

မိုးကုတ်အနောက်ပိုင်းကို ပူးပေါင်းတပ်များက မြို့တွင်းအထိ ထိုးစစ်ဆင်နေသောကြောင့် စစ်ကောင်စီသည် အရှေ့ခြမ်း မှနေ၍ ဟောင်ဝစ်ဇာအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည့်အပြင် လေကြောင်းမှလည်း တိုက်ခိုက်နေ ကြောင်း ဇွန်လ ၂၈ ရက်တွင် မိုးကုတ်အနောက်ပိုင်း ရဲစခန်းကို ပူးပေါင်းတပ်များက ဆက်လက်ထိုးစစ်ဆင်နေကြောင်း ဒေသခံများက ပြောသည်။
လက်ရှိအနေအထားတွင် ဒေသခံများမှာ ကျန်ဒေသများသို့ ထွက်ပြေးတိမ်းရှောင်နိုင်ခြင်း မရှိသဖြင့် မိမိတို့ နေအိမ်များ အတွင်းတွင်သာ ပုန်းအောင်နေထိုင်ရကြောင်း သိရသည်။
မိုးကုတ်တွင် လက်ရှိတိုက်ပွဲများအတွင်း ကိုရင်တပါးအပါအဝင် ပြည်သူ ၄ ဦးသေဆုံး၍ ဒဏ်ရာရရှိသူ ၅ ဦးရှိကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများထံက သိရသည်။
၂၀၁၉ သန်းခေါင်းစာရင်းအရ မိုးကုတ်မြို့ပေါ်တွင် လူဦးရေ ၈၉,၈၅၅ ဦးရေရှိပြီး ဗမာ၊ ကချင်နှင့်ရှမ်းလူမျိုး အများဆုံး နေထိုင်ကြပြီး မြို့ခံအများစုမှာ တိုက်ပွဲအတွင်း ပိတ်မိနေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်တပ်များ အခြေစိုက်ရာ ပြင်ဦးလွင်နှင့် ၃၆ မိုင်ဝေးသည့် နောင်ချို့မြို့တွင်လည်း တိုက်ပွဲစသည့် ဇွန် ၂၅ရက် ညပိုင်း ကတည်းက TNLA ပူးပေါင်းတပ်များ မြို့ကို ထိန်းချုပ်ထားလိုက်ပြီး အနီးရှိ တပ်ရင်းများနှင့် အမြောက်တပ် ဒုံးတပ်များကို တိုက်ခိုက်နေရာ ယခုအခါ ခြေမြန်တပ်ရင်း ခမရ ၁၁၄၊ ခမရ ၁၁၅ တို့ကို ရရှိထားပြီးဖြစ်သည်။
You may also like these stories:
ကျောက်မဲအခြေစိုက် စစ်ကောင်စီတပ်ရင်းများကို TNLA ဝင်တိုက်နေ
စစ်တပ်နှင့်ပျူစောထီးတို့ မတ္တရာ၌ အင်အားဖြည့် ခံစစ်ပြင်
စစ်ကောင်စီ တပ်ရင်း ဌာချုပ်များ ကျရှုံးမှုကို ရေတွက်ကြည့်ခြင်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR